ကုဋေနှစ်ဆယ် မပိုင်ကြသူများ

ကုဋေနှစ်ဆယ် မပိုင်ကြသူများ
Published 14 June 2015
■ မင်းသူဝင်းထွဋ်

အမေရိကန်ဒေါ်လာဈေးနှုန်း စံချိန်တင် မြင့်တက်သွားချိန်တွင် ကျွဲကူးရေပါဆိုသည့် စကားအတိုင်း ဆန်စပါးဈေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။ စပါးဈေးနှုန်းများ မြင့်တက်လာသော်လည်း စပါးအဓိက ထုတ်လုပ်သည့် တောင်သူများ၏လက်ဝယ်တွင် စပါးများ မရှိတော့ပေ။ စပါးဈေးနှုန်း မြင့်တက်လာခြင်းဟာ တောင်သူများနှင့် မသက်ဆိုင်တော့။ တောင်သူများနှင့် သက်ဆိုင်နေသည်က စိုက်ပျိုးစရိတ်သွင်းအားစု အကြွေးအမြီများသာ။
 
ရှေးယခင် တောင်သူကြီးများတွင် ကိုယ်စီပိုင်ဆိုင်သော ဝမ်းစာစပါး၊ မျိုးစပါးများ ထားရှိနိုင်ကြသည်။ ရာသီချိန်မရွေး အသုံးပြုနိုင်ရန် သိုလှောင်ထားသည့် စပါးကျီဆိုသည့် စပါးသိုလှောင်ရာ အဆောက်အအုံများ ကိုယ်စီရှိကြသည်။ စပါးကျီမရှိသည့် တောင်သူမရှိ။ စပါးကျီတစ်ခုကိုလည်း လွယ်လွယ်နှင့် တည်ဆောက်ခြင်းမဟုတ်။ ဝါးအရင့်အမာများ ဓနိအရင့်များကိုသာ ရွေးချယ်ပြီး နှစ်ကာလကြာရှည်စွာ တည်မြဲနိုင်အောင် တည်ဆောက်ကြလေသည်။ စပါးကျီတစ်ခုတွင် စပါးဘယ်လောက်ဆန့်ဝင်အောင် တည်ဆောက်ရသည်ကို ရှေးခေတ်တောင်သူကြီးများ ဒက်ထိသိကြရသည်။ စပါးကျီတစ်ခုတွင် ရှေးတွတ်ချက်မှုနည်းများအရ စပါးစေ့ပေါင်း ၂၀၉,၇၁၅,၂၀၀ စေ့ ပါဝင်ပေသည်။
 
ယခုခေတ်ကဲ့သို့ ချိန်တွယ်ရန် ကတ္တားများ မရှိချိန်တွင်မူ တောင်သူကြီးများ၏ တွက်ချက်မှုမှာ စနစ်ကျလှပေသည်။ ယောကျ်ားကြီးများ လက်တစ်ဆုပ်တွင် စပါးစေ့နှစ်ရာ အနည်းဆုံး ပါဝင်ပေရာ။ လက်တစ်ဆုပ်စာ စပါးစေ့များမှ စတင်၍ တောင်သူကြီးများ မှတ်သားရေတွက်ပုံမှာ နှစ်လက်ဆုပ် တစ်လက်ပက်၊ နှစ်လက်ပက် တစ်လက်ခုပ်၊ နှစ်လက်ခုပ် တစ်စလယ်၊ နှစ်စလယ် တစ်ခွက်၊ နှစ်ခွက် တစ်ပြည်၊ နှစ်ပြည် တစ်စရွက်၊ နှစ်စရွက် တစ်စိတ်၊ နှစ်စိတ် တစ်ခွဲ၊ နှစ်ခွဲ တစ်တင်း၊ လေးတင်း တစ်တို့၊ လေးတို့ တစ်ပုတ်၊ လေးပုတ် တစ်ကက်၊ လေးကက် တစ်ကျ၊ လေးကျ တစ်ကျီဟု တွက်ချက်သည်ဟု မှတ်သားဖူးသည်။ လက်တစ်ဆုပ်စာ စပါးစေ့လေးရာစေ့မှ စတင်ရေတွက်သော် စပါးကျီတစ်ခုတွင် စပါးစေ့ပေါင်း ၂၀၉၇၁၅၂၀၀ စေ့ ပါဝင်ပေသည်။ အဆင်းရဲဆုံးဟုဆိုသော တောင်သူတစ်ဦးမှာတောင်မှ ယခင်ခေတ်များက စပါးတစ်ကျီ စပါးစေ့ပေါင်း ကုဋေနှစ်ဆယ်ကျော်ကို ပိုင်ဆိုင်ခဲ့ကြလေသည်။
 

 
တောင်သူတစ်ဦးတွင် စပါးကျီပိုင်ဆိုင်မှုကို ကြည့်ရုံဖြင့် အဆိုပါတောင်သူ၏ အခြွေရံ သင်းပင်းပေါများမှု မိသားစုဘ၀ စိုပြည်မှု လယ်ဧကပိုင်ဆိုင်မှုကို ဆုံးဖြတ်နိုင်ပေသည်။ လယ်ဧကများစွာ ပိုင်ဆိုင်သည့် တောင်သူကြီးများမှာ စပါးကျီပေါင်းများစွာကို တည်ဆောက်ထားကြပြီး အခြွေအရံများအား ထောက်ပံ့ခြင်း မှီခိုလုပ်သားများအား လုံလောက်စွာ ထောက်ပံ့ခြင်းများ ပြုလုပ်ကြပေသည်။
 
ယနေ့ခေတ် တောင်သူကြီးများမှာတော့ ခေတ်ကာလ ဖွံ့ဖြိုးတိုးတက်လာသည့် အားလျှော်စွာ စပါးကျီများကို လွန်စွာအားကိုးအားထား မပြုကြတော့။ စပါးကျီများအစား ပီနံအိတ်များကိုသာ အစားထိုး သုံးစွဲလာကြလျက် ရှိနေသည်။ ခေတ်ကာလ ဘယ်လောက်ပင် ဖွံ့ဖြိုးတိုးတက်လာလာ တောင်သူတစ်ဦးအတွက် အရေးကြီးသည်မှာ ဝမ်းစာစပါးနှင့် မျိုးစပါးများပင်ဖြစ်သည်။ စပါးကျီမှာတွင် သိမ်းသိမ်းပီနံအိတ်များဖြင့်သာ သိမ်းသိမ်းတောင်သူမှန်လျှင် ဝမ်းစာစပါးနှင့် မျိုးစပါးအတွက် စပါးစေ့ကုဋေနှစ်ဆယ်ကျော်ကိုတော့ သိမ်းဆည်းထားရမည်သာပင်။
 

 
သို့သော် ယနေ့ခေတ် တောင်သူကြီးများမှာ လက်တွေ့ဘဝများတွင် စပါးစေ့ကုဋေနှစ်ဆယ်ကျော် ဆိုသည်ကို ရိတ်သိမ်းပြီးချိန်များမှာတွင်သာ မြင်တွေ့ရလျက် လက်ဝယ်မပိုင်ဆိုင်နိုင်ကြတော့။ စပါးသိမ်းပြီးသည်နှင့် ရင်ဆိုင်ကြုံတွေ့ရသည်က စိုက်ပျိုးရေးဆေးဝါးများ အကြွေးများ မြေဆီမြေသြဇာဖိုး အကြွေးများ၊ ယင်းနောက်မှာတွင်တော့ စိုက်ပျိုးစရိတ်အတွက် အစိုးရမှ ထုတ်ပေးထားသည့် စိုက်ဘဏ်ချေးငွေများပင်ဖြစ်သည်။ တောင်သူများလက်ဝယ် စပါးများ လှိုင်ချိန်ဆိုလျှင် သွင်းအားစုများ ကုန်ကျစရိတ်ကာမိရုံ စပါးဈေးများဖြင့် တောင်သူများ၏ စပါးများမှာ ကုန်သည်များ၏ လက်ဝယ်သို့ ရောက်ရှိရလေတော့သည်။
 
နှစ်စဉ်အမြတ်အစွန်း ကျဲပါးလှသည့် တောင်သူများအတွက် သုံးနှစ်လျှင်တစ်ကြိမ် ခန့်ကြုံတွေ့ရသည်က ရာသီအဖျက်နှင့် ပိုးမွှားအဖျက်များပင်။ ဘာကြောင့်ပဲ လယ်ပျက်ပျက် လယ်ပျက်သည်နှင့် အရှုံးနှင့် ရင်ဆိုင်ရပြီး တစ်နှစ်တာအရှုံးက သုံးနှစ်တာခန့် ပြန်လည်ပေးဆပ်မှသာ ကျေနိုင်ကြသည်သာပင်။ နောက်ဆုံးတွင်တော့ တောင်သူများ၏ဘဝမှာ စပါးကျီမသိ၊ ဝမ်းစာမရှိ၊ မျိုးစပါးမချန်နိုင်သည့် ဘဝများကို ရင်ဆိုင်လာကြရတော့သည်။ စပါးကျီဝေးစွ မျိုးစပါးဝေးစွ ဝမ်းစာစပါးကိုပင် ပြည်ချိန်ဖြင့် ပြန်လည်ဝယ်ယူ စားသောက်နေရသည့် တောင်သူများဘဝကတော့ ရင်နာစရာပင်။
 
စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလိုက်ရုံဖြင့် အစိုးရပိုင်းက တာဝန်ကျေပြီဟု မှတ်ယူထားသည်ဟု မေးခွန်းထုတ်စရာပင် ဖြစ်နေခဲ့ပြီး စိုက်ပျိုးရေးဌာန၏ အလုပ်လုပ်ပုံမှာ အားနည်းချက်များ များစွာနှင့်ပင်။ ဖြစ်ပေါ်လာနိုင်သည့် ရာသီဖောက်ပြန်မှုအလိုက် တောင်သူများကို ရွေးချယ်စိုက်ပျိုးနိုင်ရန် မျိုးစပါးနည်းပညာများ လက်တွေ့ဖြန့်နိုင်မှုမရှိ၊ ကျရောက်လာသည့် ပိုးမွှားရောဂါများနှင့် ကျရောက်နိုင်သည့် ပိုးမွှားရောဂါများအတွက် ဆေးဝါးများ နည်းပညာများ ပံ့ပိုးကူညီမှု နည်းပါးနေလျက်ပင်။ ဆိုးရွားလွန်းလှသည့် အချက်မှာတော့ စပါးဈေးနှုန်း အာမခံချက်ကို မပေးထားနိုင်ခြင်းဖြစ်ပြီး ကိုယ်စိုက်ပျိုးသည့် လယ်၊ အချိန်တန် ရိတ်သိမ်းချိန်ရောက်သည့်တိုင်အောင် ကိုယ့်အတွက် အမြတ်အစွန်းဆိုသည်ကို မျှော်မှန်းမထားနိုင်သည့် ယနေ့ခေတ် တောင်သူများအတွက်တော့ ကုဋေနှစ်ဆယ်ဆိုသည်ကို မပိုင်နိုင်ကြတော့သည်မှာ ကြာမြင့်လာလျက်ပင်။

Most Read

Most Recent