ညောင်ရေသွန်းကြ ကဆုန်လ

ညောင်ရေသွန်းကြ ကဆုန်လ
Published 22 April 2015
နီငြိမ်း (အညာတက္ကသိုလ်)

ကဆုန်ဟူသော ဝေါဟာရ‘မိုးသားကျူးစ၊ ကဆုန်လကား၊ လောကထွတ်ထား၊ ဘုရားသခင်၊ ရွှေပလ္လင်ထက်၊ ရွှေပင်ရောင်တောက်၊ ညောင်တော်အောက်ဝယ်၊ ပေါက်သည်ကိုမူ၊ အကြောင်းယူ၍၊ ပဉ္စူလှရာ၊ ဝန်းတကာကို၊ မြူတာတကောင်း၊ ခသင်းတောင်းဝယ်၊ သောင်းလောင်းရေပြည့်၊ ဖြိုးမျှထိလျက်’(ဦးအောင်ကြီးဆို ကဆုန်လဘွဲ့)‘တန်ခူးရေကုန်၊ ကဆုန်ရေခန်း’‘ကဆုန်၊ နယုန်...ဆွေ့ဆွေ့ခုန်’‘ကဆုန်လတွင်း၊ မြေသင်းပျံ့ပျံ့မိုးနံ့နံ့’
ရှေးဆရာတို့က ကဆုန်လ၏သဘော သရုပ်ကို ဤသို့ပင် ဖော်ထုတ်ခဲ့လေသည်။ ကဆုန်လပူပြင်းမှုကို ရှေးပညာရှိတို့က...‘ကံ ဥဒကံ၊ ဆိန္ဒတီတိ၊ ကဆိန္နံ’ ဟု ဝိဂြိုဟ်ပြုခဲ့၏။ ယောမာသော=အကြင်လသည်၊ ကံဥဒကံ=ရေကို၊ ဆိန္ဒတိ=ဖြတ်တတ်၏၊ ဣတိတသ္မာ-ထို့ကြောင့် ထိုလကို ကဆိန္နံ = ကဆုန်လဟု အဓိပ္ပာယ်ဖွင့်ကြပါသည်။ရှေးရေးကျောက်စာများတွင် ကဆုန်လကို (ခူဆုန်၊ ကုဆုန်၊ ကူဆုန်) စသည်ဖြင့် အမျိုးမျိုး ရေးထိုးခဲ့ကြလေသည်။ တိဗက်မြန်မာစာတွင် (ကု) မှာ ရေကိုဟော၍ (ဆုန်) မှာသွန်းလောင်းခြင်း သွန်းဖျန်းခြင်း အဓိပ္ပာယ်ရသည်။ ဆရာကြီးဦးဘိုးလတ်က ကဆုန်တွင်ပူပြင်းကာ ရေများပြတ်တောက်သဖြင့် (ဆုန်မှာ ပြတ်ခြင်း၊ ဖြတ်ခြင်း) ယူရမည်ဟု ရေးခဲ့သည်။‘ကဆုန်ပြိဿ၊ ကောင်းကင်ဝ၊ ထွန်းပဝိသာခါ’‘စကားပွင့်ဆဲ၊ ညောင်ရေပွဲ သွန်းမြဲအချိန်သာ’(ကင်းဝန်မင်းကြီး)ကဆုန်သည် ပြိဿရာသီ၌ အကျုံးဝင်ပြီး ဝိသာခါနက္ခတ်ထွန်းသည်၊ စံကားပန်းများ ပွင့်ဖူးလေသည်။ လှေသင်မင်းဦးချိန်က ဝေါဟာရလီနတ္ထကျမ်း၌‘ပြိဿရာသီ’ ခေါ်ကြသည်မှာ ရာဇမတဏ္ဏကျမ်း၊ ရာသီဘိဓာနအပိုင်းတွင် ဗသဘော-ပြိဿရာသီ၊ တာပူရိ-ပြိဿရာသီ၊ သောရဘေယံ-ပြိဿရာသီဟူ၍ ပရိယာယ်မျိုးစုံဖြင့် ရေးသည်။ ထိုပရိယာယ်အားလုံး နွားလားဥဿဘဟုဆိုသည်၊ ‘ဗသဘော’ မူလစကားပျက်၍ နောင်တွင် ပြိဿဖြစ်ခဲ့ရပုံ၏။ နွားတို့ နှစ်သက်သောရာသီ၊ နွားလားနှင့် တူတန်သော ရာသီဟု ရှေးဗေဒင်ကျမ်းများ၌ဆိုကြောင်း ရှင်းလင်းထား၏။ 
လေးချက်ပြည့်စုံ လကဆုန်မန်လည်ဆရာတော်ကြီး၏ မဃဒေ၀ လင်္ကာသစ်ကျမ်း၌ ဗုဒ္ဓါဘိသိက်၊ ကျွန်းလုံးထိပ်မျှ၊ အောင်ဟိတ်မင်္ဂလာ၊ စံအံ့ရှာဟု၊ မဟာကဝိန်၊ သုခမိန်တို့၊ နှိုင်းချိန်ပညာ၊ နန်းစဉ်စာနှင့်၊ ညီညာမကျူး၊ နှစ်သစ်ကူးတွင် တန်ခူးကုန်ထ၊ ကုဆုန်လ၌၊ ဘိသိက်ကပွဲ၊ ခံမြဲများစွာ၊ ဓမ္မတာဖြင့်ဟူသော စကားကို ထောက်၍ ‘ဖွားမြင်၊ ပွင့်စံ၊ ဗျာဒိတ်ခံ၊ မှတ်ရန် ကဆုန်လပြည့်ကြုံ’ ဟုသာ ဆိုရပေတော့အံ့။အလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာတွင် ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပန်း ရရှိသော အချိန်မှာ ကဆုန်လပြည့်နေ့ပင်တည်း။ ဗျာဒိတ်ရပြီး (၆၈) ခု ကဆုန်လပြည့်နေ့တွင် မယ်တော်မာယာ၏ ဝမ်းကြာတိုက်၌ သန္ဓေယူကာ ဖွားမြင်ခဲ့ပါသည်။ ထို့နောက် အလောင်းတော်သည် ရွယ်မူနုဖြိုး (၂၉) တွင် လေးမျိုးနိမိတ် နတ်ပြဟိတ်ကြောင့် သံဝေပို၍ တောထွက်ခဲ့လေသည်။ တောထွက်ကာ ဒုက္ကရစရိယာကို ခြောက်နှစ်တာ ကျင့်ကြံ၍ (၁၀၃) ခု ကဆုန်လပြည့်နေ့တွင် ဘုရားဖြစ်ခဲ့၏။ဘုရားစင်စစ် ဧကန်ဖြစ်၍ ၃၅ နှစ်အရွယ်မှ စတင်ကာ ၄၅ ဝါ ကာလပတ်လုံး သတ္တဝါအများကို တရားရေအေး တိုက်ကျွေးတော်မူခဲ့လေသည်။ ထို့နောက် မြတ်စွာဘုရားသည် သက်တော် ၈၀ အရွယ်တွင် မလ္လာမင်းတို့ဥယျာဉ်၌ ပရိနိဗ္ဗာန် စံဝင်ခဲ့လေသည်။ 
ဝိသာခါနက္ခတ် ထွန်းလင်းပုံ‘ပိသဒိသံ၊ ဖလံ၊ ဓနေတီဟိ၊ ဝိသာခါ’ ဟု ဝိဂြိုလ်ပြုကြသည့်အတိုင်း၊ မတူသော အကျိုးစီးပွားပေါင်းစုံကို ဖြစ်စေတတ်၍ ‘ဝိသာခါ’ ခေါ်ကြသည်။ လှေသင်းမင်းကလည်း ဝိသာခါနက္ခတ် ခေါ်ကြသည်မှာ ဣန္ဒနီ-ဝိသာခါ၊ သက္ကာ-နီဝိသာခါဟူ၍ ပရိယာယ်ရှိကြောင်း၊ အားလုံးသိကြား၏ မယားသုဇာတာကို ဆိုလိုကြောင်း၊ ‘ဆယ့်လေးလုံးသာ ဝိသာခါပမာ ပတ်ဝိုင်းလို’ ဆိုသဖြင့် ဝိသာခါတွင် လုံးရေ ၁၂ လုံးမှ ၁၄ လုံးထိရှိ၏။ ဥတ္တရသရဖူကြယ် ဆိုသည်မှာလည်း ဝိသာခါနက္ခတ်ကိုပင် ဆိုလို၏။ကဆုန်လတွင် ထူးခြားချက်များစွာရှိရာ တင်ပြပါဦးမည်။ (၁) အလောင်းတော်သုမေဓာ ဗျာဒိတ်ပန်းခံယူသောနေ့၊ (၂) အလောင်းတော်ဖွားမြင်သောလ၊ (၃) တောထွက်တော်မူသောလ၊ (၄) သစ္စာလေးပါးမြင်၍ ဘုရားဖြစ်သောလ၊ (၅) ပရိနိဗ္ဗာန် စံဝင်သည့်လ၊ (၆) ဗောဓိပင်ကို ညောင်ရေသွန်းသောလ၊ (၇) စံကားပန်းများ ပွင့်သောလ၊ (၈) ဝိသာခါနက္ခ ထွန်းသောလ၊ (၉) တံငါတာရာ ထွန်းပသောလ၊ (၁၀) နေ့နာရီ ၃၂၊ ညနာရီ ၂၈ ရှိသောလ၊ (၁၁) ရက်စုံသတ်သောလ၊ (၁၂) နဂါးဦးခေါင်း အနောက်မြောက်ပြု သောလ၊ (၁၃) စနေ၊ ကြာသပတေးမှာ ရက်ရာဇာ၊ ဗုဒ္ဓဟူး၊ သောကြာမှာ ပြဿဒါး၊  (၁၄) နှစ်ဖဝါးဖြင့်မွန်းတည့်သောလ၊ (၁၅) ပြိဿရာသီမည်သောလ၊ (၁၆) ဖွားဖက်တော် ခုနစ်ပါး ပွင့်ပေါ်သောလဟု အရှင်သြဘာသာ သိဘိဝံသက ရှင်းလင်းဖွင့်ဆိုခဲ့၏။ 
ညောင်ရေသွန်းပွဲ ခြိမ့်ခြိမ့်သဲလွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကပင် ညောင်ရေပွဲ ရှိခဲ့လေသည်။ ပသေနဒီကော သလမင်းခွင့်ပန်၍ ညောင်ပင်ကို ရေသွန်းခဲ့သည်။ ရှင်အာနန္ဒာကို ခွင့်ပန်၍ ဘုရားကျောင်းဝ၌ ဗောဓိညောင်တစ်ပင်စိုက်ကာ ဘုရားမရှိချိန် ကိုးကွယ်ခဲ့ရာ မှာခဲ့ပါသည်။စင်စစ်သော်ကား ‘ဗောဓိညောင်ပင်’ မှာ ပရိဘောဂစေတီထိုက်၏။ ကာလိင်္ဂဇာတ်၌ ဘုရားဟောသည်ကား...‘စေတီတော်တို့တွင် သရီရိကစေတီ၊ ဓာတုစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီဟူ၍ သုံးမျိုးရှိ၏။ ဘုရားရှင်များပွင့်မှီရာ ညောင်ပင်ကား သပိတ်သင်္ကန်စုံလိုပင် ပရိဘောဂစေတီ၌ အကျုံးဝင်ပါသည်’ ဟူပေ၏။မြန်မာမင်းများလက်ထက် ရေသွန်းပုံကို ဗဟုသုတအဖြစ် ဖော်ပြလိုသည်။ ညောင်ရေတော်ကို အမိန့်ပြန်တမ်းဖြင့် သွန်းရ၏။ နှစ်စဉ် ကဆုန်လဆန်း ၁၄ ရက်နေ့တွင် ဝင်းတော်လေးရပ်အတွက် လှော်ကားလှေနီတစ်စင်း ပြုလုပ်၍ ဗုံတီးမောင်းတီး အဖွဲ့များနှင့်အတူ မာရ်အောင်တံခါးဝ၌ ဦးစွာဆိုက်ကပ် စီစဉ်ထားကြရ၏။ ထို့နောက် ညဉ့်သုံးချက်တီး အကျော်တစ်မောင်းနှစ်မောင်းတွင် တဝင်းလျှင် ညောင်ရေမြူတာအိုး ၁၅၀ ကျော် ကျစီကို ကိုင်ဆောင်ထားသည့် အဖွဲ့များ ရောက်ရှိလာပြီး‘အချိန်သင့်လျှင် ညောင်ရေတော်ခပ် သွားရသည့် အစဉ်ကား၊ ရှေ့ဖျား၌ စည်သဘင်အစုံတော်၊ သည်နောက်ရှေ့ဝန်းမြူ တာ ၂၅၀၊ သည်နောက်လက်ျာဝင်း၊ လက်ဝဲ၀င်း မြူတာ၂၅၀ စီ စု၍ သွားကြရ၏’ ဟု လောကဗျူဟာ အင်ရုံစာတမ်း၌ ရေးမှတ်ထားပါသည်။ ညောင်ရေသဘင်ကို ရုံးတော်မြောက်ဘက်၌ ပွဲခံပြီး မစိုးရိမ်ကျီက ထမင်းတစ်နပ်ကျွေးကြောင်း မင်းသားဖြေအားလုံး နံနက် ၄ နာရီ၌စုံကြောင်း လူစုံမှ ညောင်ရေသွန်းမှုကို‘လပြည့်နေ့နံနက် ၄ ချက်တီး အကျော် တစ်မောင်းနှစ်မောင်းတွင် ဘုရားစေတီတစ်ဆူလျှင် မြူတာ ၁၀ စီ ၂၀ စီ သွေးသောက်စုများ စာရင်းအတိုင်း မြို့တွင်းမြို့ပြင်၌ ရှိသမျှ ညောင်ပင်ကို ရေသွန်းရ၏။ အရပ်အကွက် နေသသူများလည်း စေတနာရှိသမျှ ညောင်ရေသွန်းကြရကြောင်း မြို့ဝန်ကိုယ်တိုင်ဆော် သြဆောင်ရွက်ကြောင်း’ မှတ်တမ်းပြုခဲ့ပုံများကို ညောင်ရေသွန်းကြ၊ ကဆုန်လအကြောင်း ဖော်ပြလိုက်ပါသည်။မှီငြမ်းပြု- သုတေသနသရုပ်ပြ အဘိဓာန်- မြန်မာ ၁၂လ (သတိုးသောင်း)-စာပေဝတ်ဆံ (ဒဂုန်နတ်ရှင်)-ဝေါဟာရလီနတ္ထဒီပနီ

Most Read

Most Recent