ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန် နိုင်ငံတော်သမ္မတအပေါ် အဓိကမူတည်ပြီး ရွေးကောက်ပွဲမတိုင်မီ ကျန်ကာလအတွင်း အရေးကြီးသည့် ပုဒ်မများကိုသာ ပြင်ဆင်နိုင်မည်ဟု ဖွဲ့စည်းပုံပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန် နိုင်ငံတော်သမ္မတအပေါ် အဓိကမူတည်ပြီး ရွေးကောက်ပွဲမတိုင်မီ ကျန်ကာလအတွင်း အရေးကြီးသည့် ပုဒ်မများကိုသာ ပြင်ဆင်နိုင်မည်ဟု ဖွဲ့စည်းပုံပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ပြောကြား
Published 26 April 2015
ဝေယံဖြိုးဦး

ဖွဲ့စည်းပုံအခြေခံဥပပြေင်ဆင်နိုင်ရန် နိုင်ငံတော်သမ္မတအပေါ် အဓိကမူတည်ပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ကျန်ရှိသည့်ကာလအတွင်း အရေးကြီးသည့် ပုဒ်မများကိုသာ ပြင်ဆင်နိုင်မည်ဟု လွှတ်တော်မှ ဖွဲ့စည်းထားခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။
 
မေ ၁၁ ရက် ပြန်စမည့် လွှတ်တော်အစည်းအဝေး၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို စတင်ဆွေးနွေးမည်ဖြစ်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာပါ ပြင်ဆင်ရန် အဆိုပြုထားသည့် ပုဒ်မပေါင်း ၂၀၀ ကျော် ကိုမူ ပြင်ဆင်နိုင်ရန် ဖြစ်နိုင်တော့မည်မဟုတ်ဘဲ ၎င်းတို့အနက် အရေးကြီးသည့် အချက်များကိုသာ ပြင်ဆင်ရန် ဖြစ်နိုင်တော့မည်ဟု ဦးအေးမောက်က ဆိုသည်။
 
“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့က တကယ်တော့ ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ ကိုယ်စားလှယ်စုစုပေါင်းရဲ့ ၇၅ ရာ ခိုင်နှုန်းအပေါင်း တစ်ယောက်က ဖွဲ့စည်းပုံပြင်ဆင်ဖို့ ထောက်ခံဖို့ လိုတယ်လေ။ အဲဒီလိုဖြစ်ဖို့က ကျန်တဲ့တစ်ယောက်ကတော့ တပ်မတော်သားတွေ အဓိကဖြစ်တာပေါ့လေ။ဒါအတွက် တပ်မတော်သားတွေ ပါဝင်ဖို့ဆိုတာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပေါ်မှာပဲ မူတည်တယ်။ မူဝါဒဆိုင်ရာအရဆိုရင်ပေါ့။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပေါ်မှာ မူတည်တဲ့အတွက် အဓိကအားဖြင့် နိုင်ငံတော်သမ္မတကြီးဆိုတာ နိုင်ငံတော်ရဲ့ အထွတ်အထိပ် သြဇာလွှမ်းမိုးသူဖြစ်တဲ့အတွက် တပ်မတော်အပေါ်မှာလည်း သြဇာလွှမ်းမိုးမှု သက်ရောက်နိုင်တာပေါ့။ ဒါ့ကြောင့် သမ္မတကြီးအပေါ်မှာ အဓိကမူတည်တယ်လို့ သုံးသပ်ချင်ပါတယ်”ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အကောင်အထည်ဖော်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။
 
“၇၅ ရာခိုင်နှုန်းအပေါင်း(တစ်)ရမှသာလျှင် ကိုယ်ပြင်ချင်တဲ့ အပိုင်း၊ အရေးကြီးတဲ့ အပိုင်းလေးတွေ ပြင်လို့ရမှာလေ။ အရေးကြီးတာပြင်တယ်ဆိုတာမှာလည်း အားလုံးကိုတော့ ဒီတစ်ပတ် လွှတ်တော်မှာ မီချင်မှမီမှာပေါ့။ အရေးကြီးတာတွေကို ထုတ်နုတ်ပြီး ပြင်ဆင်မယ်ဆိုရင်တော့ ဒီဟာတွေက မီနိုင်မယ်။ ဒီခြောက်လဆိုတဲ့ကာလက အရေးကြီးတာတွေကိုပဲ ပြင်ဖို့ မီလောက်တယ်ဆိုတဲ့ သဘောမျိုးပဲ သုံးသပ်ချင်တယ်။ ပြင်ဆင်ဖို့ တင်ထားတာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မပေါင်း ၄၀၀ ကျော်မှာ ၂၀၀ ကျော်လောက်ပြင်ဖို့ တင်ထားတာ။ တစ်ဝက်ကျော်လောက်က ပြင်ဖို့ တင်ထားတာ။ အဲဒီလောက်အများကြီးကတော့ ချက်ချင်းမဖြစ်နိုင်ဘူး။ တချို့ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ လိုအပ်ရင်လည်း လုပ်ရမှာပေါ့လေ။ ဒီတစ်ခေါက်မှာ ဒီပြင်ဆင်ဖို့ တင်ထားတဲ့ ပုဒ်မပေါင်း ၂၀၀ ကျော်လုံးတော့ ပြင်ဆင်ဖို့ မပြီးနိုင်ဘူး။ အရေးကြီးတာလောက်ပဲ ပြီးနိုင်မယ်။ တကယ်လို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်မယ်ဆိုလည်း တချို့ အချက်လောက်ပဲ မီနိုင်မယ်”ဟု ဦးအေးမောက် က ထည့်သွင်း ပြောကြားသည်။
 
သို့သော် နိုင်ငံတော်သမ္မတနှင့် တပ်မတော်မပါဝင်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မအားလုံးကို ပြင်ဆင်ရန် မဖြစ်နိုင်ဟု ပြော၍မရကြောင်း ဦးအေးမောက်က ဆိုသည်။
 
ပြီးခဲ့သည့် ၁၁ ကြိမ်မြောက် အစည်းအဝေး၌  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့နှင့်အညီ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ တင်သွင်းဆွေးနွေးနိုင်ရေးအတွက် စီမံဆောင်ရွက်နိုင်ရေးအဆိုကို အတည်ပြုပြီးဖြစ်သဖြင့် လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းအား သက်ဆိုင်ရာအဖွဲ့များက ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
လွှတ်တော်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းမတင်မီ ဒုတိယအကြိမ်မြောက် ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲလည်း ဖြစ်ပေါ်လာနိုင်သည်ဟု ကိုယ်စားလှယ်အချို့က ခန့်မှန်းကြသည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ၂၀၁၅ မေလအတွင်း ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အချိန်ဇယား သတ်မှတ်ပေးထားသည်။ ၎င်းသတ်မှတ်ထားသည့်အချိန်ဇယားမှာ လက်ရှိအနေအထားအရ ဖြစ်နိုင်ဖွယ်မရှိတော့ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က သုံးသပ်ထားသည်။
 
၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ခြောက်လကျော်သာ လိုအပ်တော့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရန် အချိန်မှာ နည်းပါးနေပြီဖြစ်သဖြင့် မကြာမီပြန်စမည့် လွှတ်တော်၌ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာကိစ္စများကို မဆောင်ရွက်နိုင်ပါက လက်ရှိ လွှတ်တော်သက်တမ်းအတွင်း ပြင်ဆင်နိုင်ရန် အခွင့်အလမ်း အလွန်နည်းပါးသွားမည် ဖြစ်သည်ဟု သုံးသပ်မှုများ ရှိနေသည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်လေ့ လာသုံးသပ်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီမှ သူရဦးအေးမြင့်က ၂၀-၃-၂၀၁၃ တွင် အဆိုတင်သွင်းခဲ့သည်။ ၎င်းအဆိုအား ပြည် ခိုင်ဖြိုးပါတီမှ ဦးသိန်းဇော်က ထောက်ခံခဲ့ပြီး နောက် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၎င်းကော်မတီ က ၃၁-၁-၂၀၁၄ တွင် အစီရင်ခံစာတင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာအရ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီကို ဆက်လက်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။
 
ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီသည် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာကို တင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ စုစုပေါင်း ၄၅၇ ခုအနက် ပုဒ်မ ၅၉(စ)အပါအဝင် ပုဒ်မပေါင်း ၂၁၀ ခုအား ပြင်ဆင်ရန် အကြံပြုခဲ့သည်။

Most Read

Most Recent