ပန်ဆန်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးသို့ အဖွဲ့အစည်းအချို့ကို မဖိတ်ကြားခဲ့မှုအပေါ် UWSA ကိုယ်စားလှယ်ရှင်းလင်း

ပန်ဆန်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးသို့ အဖွဲ့အစည်းအချို့ကို မဖိတ်ကြားခဲ့မှုအပေါ် UWSA ကိုယ်စားလှယ်ရှင်းလင်း
Published 8 May 2015
မင်းသီဟဇော်၊ အောင်ဇော်ထွန်း

ရှမ်းပြည်နယ် "ဝ" ဒေသ ပန်ဆန်းမြို့တွင် မေ ၁ ရက်မှ ၆ ရက်အထိကျင်းပခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ကို မဖိတ်ကြားဘဲ ချန်လှပ်ခဲ့မှုအပေါ် မီဒီယာများ၏မေးမြန်းမှုကို မေ ၆ ရက်ညပိုင်းက ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSP/UWSA) ဗဟိုရုံးအတွင်းရေးမှူး ဦးအောင်မြင့်က ရှင်းလင်းမှုပြုလုပ်ခဲ့ပြီး နောင်တွင် အဖွဲ့အစည်းအားလုံးပါဝင်သည့် အစည်းအဝေးပြုလုပ်သွားမည်ဟု အစည်းအဝေးကထုတ်ပြန်ကြေညာခဲ့ကြောင်း ပြောကြားခဲ့သည်။ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများအကြား ညီညွတ်ရေးရရှိရန် ရည်ရွယ်ကျင်းပခဲ့သည်ဟုဆိုသည့် ပန်ဆန်းထိပ်သီးခေါင်းဆောင်များအစည်းအဝေးသို့ တိုင်းရင်းသားအဖွဲ့အစည်းအားလုံးကို မဖိတ်ကြားခဲ့ခြင်းသည် တိုင်းရင်းသားအဖွဲ့အစည်းများအကြား စိတ်ဝမ်းကွဲမှုအခြေအနေဖြစ်ပေါ်လာနိုင်ခြင်း ရှိ မရှိနှင့် အိန္ဒိယနယ်စပ်အခြေစိုက်အဖွဲ့အစည်များဖြစ်သည့် CNF အပါအဝင် အဖွဲ့အစည်းများအား မဖိတ်ကြားရခြင်း၏အကြောင်းရင်းကိုမေးမြန်းရာ ဦးအောင်မြင့်က ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ဦးအောင်မြင့်က "ကျွန်တော်တို့က တိုင်းရင်းသားစည်းလုံးညီညွတ်မှုပျက်ပြားအောင် ဒီလိုလုပ်လိုက်တယ်ဆိုတဲ့ အတွေးအမြင် အပြောအဆိုတွေ ထွက်လာတာရှိတယ်။ ဒါပေမဲ့ တကယ်မှာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့မဟုတ်ဘူးဆိုတဲ့အကြောင်းကလည်း ဒီတစ်ကြိမ်ရဲ့ အစည်းအဝေးရဲ့ ထုတ်ပြန်ကြေညာချက်မှာလည်း လေ့လာလိုက်လို့ရှိရင် သိပါတယ်။ ဒီတစ်ကြိမ်အစည်းအဝေးက အပြီးသတ်လည်းမဟုတ်ဘူး။ အပြီးသတ်လည်းမဖြစ်နိုင်ဘူး။ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု၊ တိုင်းပြည်ရဲ့အခြေအနေဖြစ်ပေါ်တိုးတက်မှုက အချိန်မရွေးပြောင်းလဲနေတာရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေက နိုင်ငံရေးပြောင်းလဲမှုအခြေခံအပေါ်မှာ မူတည်ပြီးတော့ အစည်းအဝေးတွေက တစ်ခုပြီးတစ်ခု ဆက်နေဦးမှာပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီတစ်ခါထုတ်ပြန်ကြေညာချက်ထဲမှာလည်းပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအားလုံးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်း၍ တိုင်းရင်းသားအခွင့်အရေးများ တရားဝင်ရရှိနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်သွားမည်ဖြစ်ကြောင်း ဒီဟာကိုလည်း သဘောတူညီချက်တစ်ချက်အနေနဲ့ ဒီတစ်ခါအစည်းအဝေးမှာ ဆုံးဖြတ်တယ်။ ဒီတော့ နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်းကိုသွားပြီဆိုကတည်းက တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံး အထူးသဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ တက်လျှောက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်တဲ့ အစည်းအဝေးဖြစ်သင့်တယ်" ဟုပြောကြားသည်။ဆက်လက်၍ ဦးအောင်မြင့်က "ကျွန်တော်တို့ဒေသကိုယ်တိုင်က ကိုယ်က နယ်စွန်နယ်ဖျားဖြစ်တယ်။ သူတို့အိန္ဒိယဟိုဘက်လည်း ကျွန်တော်တို့ပေါက်ရောက်မှုကနည်းတယ်။ ဆက်သွယ်မှု ဆက်ဆံမှုကနည်းတယ်။ မရှိသလောက်ဖြစ်တယ်။ ဒါကြောင့်မို့ ဒီကိစ္စလေးတွေက  အပြန်အလှန် သူ့အကျိုးကြောင့် ကိုယ့်အကျိုးကြောင့် သူ့အခြေအနေ ကိုယ့်အခြေအနေကလည်း သိပ်ပြီးတော့ ကျွမ်းကျင်နားလည်မှုကမရှိဘူး။ ဒါက ကျွန်တော်တို့ "ဝ" အဖွဲ့ကိုပြောတာ။ အခြားအဖွဲ့ကိုပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ အိန္ဒိယနယ်စပ်ဘက် ဘယ်အခါမှမရောက်ခဲ့ဘူး။ ဒါကြောင့်မို့ သိပ်ပြီးတော့ ထိတွေ့မှုနီးစပ်မှုမရှိတဲ့အတွက်ကြောင့် ဒါကလည်း တစ်ကဏ္ဍတစ်မျိုးပေါ့ဗျာ။ နောက်တစ်ခုက ကျွန်တော်တို့ ဒီအစည်းအဝေးခေါ်ယူတာက ဆုံးဖြတ်ချက်ကိုက အဖွဲ့အစည်းအင်အားနည်းနည်းပိုရှိတဲ့ ဆုံးဖြတ်ချက်ပေးနိုင်မယ့်အဖွဲ့အစည်းကို အရင်စုမယ်။ ပြီးလို့ရှိရင် ဒီကိစ္စတွေဖြေရှင်းရာမှာ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေဘာတွေ အကုန်လုံးဆောင်ရွက်ဖို့ ခေါ်ဖို့ရှိတယ်။ ဒီတော့ ဒီအစည်းအဝေးရဲ့ နောက်ဆုံးဆုံးဖြတ်ချက် နံပါတ် ၁၂ မှာလည်း ကျွန်တော်တို့လာမယ့် မကြာခင်မှာ လိုအပ်တဲ့နိုင်ငံရေးဆွေးနွေးမှုဆောင်ရွက်နိုင်ဖို့အတွက် ရှိသမျှလက်နက်ကိုင်အဖွဲ့အစည်း တိုင်းရင်းသားအဖွဲ့အစည်းတွေကို အားလုံးဖိတ်ပြီးတော့ ထပ်တစ်ခါဆွေးနွေးပွဲကျင်းပဖို့ နိုင်ငံရေးဆွေးနွေးပွဲ ဘယ်လိုလျှောက်လှမ်းကြဖို့ ဒါကိုဆွေးနွေးဖို့လည်း ကျွန်တော်တို့ကြေညာထားတာရှိပါတယ်။ ဒါကြောင့်မို့ ဘယ်အဖွဲ့အစည်းကို ဘာဖြစ်လို့ သူဟိုဘက်ကို နီးနေလို့လား၊ ကိုယ်ကမခေါ်ဘူး မဖိတ်ဘူးဆိုတာ မဟုတ်ပါဘူး။ ခုနက ကျွန်တော်တို့ရဲ့ပကတိအခြေအနေလေးတွေကြောင့် တချို့အဖွဲ့အစည်းတွေလည်း မဖိတ်ထားဘူး။ မပါလာဘူး။ ဒါကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့ကို အထင်သေးတာ မနှစ်မြို့လို့လားမဟုတ်ပါဘူး။ ဘာမှမဆိုင်ပါဘူး" ဟု ရှင်းလင်းပြောကြားသည်။UWSP/UWSA က ကြီးမှူးကာ KIO နှင့် NDAA တို့က အထောက်အကူပြုစီစဉ်ကျင်းပခဲ့သည့် အဆိုပါထိပ်သီးခေါင်းဆောင်များအစည်းအဝေးသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့သာ တက်ရောက်ရန်ရွေးချယ်ဖိတ်ကြားခဲ့ပြီး အစိုးရနှင့် အပစ်ရပ်စဲရေးဆောင်ရွက်ထားသည့်အပြင် လိုင်ဇာထိပ်သီးညီလာခံက ဖွဲ့စည်းပေးလိုက်သည့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်လည်းဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ် (ALP) တို့အပါအဝင် အဖွဲ့အစည်းရှစ်ဖွဲ့ကို မဖိတ်ကြားခဲ့ပေ။

Most Read

Most Recent