ဇော်ဂျီ၏ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကဗျာ့ပုံရိပ်

ဇော်ဂျီ၏ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကဗျာ့ပုံရိပ်
Published 21 April 2015
မြေနီသစ္စာ

ဆရာကြီးမှိုင်း၏ လေးချိုး၊ ဒွေးချိုးများသည် ရှေးက စာများကဲ့သို့မဟုတ် မြန်မာပြည်နှင့် ပြည်သူလူထု၏ သုခဒုက္ခအကြောင်းကို အများအပြား စပ်ဆိုခဲ့သော ကဗျာများဖြစ်သည်မှာ ထင်ရှားလှပါသည်။ဆရာကြီး၏ ကဗျာများသည် ပျော်ရရုံ လွမ်းရရုံ၊ ကာရန်အလှအပသက်သက် မဟုတ်။ မြန်မာနိုင်ငံနှင့် တိုင်းသူပြည်သားတို့အတွက်  ထက်မြက်သော အကျိုးပြုစာများ ဖြစ်ပါသည်။ ဆရာကြီး၏ ကဗျာများကြောင့် အမှုမဲ့ အမှတ်မဲ့မနေလို။ နိုင်ငံအတွက် ဝမ်းမြောက်စရာရှိလျှင် ဝမ်းမြောက်လာတတ်ကြသည်။ ဝမ်းနည်းစရာရှိလျှင် ဝမ်းနည်းလာတတ်သည်။ တိုင်းပြည်အရေးသည် ကိုယ့်အရေးဟူ၍ မြင်လာတတ်ကြသည်။ယင်းသည် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကဗျာများအပေါ်တွင် ဆရာဇော်ဂျီ၏ ဆင်ခြင်စဉ်းစား လေ့လာသုံးသပ်ချက်ပင်။ဆရာဇော်ဂျီ၏ လေ့လာသုံးသပ်ချက်သည် အပြုဘက်က မြင်ရှုမှုဖြစ်သည်။ အဆိုရှင် ဆရာမှိုင်းကြီးကလည်း မြန်မာ့သမိုင်းကို အခြေပြု၍ ပြည်သူလူထုအတွက် အားသစ်ဖြစ်အောင် အပြုကြံဆောင်ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။မလိုသူတို့ကတော့ ဆရာကြီးမှိုင်း၏ ကဗျာအဖွဲ့တို့ကို မဲ့ရွဲ့စောင်းချိတ်သည်။ “တေးမျိုးအပြီး မသာမယာကို လေးချိုးကြီး မဟာကဗျာရယ်လို့ ခေါ်ရက်လေခြင်း” ဟု ကဲ့ရဲ့ စကားဆိုကြသည်။ယင်းကို ဆရာဇော်ဂျီက ဤသို့ရှုမြင်၏။ “ဆရာကြီးသည် ထိုခေတ်ထိုအခါကပင် သူ့စိတ်ကို သူသိပြီးဖြစ်သည့်ပြင် သူ့စာကို သူ တန်ဖိုးဖြတ်ပြီးဖြစ်သဖြင့် မသိသူ တန်ဖိုးမဖြတ်တတ်သူတို့၏ အဆိုအမိန့် အသေးအဖွဲတို့ကို မမှုခဲ့ချေ။ သူ့စေတနာအစစ် သူ့ အမြင်အစစ်၊ သူ့စိတ်ကူးယဉ်အစစ်တို့ကို သူ့ စကားအစစ်ဖြင့် နှစ်သက်ဖွယ်ဖြစ်အောင် မမှိတ်မသုန်ရေးခဲ့သည်။ ထိုသို့ရေးခဲ့သောကြောင့် မြန်မာပြည်သူလူထုသည် ဆရာကြီး၏ ကဗျာတို့မှတစ်ဆင့် အတိတ်မြန်မာရာဇဝင် အဖြစ်အပျက်များတွင် ချီးကျူးသင့်သည်ကို ချီးကျူးလာတတ်သော ပညာကိုလည်းကောင်း၊ ကရုဏာဖြစ်သင့်သည်ကို ကရုဏာဖြစ်လာတတ်သောပညာကို လည်းကောင်း၊ အားတက်သင့်သည်ကို အားတက်လာသော ပညာကိုလည်းကောင်း၊ နှမြောသင့်သည်ကို နှမြောတတ်လာသော ပညာကိုလည်းကောင်း တတ်မြောက်လာကြ၍ မီးခဲပြာဖုံး ဇာတိမာန်စိတ်ဓာတ်ကို ပြန်လည်ရလာကြသည်ဟု ယူဆပါသည်။ ပုဂံခေတ်ဘွဲ့၊  အင်းဝခေတ်ဘွဲ့၊ တပင်ရွှေထီးဘွဲ့၊ တောင်ငူရာဇာဘွဲ့၊ အလောင်းမင်းတရားဘွဲ့၊ မင်းတုန်းမင်းဘွဲ့၊ ဗိုလ်လရောင်ဘွဲ့၊ ဘိလပ်သွားကိုယ်စားလှယ်များဘွဲ့၊ ၁၉၁၉ ခုနှစ် ဂျူဗလီပြည်လုံးကျွတ် အစည်းအဝေးဘွဲ့၊ ဆရာတော် ဦးဥတ္တမဘွဲ့စသည်တို့သည် ဇာတိမာန်စိတ်ဓာတ်အတွက် မရိုးနိုင်သောစာများ ဖြစ်သည်။မြန်မာတို့သည် ၁၂၄၇ ခုနှစ် (ခရစ်သက္ကရာဇ် ၁၈၈၆ လောက်ကစ၍ မြန်မာ့ထီးနန်းပျောက်၍ ကျွန်ဘဝသို့ ရောက်ခဲ့ရသည်။ နယ်ချဲ့တိုင်းတစ်ပါးသားတို့၏ လက်အောက်သို့ ရောက်ခဲ့ရသည့်တိုင် ဇာတိမာန် စိတ်ဓာတ်သည် ရင်တွင်းမှာ ကိန်းအောင်း ကွန့်မြူးတုန်းပင်။ယင်းကြောင့် နယ်ချဲ့ကို ဆယ်နှစ်တိုင်တိုင် လက်နက်စွဲကိုင် တိုက်ခိုက်သည်။ လက်နက်သာမက နည်းပညာအင်အားချင်းလည်း မမျှ၍ မြန်မာတို့အရှုံး ကြုံရသည်။ တစ်ခါမက အခါခါရှုံးနိမ့်ရသောအခါ ဇာတိမာန်ဇာတိသွေး လျော့နည်းမှေးမှိန်လာ၏။ အနိုင်ရနေသော နယ်ချဲ့ကို အရှင်သခင်အဖြစ် အမြင်သက်ရောက်လာ၏။ ယင်းသို့ ဇာတိမာန်တစ်စတစ်စ အားပျော့လာသည်မှာ နှစ်တစ်ရာခန့်ကြာလာသော အခါနှင့် အုပ်စိုးသူ နယ်ချဲ့အပေါ်တွင် ရိုကျိုးကိုင်းရှိုင်းလာ၏။ အညံ့ခံ၊ အရှုံးပေးစိတ်ဓာတ်သည် တစ်စထက်တစ်စ ကြီးထွားလာသည်။ မွဲပြာကျသည့်အဆင့်သို့ ဦးတည်လာ၏။ အထင်အမြင်အသွင်သဏ္ဌာန်သည် မြန်မာလူထုအများစု၏ ရင်ထဲမှာ ကျွန်နှင့် သခင် ဆက်ဆံရေးအပေါ်မှာ တစ်စတစ်စ တိမ်းညွတ်လာလေဟန် ၁၂၅၇ ခုနှစ်လောက်မှာ တွေ့လာရသည်။ ယင်းကို ဆရာဇော်ဂျီ၏ တွေးမြင်သုံးသပ်ပုံမှာ ဤသို့ဖြစ်သည်။“မြန်မာလူထုသည် မိမိတို့၏ ရာဇဝင်နှင့်အတူ ယဉ်ကျေးမှုတို့ကို အမေ့မေ့အလျော့လျော့ဖြစ်လာရာ ၁၂၅၇ ခုနှစ်ကစ၍ နှစ်ပေါင်း ၂၀ ကျော်သောအခါ မြန်မာ့စိတ်ဓာတ်သည် ညံ့ဖျင်းလာသည်။ ဇာတိမာန်ဇာတိသွေးသည် ကွယ်ပျောက်လေ့မတတ်ဖြစ်သောအခြေသို့ ဆိုက်ရောက်လာခဲ့သည်။ ထိုအခြေတွင် မြန်မာတို့သည် မိမိတို့၏ မြန်မာ့ဂုဏ်ရည်ကို ပြန်လည်သတိရဖို့ လိုသည်။ မိမိတို့၏ အတိတ်ရာဇဝင်ကို ပြန်လည်နားလည်ဖို့လိုသည်။ မိမိတို့၏ စာပေယဉ်ကျေးမှုကို ပြန်လည်လေ့လာဖို့လိုသည်။ ဤလိုအပ်ချက်များကို ဆရာကြီးသည် ဇာတိမာန်ကဗျာများဖြင့် တစ်ဖက်တစ်လမ်းကနေ၍ ဖြည့်တင်းနိုင်ခဲ့သည်။“ကောင်းကျိုးအထွေထွေရယ်နဲ့ ချွန်စေမြဲစေသော (ကျောင်းအမရယ်) ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသော။ယင်းစေတနာ တေးကဗျာသည် မြန်မာတို့၏ အသွေးထဲ အသားထဲ ရင်ထဲကို မင်္ဂလာစိတ် ကုသိုလ်စိတ်ဖြင့် ပို့ဆောင်ပေးသည်။  မြန်မာနိုင်ငံသည် ကောင်းကျိုးအထွေထွေ နှင့် ပြည့်စုံ၍ ကမ္ဘာတစ်လွှားတွင် ချွန်နိုင်မြနိုင်ပါစေသတည်းဟူသော မင်္ဂလာရှိသော ဆုတောင်းမှု တေးသံပင်။ တစ်နည်းဆိုရလျှင် ယခင်အခါက မစ္စတာမောင်မှိုင်းဟုခေါ်သော မြန်မာ့စာဆိုခေါင်းဆောင် ဦးလွန်း၏ စေတနာတေးသံပင်။ ဆရာမှိုင်းသည် ၁၂၈၀ ပြည့်နှစ်လောက်ကစ၍ မြန်မာတို့၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် မြန်မာ့စာပေဘက်ကနေ၍ ကြီးစွာသော အထောက်အပံ့ကို ပေးခဲ့သည်။ မြန်မာစာပေယဉ်ကျေးမှုနှင့် မြန်မာ့သမိုင်းတို့ကို မေ့လုမတတ် စည်းကမ်းပျက်နေကြသော မြန်မာတို့ကို မေ့လျော့ခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ဓာတ်အညံ့အဖျင်းတို့ကို ကြေးညှော်ချွတ်တိုက်ဆေးကြောပေးသည်။ အရောင်အဝါ ပြန်လည်ထွက်ပေါ်လာအောင် စာပေယဉ်ကျေးမှုတို့ဖြင့် အားထုတ် ကြိုးပမ်းပေးသည်။လွမ်းဆွတ်ဖွယ်ကြည်ညိုဖွယ် အားတက်ဖွယ်ဖြစ်အောင် မြန်မာလူထု နားလည်နိုင်သော နည်းပရိယာယ်ဖြင့် ကြံဆောင်နှိုးဆော်ခဲ့သည်။ မြန်မာ့တောင်သူလယ်သမားအရေးတွင် ဆရာကြီးမှိုင်း၏ ရပ်တည်ချက်ကို ဆရာဇော်ဂျီက ဤသို့ သုံးသပ်ထားသည်။“နယ်ချဲ့အရင်းရှင်စနစ်ကြောင့် ဆင်းရဲတွင်းက မတက်နိုင်ကြသော တောင်သူလယ်သမားလူများစု၏ဘ၀ ချည့်နဲ့လာသည်။ အကြွေးနှိပ်စက်သဖြင့် လယ်မြေလက်လွတ် ဖြစ်ကြရသည်။ ကိုယ့်တိုင်းပြည်သည် သူတစ်ပါးလက်အောက်သို့ ရောက်နေပြီဟူသော အချက်ကို လူလားမြောက်သူတို့ပင် သိကြတန်ရာသည်။ သို့ရာတွင် အသိတရားရှိရုံမျှဖြင့် အရာမရောက်နိုင်သေး။ သတိတရားကိုပါ ရရှိမှ အရာရောက်နိုင်သည်။ သတိတရားရရှိဖို့ကိစ္စ၌ စိတ်ခံစားမှုလည်း ရှိလာလျှင် သတိတရားရတတ်သည်ကို တွေ့ရပါ သည်။ ဤတွင် ဆရာကြီးသည် အသိတရားသာရှိနေသော ပရိသတ်ကို သူကဲ့သို့ ခံစားစေ၍ သူကဲ့သို့ သတိပြုလာတတ်အောင် သူ့ကဗျာများဖြင့် ပြုခဲ့သည်။ သူ၏ ဇာတိမာန်ကဗျာများဖြင့် သတိပြုမိသူဦးရေကို တိုးပွားအောင် ပြုခဲ့သည်။ တစ်နည်းဆိုသော် တိုင်းချစ်ပြည်ချစ်စိတ် ပြန်လည်တက်ကြွ၍ ဝစီကံမှု၊ ကာယကံမှုတို့ပေါ်လာကြအောင် ပြု ခဲ့သည်ဟု ဆိုနိုင်ပါသည်။ဆရာကြီးမှိုင်းအပေါ်တွင် ဆရာဇော်ဂျီ၏ အဓိက ကောက်ချက်သည် ရဲရင့်သည် ပြတ်သားသည်။ ခွန်အားရှိသည်။ “ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံလွတ်လပ်ရေးကို လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် ငါတို့တိုင်းပြည်၏ ဆန္ဒအင်အားကို သခင်ကိုယ်တော်မှိုင်းက စည်းရုံးပေးနိုင်ခဲ့သောကြောင့်ဖြစ်သည်ဟု ယူဆပါသတည်း”ဟူသော သုံးသပ်ချက်ကား ယနေ့ထက်တိုင် ပဲ့တင်ထပ်လျက်ပင်။

Most Read

Most Recent