ညီညီညွတ်ညွတ်နှင့် သန့်ရှင်းသည့်နိုင်ငံရေးလမ်းစဉ်ကို သွားစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်စကား ပြောကြား

ညီညီညွတ်ညွတ်နှင့် သန့်ရှင်းသည့်နိုင်ငံရေးလမ်းစဉ်ကို သွားစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်စကား ပြောကြား
Published 20 June 2015
ဇာလီမြင့်ဦး

နိုင်ငံမည်ကဲ့သို့ ဆက်သွားမည်ကို ကြည့်ပါလျှင် ပြည်သူများက ညီညီညွတ်ညွတ်နှင့် သန့်ရှင်းသည့် နိုင်ငံရေးလမ်းစဉ်ကို သွားစေချင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၁၉ ရက်တွင် ကျရောက်သည့် သူ၏ နှစ် (၇၀) ပြည့်မွေးနေ့၌ ပြည်သူလူထုသို့ မွေးနေ့အထိမ်းအမှတ်စကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။ 
 
အဆိုပါ မွေးနေ့အထိမ်းအမှတ် စကားပြောကြားသည့် ရုပ်သံဖိုင်တွင် ဒေါ်အောင်ဆန်းစုကြည်က မိမိအား စေတနာ၊ မေတ္တာထားသည့်သူအားလုံးကို ကျေးဇူးတင်ကြောင်း ဦးစွာပြောကြားသည်။ 
 
ဒေါ်အောင်ဆန်းစုကြည်က “ဒီအနှစ် ၇၀အတွင်းမှာ စေတနာ၊ မေတ္တာရဲ့ တန်ဖိုးကို ကောင်းကောင်းကြီးသိခဲ့ရပါတယ်။ ကျွန်မတို့ နိုင်ငံရေးလုပ်ခဲ့ရတယ်ဆိုတာလည်း သိပ်လွယ်လွယ်နဲ့လုပ်ခဲ့ရတာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့လည်း ပြည်သူတွေရဲ့ မေတ္တာ၊ ကျွန်မတို့ကို ထောက်ခံသူများရဲ့စေတနာဟာ ကျွန်မတို့ရဲ့အင်အားဖြစ်ခဲ့တယ်ဆိုတာကို ငြင်းလို့မရပါဘူး။ ဒါကြောင့်မို့လို့ ကျွန်မတို့အခု ဆက်ပြီးတော့ ဒီနိုင်ငံ ဘယ်သွားမလဲလို့ကြည့်တဲ့အခါမှာ ကျွန်မတို့ ပြည်သူများဟာ ညီညီညွတ်ညွတ်နဲ့ သန့်ရှင်းတဲ့ နိုင်ငံရေးလမ်းစဉ်ကို သွားစေချင်ပါတယ်။ သန့်ရှင်းတဲ့ နိုင်ငံရေးဆိုတာ ရိုးရိုးလေးပြောတာပါ။ နိုင်ငံရေးဆိုတာ နိုင်ငံရေးပါပဲ။ နိုင်ငံရေးဆိုတာဟာ ဟိုလူတွေနဲ့ လုပ်နေရတဲ့ အလုပ်ဆိုတော့ ဒီခြောက်ပြစ်ကင်း သဲလဲစင်လို့ ပြောလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ သန့်ရှင်းတဲ့နိုင်ငံရေးဆိုတာ နံပါတ်တစ်ကတော့ ပြည်သူလူထုကို မလှည့်ဖြားတဲ့နိုင်ငံရေးမျိုး၊ နံပါတ်နှစ်ကတော့ ကိုယ့်ရဲ့ အဖွဲ့အစည်း ကိုယ့်ရဲ့လုပ်ငန်းတွေ အောင်မြင်ဖို့လုပ်တဲ့အခါမှာ တခြားလူတွေ ထိခိုက်နစ်နာအောင်လို့ မကောင်းတဲ့နည်းတွေ၊ မတရားတဲ့နည်းတွေ၊ မမှန်ကန်တဲ့နည်းတွေနဲ့ လုပ်တာကို ရှောင်ကြဉ်ဖို့ပဲ။ အဲဒီလိုလုပ်မှ ကျွန်မတို့ သန့်ရှင်းတဲ့ နိုင်ငံရေးရှိနိုင်မှာပါ”ဟု ပြောကြားသည်။ 
 
သန့်ရှင်းသည့် နိုင်ငံရေးရှိမှ မိမိတို့နိုင်ငံသည် ရှေ့တွင်ဆက်၍ အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက်ဖြင့် တိုးတက်နိုင်မှာ ဖြစ်ကြောင်း၊ ထို့ပြင် မွေးနေ့အတွက်ပြောသည့် စကားများသည် နိုင်ငံရေးစကားများသာ ဖြစ်သည်ကိုလည်း ရှောင်၍ မရကြောင်းနှင့် မိမိတို့ယခုလို မွေးနေ့အတွက်ပြောရသည့် အခြေအနေရလာသည်မှာလည်း နိုင်ငံရေးကြောင့်သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 
 
ထို့ပြင် ယခုနှစ်သည် ၂၀၁၅ ရွေးကောက်ပွဲများ ကျင်းပမည့်နှစ် ဖြစ်သည့်အတွက် အင်မတန်မှ အရေးကြီးသည့်အချိန်ကို ရောက်နေပြီဖြစ်ကြောင်း အဆိုပါရွေးကောက်ပွဲများ မှန်မှန်ကန်ကန် ရလဒ်ထွက်ဖို့ဆိုသည်မှာလည်း မိမိတို့နိုင်ငံအတွက် အင်မတန်အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။ 
 

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၇၀) ပြည့်နှစ် မွေးနေ့အခမ်းအနား ပြုလုပ်နေစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
 

“အခုအချိန်မှာ အဖွဲ့အသီးသီး ပုဂ္ဂိုလ်အသီးသီးက ရွေးကောက်ပွဲများမှာ အောင်မြင်ရေးအတွက် အောင်နိုင်ရေးအတွက် ကြိုးပမ်းနေကြပါတယ်။ ဒါကလည်း သဘာဝကျပါတယ်။ အားလုံးဟာ ကိုယ့်ရဲ့ယုံကြည်ချက်အရ ကိုယ့်ရဲ့အဖွဲ့အစည်း ကိုယ်ထောက်ခံတဲ့ ပုဂ္ဂိုလ်များနိုင်အောင်လို့ လုပ်ပေးစေချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ လုပ်ပုံကိုင်ပုံဟာ ကျွန်မတို့နိုင်ငံရဲ့အနာဂတ်အတွက် အင်မတန်မှ အရေးကြီးပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
၂၀၁၅ ရွေးကောက်ပွဲအပြီး မိမိတို့နိုင်ငံသည် မည်သို့သောအခြေအနေတွင် ရှိမည်ဆိုသည်မှာ ယခုနှစ်အတွက်သာမက နောက်နှစ်ပေါင်းများစွာအထိ ကျွန်မတို့နိုင်ငံအတွက် အဆုံးအဖြတ်ပေးမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 
 
“ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေကလည်း နိုင်ငံရေးပါတီတွေက ဘယ်လိုပဲပြောပြော၊ နိုင်ငံရေးလုပ်နေတဲ့ ပုဂ္ဂိုလ်တွေက ဘယ်လိုပဲပြောပြော ပြင်ပကမ္ဘာက ဘယ်လိုပဲပြောပြော ကိုယ့်ကိုယ်ကိုယ်ပြင်ယူမှရမှာပါ။ ကျွန်မတို့တွေက ကျွန်မတို့ အမြင်တွေ၊ ကျွန်မတို့ ဖြစ်စေချင်တာတွေ ပြောရမယ်ဆိုရင် ကျွန်မတို့ရဲ့ ဆန္ဒအိပ်မက်တွေကိုသာ ပြောပြနိုင်တာပါ။ ဒီဟာတွေ ကိုယ်တကယ် အကောင်အထည်ဖော်ဖို့ဆိုတာ ပြည်သူတွေပါမှဖြစ်မယ်။ အဓိကက ပြည်သူတွေပါပဲ”ဟု ပြောကြားသည်။
 
တိုင်းပြည်တစ်ပြည်သည် လွတ်လပ်သည့်နိုင်ငံအဖြစ် ၆၈ နှစ် ရပ်တည်ခဲ့ပြီးပြီဆိုပါက အဆိုပါတိုင်းပြည်၏ ဦးဆောင်မှုများကို သုံးသပ်နိုင်သည့်အချိန်ရောက်လာပြီဖြစ်ကြောင်း၊ တိုင်းပြည်သည် တိုးတက်ခဲ့ခြင်း ရှိ၊ မရှိ၊ နိုင်ငံသူ၊ နိုင်ငံသားများသည် မည်မျှအထိ လွတ်လပ်သည့်နိုင်ငံတွင် နေခြင်းအားဖြင့် ဘဝတွေ ပိုပြီးကောင်းလာသလဲဆိုတာတွေကို မိမိတို့ စမ်းသပ်ဆုံးဖြတ်နိုင်သည့်အချိန် ရောက်လာပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
“လူတစ်ယောက် အသက် ၇၀ ပြည့်တဲ့အခါကျရင် ဘယ်လောက်ဘဝမှာ တိုးတက်မှုရှိခဲ့သလဲဆိုတာ စမ်းသပ်ပြီးတော့ ဆုံးဖြတ်နိုင်သလိုပါပဲ။ ဒီလိုပေါ့။ ကျွန်မတို့ နိုင်ငံ ဘယ်အခြေအနေရောက်နေပြီလဲ။ ဘယ်အခြေအနေကို ဆက်သွားမလဲဆိုတာဟာ ဒီနှစ်မှာ ကျွန်မတို့ ပြည်သူလူထုတွေရဲ့ လုပ်ရပ်များကနေပြီးတော့ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် ရေရှည်ကိုကြည့်ပြီးတော့ လုပ်ကြပါ။ ကိုယ့်ရဲ့ လိုအပ်ချက်တွေကိုပဲ ကြည့်တာမဟုတ်ဘဲနဲ့ ကိုယ့်ပတ်ဝန်းကျင်ရဲ့ လိုအပ်ချက်တွေ၊ ကျွန်မတို့ လူသားတွေရဲ့ လိုအပ်ချက်တွေ၊ ကမ္ဘာကြီးရဲ့ လိုအပ်ချက်တွေကိုပါ ကြည့်ဖို့လိုပါတယ်”ဟု ပြောကြားသည်။
 
မိမိအနေဖြင့် နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင်ခဲ့သည်မှာ အနှစ်သုံးဆယ်ခန့်ရှိပြီ ဖြစ်ကြောင်း၊ အဆိုပါ အနှစ်သုံးဆယ်အတွင်း အဓိကရခဲ့သည့် သင်ခန်းစာများအရ လူတိုင်းလူတိုင်းသည် ကိုယ့်နိုင်ငံအတွက် လုပ်ပေးနေနိုင်သည့်အခြေအနေ၊ အနေအထားများရှိကြောင်းနှင့် မိမိတို့ ပြည်သူပြည်သားများသည် နိုင်ငံအပေါ်၊ ပြည်ထောင်စုကြီးအပေါ်တွင် စေတနာမေတ္တာများထားကာ ပျော်ပျော်ရွှင်ရွှင် ချောချောမွေ့မွေ့ဖြင့် ဆက်လက်၍ ညီညီညွတ်ညွတ် သွားနိုင်ပါစေကြောင်း ကြိုးစားပေးကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့သည်။ 
 

Most Read

Most Recent