အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော် အတည်ပြု

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 19 June 2015

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဇွန် ၁၈ တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ကျောင်းသားများတောင်းဆိုချက် အများစု မပါဝင်ဘဲ ဆက်စပ်ဥပဒေများ ပြဋ္ဌာန်းပါက ထပ်မံတောင်းဆိုမှုများ ပြုလုပ်ကြရန် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောကြားသည်။အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ပြည်သူ့လွှတ်တော်က အချက်ပေါင်း ၄၅ ချက်အား ပြန်လည်ပြင်ဆင်ခဲ့ပြီး အဆိုပါ ၄၅ ချက်အနက် ၂၁ ချက်မှာ စကားရပ် အသုံးအနှုန်းသာ ပြောင်းပြီး အနှစ်သာရ မပြောင်းသဖြင့် အမျိုးသားလွှတ်တော်က အဆိုပါ ၂၁ ချက်ကို ပြည်သူ့လွှတ်တော် သဘောထားအတိုင်း လက်ခံခဲ့ပြီး ကျန် ၂၄ ချက်မှာ လွှတ်တော်နှစ်ရပ်ကြား သဘောထားကွဲလွဲခဲ့ခြင်းဖြစ်သည်။“၂၄ ချက်က လိုက်လျောလို့ မရဘူး။ ကတိကဝတ်။ အမျိုးသားလွှတ်တော်သည် ဒီကျောင်းသားတင် မဟုတ်ဘူးပေါ့နော်။ ဒီကြားနာခဲ့စဉ်က ရပ်တည်ထားတဲ့ ရပ်တည်ချက်ကို အန်ကယ်တို့က ပြင်လို့မရဘူး။ ဒါကြောင့်မို့လို့ အန်ကယ်တို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဟာ အမျိုးသားလွှတ်တော်ရဲ့ကိုယ်စား ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ရှုံးတာနိုင်တာကတော့ သဘောသဘာဝအတိုင်း လွှတ်တော်ဖွဲ့စည်းပုံကိုက ၄၄၀ နဲ့ ၂၂၄ ဆိုတော့ နှစ်ဆတစ်ဆဖွဲ့ထားတော့ ရှုံးမယ်ဆိုတာ သိပြီးသား။ ရှုံးမယ်သိတိုင်း ဘာလို့တင်လဲ။ တာဝန် ဆိုတာမျိုးက မရဘူး။ ကတိကဝတ် ဆိုတာမျိုးက မရဘူး။ ဒါကြောင့်မို့လို့ ဒီကတိကဝတ်အတိုင်း ရပ်တည်ခဲ့ပါတယ်” ဟု ဦးခင်မောင်ရီက ပြောကြားသည်။ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်သည့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် သမဂ္ဂစကားလုံး အသုံးအနှုန်းများအား ပယ်ဖျက်ခြင်း၊ အမှီအခိုကင်းသော ပညာရှင်များ စကားရပ်အစား ကျွမ်းကျင်ပညာရှင်များဟု ပြင်ဆင်ခြင်း၊ အစိုးရအဖွဲ့သည် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ကို ဖွဲ့စည်းရာ၌ ဆရာသမဂ္ဂများက ညှိနှိုင်းရွေးချယ်သော နိုင်ငံဝန်ထမ်းမဟုတ်သည့် ပညာရှင်နှစ်ဦးနှင့် ကျောင်းသားသမဂ္ဂများ ညှိနှိုင်းရွေးချယ်သော နိုင်ငံ့ဝန်ထမ်း မဟုတ်သည့် ပညာရှင်နှစ်ဦးဆိုသည့် အချက်အား ပယ်ဖျက်ခြင်း၊ နိုင်ငံတော်၏ ပညာရေးအသုံးစရိတ်ကို နိုင်ငံတော်အသုံးစရိတ် အားလုံး၏ ၂၀ ရာခိုင်နှုန်းအထိ ရောက်ရှိရေးအတွက် ရည်မှန်းချက်ထားရှိ ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းချက်များ ပါဝင်သည်။“ကျောင်းသားတွေ မဟုတ်ဘူးပေါ့လေ။ မကျေနပ်တဲ့သူတွေကို ပေးချင်တဲ့ မက်ဆေ့ချ်ကတော့ ဘာရှိလဲဆိုတော့ ပင်မအမျိုးသား ဥပဒေကြီးကတော့ ထွက်သွားပြီ။ ဘာလိုက်ရမလဲဆိုတော့ ဆက်စပ်ဥပဒေ၊ ကဏ္ဍအလိုက် ဥပဒေလိုက်ရမယ်။ တက္ကသိုလ်နဲ့ ပတ်သက်ရင် အဆင့်မြင့်ပညာ ဥပဒေဆိုတာ ထွက်လာလိမ့်မယ်။ အဲဒီအဆင့်မှာ ဆွေးနွေးကြဦး။ အကြံပြုကြဦး။ တောင်းဆိုကြဦး။ တောင်းဆိုနိုင်တဲ့ ဥပဒေဘောင်အတွင်းက တောင်းဆိုကြ။ အလားတူပဲ တက္ကသိုလ်အလိုက် ချာတာဆွဲအုန်းမယ်။ ပဋိညာဉ်စာတမ်း ခေါ်တယ်။ တက္ကသိုလ်မှာ ဘာလုပ်မယ်ဆိုတာ တက္ကသိုလ်အလိုက် ဆွဲကြဦးမယ်။ အဲဒီကျရင် တက္ကသိုလ်အလိုက် ကျောင်းသားတွေက ဥပဒေဘောင်အတွင်းက ဆွေးနွေးကြ။ တည်ငြိမ်အေးချမ်းစွာ ဒီမိုကရေစီနည်းနဲ့ တောင်းဆိုကြ” ဟု ၎င်းက ဆိုသည်။ထို့ပြင် ကျောင်းသားများ၏ တောင်းဆိုချက် ၁၁ ချက်တွင် အများစု မရရှိကြောင်း၊ အမျိုးသားလွှတ်တော်၏ ဆုံးဖြတ်ချက် ၅၁ ချက်တွင် တိတိကျကျ ရရှိခဲ့သည်မှာ ခြောက်ချက်သာဖြစ်ပြီး ၄၅ ချက်မှာ မရရှိခဲ့ကြောင်း၊ အဆိုပါ ၄၅ ချက်တွင် ကျောင်းသားများ တောင်းဆိုချက်များ ပါသွားနိုင်ကြောင်း ဦးခင်မောင်ရီက ပြောကြားသည်။

Most Read

Most Recent