တိုင်းနှင့် ပြည်နယ်များတွင် ဥပဒေအချို့ကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြန်လည်ပြဋ္ဌာန်းပေးရမည့် ကိစ္စများ ရှိနေ

တိုင်းနှင့် ပြည်နယ်များတွင် ဥပဒေအချို့ကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြန်လည်ပြဋ္ဌာန်းပေးရမည့် ကိစ္စများ ရှိနေ
Published 26 April 2015
မျိုးမင်းထက်

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဥပဒေအချို့ကို ပူးပေါင်းကာ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြန်လည်ပြဋ္ဌာန်းပေးရမည့် ကိစ္စများ ရှိနေကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။လွှတ်တော်နာယက သူရဦးရွှေမန်းက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့ရှိ ကနောင်ခန်းမ၌ ပြုလုပ်သည့် လှိုင်သာယာစက်မှုဇုန်ရှိ အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။“ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၂) ဇယား(င)ဟာ ပြည်ထောင်စုက ဘယ်လိုဥပဒေ ပြဋ္ဌာန်းပေးရမယ်။ တိုင်းဒေသကြီးက ဘယ်လိုဥပဒေတွေ ပြဋ္ဌာန်းပေးရမယ်။ ဒီလို ပါဝင်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ ဒီနေ့လက်တွေ့ကျကျ ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်များကိုလည်း တချို့ဥပဒေများကို ပူးပေါင်းပြီးတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ပြန်လည်ပြီးတော့ ပြဋ္ဌာန်းပေးရမယ့် ကိစ္စတွေလည်း ရှိပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။အဆိုပါကိစ္စများနှင့် ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများနှင့် ပြည်ထောင်စုအဆင့်ရှိ လွှတ်တော်နှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း သူရဦးရွှေမန်းက ဆိုသည်။“ဒါသည် မူသဘောဖြစ်ပြီးတဲ့ အခါမှာ လက်တွေ့ကျတဲ့အခါကျတော့ ဆိုကြပါစို့ ဒီနေ့ပြောပြောနေတဲ့ power sharing၊ resource sharing ဒါမဟုတ် tax sharing နဲ့ပတ်သက်လို့ ဆိုကြပါစို့ ဂက်စ်ထွက်တဲ့ တိုင်းဒေသကြီးက ဒီဂက်စ်ကို သုံးတဲ့နေရာမှာ သို့မဟုတ်ရင် အခွန်ကောက်တဲ့နေရာမှာ ဘယ်နှုန်းထား၊ ဘယ်နှုန်းထား ဆိုတာကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လုပ်လို့မရဘူး။ တိုင်းဒေသကြီးအစိုးရ၊ တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုလွှတ်တော်နဲ့ ပေါင်းပြီးတဲ့အခါမှာ ဘယ်လို၊ ဘယ်လိုဆိုတာ ဆက်လက်ပြီး လုပ်ရမယ့် ကိစ္စတွေ အများကြီးရှိတယ်” ဟု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။လွှတ်တော်တွင်လုပ်ရမည့် ကိစ္စရပ်များ များစွာကျန်နေသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ကျွန်တော် မကြာ၊ မကြာ တင်ပြဖူးပါတယ်။ လွှတ်တော်ရှိမှ ဒီမိုကရေစီရှိမယ်။ ဒီမိုကရေစီရှိတဲ့ နိုင်ငံတွေဟာ လွှတ်တော်ရှိတယ်” ဟု ဆိုသည်။မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ ဗဟိုဦးစီးချုပ်ကိုင်မှု များနေပြီး ဗဟိုဦးစီးစနစ် မလျှော့ချပါက ဖက်ဒရယ်ပြည်ထောင်စုစနစ် မဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက လှိုင်သာယာစက်မှုဇုန်ရှိ အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံရာတွင် ပြောကြားထားသည်။တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထွက်ရှိသည့် ရေနံသဘာဝဓာတ်ငွေ့၊ ကျောက်မျက်၊ သစ်များအား ပြည်ပသို့ တင်ပို့ရောင်းချရာတွင် ကောက်ခံရရှိသည့် ကုန်သွယ်လုပ်ငန်းခွင်အား အချိုးကျခံစားခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးစံပြည့်က အကြံပြုထားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။  

Most Read

Most Recent