မလေးရှား အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကာလအတွင်း ရိုဟင်ဂျာ ဘင်္ဂါလီအရေး ဖိအားပေးမှုများ ရှိသော်လည်း ဆွေးနွေးရန် အကြောင်းမရှိဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး တုံ့ပြန်

မလေးရှား အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကာလအတွင်း ရိုဟင်ဂျာ ဘင်္ဂါလီအရေး ဖိအားပေးမှုများ ရှိသော်လည်း ဆွေးနွေးရန် အကြောင်းမရှိဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး တုံ့ပြန်
Published 26 April 2015
နေထွန်းနိုင်၊ နေသီဟ

မလေးရှားနိုင်ငံ၌ ပြုလုပ်နေသော ၂၆ ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေး ကာလအတွင်း ရိုဟင်ဂျာဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ဖိအားပေးမှုများ ရှိသော်လည်း ဆွေးနွေးရန် အကြောင်းမရှိဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တုံ့ပြန်ပြောကြားလိုက်သည်။ဧပြီ ၂၆ ရက်က ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာ၌ ပြုလုပ်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး The Daily Eleven နှင့် တွေ့ဆုံချိန်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။“ဆွေးနွေးစရာ အကြောင်းမရှိပါဘူး။ ဒီကိစ္စသည် ပြည်တွင်းရေးဖြစ်တယ်။ ဒီလူမျိုးရဲ့ နာမည်နဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ အသိအမှတ်ပြုထားတာ မရှိဘူး” ဟု ဦးဝဏ္ဏမောင်လွင်က ပြောပါသည်။အကယ်၍ မလေးရှားနိုင်ငံ အပါအဝင် အခြားအာဆီယံ ခေါင်းဆောင်များက ရိုဟင်ဂျာဘင်္ဂါလီ အရေးကိစ္စကို ဆွေးနွေးရန် တင်ပြလာပါက မည်သို့ ရပ်တည်သွားမည်နည်းဆိုသော မေးမြန်းမှုကို “တင်လာစရာ အကြောင်းမရှိပါဘူး” ဟု  ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။၂၀၁၄ ခုနှစ် နိုဝင်လာလက မြန်မာနိုင်ငံ၌ ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြုလုပ်စဉ်ကလည်း ဘင်္ဂါလီရိုဟင်ဂျာအရေး ဖိအားပေးမှုများ ရှိခဲ့ပြီး အောင်မြင်မှု မရရှိခဲ့ပေ။ ယခု ၂၀၁၅ ခုနှစ်တွင် မလေးရှားနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီးနောက် ဘင်္ဂါလီရိုဟင်ဂျာ အမည်ခံများကို လက်ခံထားသည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် ယင်းကိစ္စရပ်ကို ဆွေးနွေးရန် ခြေလှမ်းပြင်ခဲ့ခြင်းဖြစ်သည်။မလေးရှား နိုင်ငံခြားရေးဝန်ကြီး အာနီဖာအာမင်က ဘင်္ဂါလီရိုဟင်ဂျာ ပြဿနာအား အာဆီယံဒေသတွင်း ဖြေရှင်းသင့်ကြောင်း ဧပြီ ၂၄ ရက်က သတင်းထောက်များကို ပြောဆိုခဲ့ပြီးနောက် ယခုပြုလုပ်မည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ကာလအတွင်း ရိုဟင်ဂျာဘင်္ဂါလီအရေး ဆွေးနွေးရန် ဖိအားပေးမှုများ စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။“ကျွန်တော်တို့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို မထိပါးပဲ ဒီပြဿနာ ကို အာဆီယံတွင်းမှာပဲ ဖြေရှင်းသွားမှာပါ။ နိုင်ငံတကာထိ မကူးစက်သွားခင် အကောင်းဆုံးနည်းလမ်းကို မြန်မာအစိုးရက ရှာဖွေသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။အာဆီယံထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်နေသော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယင်းသို့ ပြောဆိုခဲ့သည့်နည်းတူ မလေးရှားဝန်ကြီးချုပ်ဟောင်း အာမက်ဘာဒါဝီကလည်း ဘင်္ဂါလီရိုဟင်ဂျာများကို ကောင်းမွန်စွာဆက်ဆံရန် အာဆီယံ လူထုဖိုရမ်မှတစ်ဆင့် မြန်မာအစိုးရကို တောင်းဆိုခဲ့သည်။ထို့နောက် မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ဝန်ကြီးချုပ်ဟောင်းတို့၏ ပြောဆိုမှုကို အခြေခံပြီး မလေးရှားနိုင်ငံရှိ ဘင်္ဂါလီရိုဟင်ဂျာ အဖွဲ့အစည်း တစ်ရပ်ဖြစ်သည့် MRHROM အဖွဲ့က သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ဧပြီ ၂၆ ရက်က သတင်းထောက်များအား လိုက်လံဖြန့်ဝေခဲ့သည်။အဆိုပါ သတင်းထုတ်ပြန်ချက်၌ ဘင်္ဂါလီရိုဟင်ဂျာ အရေးကို မလေးရှားတွင် ပြုလုပ်နေသည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲ၌ ဆွေးနွေးကြရန် အာဆီယံခေါင်းဆောင်များကို တိုက်တွန်းသည့် အချက်များ ပါဝင်ခဲ့သည်။မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ယခုပြုလုပ်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ အစီအစဉ်များ၌ ဘင်္ဂါလီရိုဟင်ဂျာအကြောင်း ဆွေးနွေးရန် မပါရှိဟု ယတိပြတ် ပြောဆိုခဲ့သည့်နည်းတူ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌လည်း ယင်းကိစ္စကို ဆွေးနွေးခြင်း မရှိခဲ့ကြောင်း မြန်မာသံတမန် တစ်ဦးက The Daily Eleven သို့ ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

Most Read

Most Recent