အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ယခုလကုန်ပိုင်းတွင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးရန် NLD စီစဉ်

အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ယခုလကုန်ပိုင်းတွင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးရန် NLD စီစဉ်
Published 19 June 2015

အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ယခုလကုန်ပိုင်းတွင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဗဟိုမဲစာရင်း စိစစ်ရေးအဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဟိန်က ဇွန် ၁၈ ရက်တွင် ပြောကြားသည်။ဦးထွန်းထွန်းဟိန်က “ကျွန်တော်တို့လည်း လကုန်ပိုင်းလောက်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ထပ်ပြီးတော့ တွေ့ဖို့စီစဉ်ထားတယ်။ တွေ့ပြီးတော့ ကျွန်တော်တို့ ဒုတိယအဆင့် မဲစာရင်း ၂၂ မြို့နယ်နဲ့ ဆိုင်တဲ့ဟာတွေ၊ တွေ့ရတဲ့ဟာတွေကို တင်ပြပါမယ်။ ကျွန်တော်တို့ ၂၀ ရက်မှာ ဗဟိုကော်မတီ အစည်းအဝေး ရှိပါတယ်။ အဲဒီမှာ တွေ့မယ်ဆိုတာနဲ့ တစ်ပြိုင်နက် ကျွန်တော်တို့က CEC အစည်းအဝေးကို တင်ပြမယ်။ အဲဒီအခါ CEC က ဟုတ်ပြီတွေ့ပါ။ ဘယ်သူတွေကို ကိုယ်စားလှယ်အနေနဲ့ ခေါ်သွားမယ် ဆိုတာကတော့ CEC က ခွင့်ပြုတဲ့ အတိုင်းပေါ့” ဟု ပြောကြားသည်။အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်တို့သည် ဇွန် ၃ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ထိုသို့ တွေ့ဆုံစဉ်က ပထမအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်၌ ကြေညာခဲ့သည့် အခြေခံမဲဆန္ဒရှင်စာရင်း၌ NLD မဲစာရင်း စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များအရ မှားယွင်းမှုများနှင့် အားနည်းချက်များအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးအပ်ခဲ့သည်။“ဆရာတို့ လုပ်ငန်းစဉ်ထဲမှာ ထည့်ထားတာပေါ့။ ဒုတိယအကြိမ် ထပ်ပြီးတွေ့ရမယ်။ နောက်တတိယအကြိမ် မဲစာရင်းပြီးတဲ့အခါ ထပ်တွေ့ရမယ်။ နောက်စတုတ္ထအကြိမ် မဲစာရင်းကပ်ပြီးတဲ့ အခါမှာ ထပ်တွေ့ရမယ်ဆိုပြီး လုပ်ငန်းစဉ်ဆွဲထားတာပေါ့။ ဒီတစ်ခေါက် တွေ့ရှိချက်တွေကတော့ အရင် ၁၀ မြို့နယ်မှာ တွေ့တဲ့အချက်တွေ အတိုင်းပါပဲ။ အမှားတော်တော်လေး များတာပေါ့။ ဒါပေမဲ့ ဒီ ၂၂ မြို့နယ် ဖြစ်လာတဲ့အခါမှာ ၁၀ မြို့နယ်ထက် စာရင်တော့ သိပ်ပြီးတော့ အရင်တုန်းကလိုတော့ သိပ်မရှိပါဘူး” ဟု ဦးထွန်းထွန်းဟိန်က ဆက်လက်ပြောကြားသည်။NLD အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများနှင့် ပထမအကြိမ် တွေ့ဆုံရာတွင် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်တိကျရေး၊ နိုင်ငံသားများ၏ ရွေးကောက်ပိုင်ခွင့်နှင့် ရွေးကောက်ခံပိုင်ခွင့် အခွင့်အရေးများ ကာကွယ်ပေးရေးနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်လာစေရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း NLD က ထုတ်ပြန်ခဲ့သည်။ထို့ပြင် အခြေခံမဲစာရင်းများမှာ ခန့်မှန်းခြေအားဖြင့် ရာခိုင်နှုန်း ၃၀ မှ ၈၀ အထိ မှားယွင်းနေသည်ကို သိရှိရကြောင်း၊ မဲဆန္ဒရှင်စာရင်းများအား အများပြည်သူ ကြည့်ရှုရန် မလွယ်ကူသည့် နေရာများတွင် ကပ်ထားခြင်းများ ရှိနေကြောင်း စသည့်အချက်များကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ဇွန် ၃ ရက်တွင် တင်ပြခဲ့သည့် NLD ၏ အိတ်ဖွင့်ပေးစာတွင် ထည့်သွင်းတင်ပြခဲ့သည်။