ငြိမ်းချမ်းရေးသည် ရောင်းကုန်မဟုတ်ပါ

ငြိမ်းချမ်းရေးသည် ရောင်းကုန်မဟုတ်ပါ
Published 19 April 2015
နေထွန်းနိုင်

(၁)ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက် သင်္ကြန်ကာလမှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) က  တာဝန်ရှိသူတွေ ဂျပန်နိုင်ငံကို သွားခဲ့ပါတယ်။လေးရက်ကြာမြင့်ခဲ့တဲ့ သူတို့ခရီးစဉ်မှာ မြန်မာ့ငြိမ်းချမ်းရေးဆိုင်ရာ အကြောင်းအရာတွေကို ဂျပန်အစိုးရ အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးတယ်ဆိုတာထက် သူတို့ကို ထောက်ခံဖို့ စည်းရုံးရေးဆင်းတဲ့ ပုံစံမျိုးပါ။သူတို့ ခရီးစဉ်မတိုင်ခင် ဧပြီ ၁၃ ရက်မှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သမ္မတဦးသိန်းစိန်ထံကို အိတ်ဖွင့်ပေးစာ တစ်စောင်ပို့ခဲ့ပါတယ်။ ကိုးကန့်ပဋိပက္ခ အပါအဝင် ဖြစ်ပွားဆဲ လက်နက်ကိုင် ပဋိပက္ခတွေကို တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာဖို့ တိုက်တွန်းခဲ့ပါတယ်။ဦးအောင်မင်းရဲ့ ဂျပန်ခရီးစဉ်၊ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ အိတ်ဖွင့်ပေးစာ၊ အကြောင်းအရာနှစ်ရပ်လုံးရဲ့ နောက်ကွယ်မှာ ကိုယ်စီအကျိုးစီးပွား ဆိုင်ရာတွေ ရှိနေနိုင်ပါတယ်။ဂျပန်နိုင်ငံဟာ မြန်မာ့ငြိမ်းချမ်းရေးအတွက် မျက်နှာစာနှစ်ခုခွဲပြီး ကူညီထောက်ပံ့နေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ မျက်နှာစာတစ်ခုက အစိုးရချင်း တိုက်ရိုက်အကူအညီ ပေးတာဖြစ်ပါတယ်။နောက်ထပ် မျက်နှာစာတစ်ခုက နီပွန်ဖောင်ဒေးရှင်းကတစ်ဆင့် တိုင်းရင်းသား လက်နက်ကိုင်တွေ ကို တိုက်ရိုက်အကူအညီပေးတာ ဖြစ်ပါတယ်။ အထူးသဖြင့် UNFC ကို အဓိကထား ကူညီထောက်ပံ့နေတဲ့ နိုင်ငံတကာ အလှူရှင်ဟာ နီပွန်ဖောင်ဒေးရှင်း ဖြစ်ပါတယ်။ဦးအောင်မင်းတို့က သူတို့ရဲ့ ဂျပန်ခရီးစဉ်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) မူကြမ်းကို ဗန်းပြပြီး သူတို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ကြောင်း ဂျပန်အစိုးရကို ပြောဆိုပါတယ်။ အကူအညီ ဆက်ပေးဖို့ တောင်းဆိုပါတယ်။ သူတို့ရဲ့ စည်းရုံးမှု အောင်မြင်ပါတယ်။ဂျပန်အစိုးရက မနှစ်က သူတို့ပေးထားတဲ့ ကတိအတိုင်း အမေရိကန်ဒေါ်လာ ၈၃ သန်းကို ဖွံ့ဖြိုးရေး အကူအညီအဖြစ် ပေးမယ်လို့ ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ အိတ်ဖွင့်ပေးစာမှာတော့ NCA မူကြမ်း ပြီးစီးခြင်းကို ရလဒ်ကောင်းအဖြစ် ရှုမြင်ထားပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် စိန်ခေါ်မှုရှိနေတာကို ထောက်ပြပါတယ်။ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ပြီး ညှိနှိုင်းအဖြေရှာဖို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကြားဝင်ချင်ပုံရပါတယ်။ဒါပေမဲ့ ဧပြီ ၁၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်လာတဲ့ တပ်မတော်သတင်း ထုတ်ပြန်ချက်တွေအရ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ တောင်းဆိုမှု ဖြစ်နိုင်ခြေနည်းပါတယ်။လောက်ကိုင်-ချင်းရွှေဟော် လမ်းပိုင်း စိုးမိုးမှုအတွက် အဓိကကျတဲ့ တောင်ကုန်းတွေကို အင်အားအလုံးအရင်းနဲ့ သိမ်းယူနိုင်ခဲ့တာကို တပ်မတော်က အကျယ်တဝင့် သတင်းဖော်ပြခဲ့တာပါ။ ဒီဖော်ပြချက်တွေကိုကြည့်ရင် ကိုးကန့် ပဋိပက္ခမှာ တပ်မတော်ဘက်က အလျှော့ပေးမှာ မဟုတ်ဘူးဆိုတာကို ပေါ်လွင်စေပါတယ်။NCA မူကြမ်း ရေးဆွဲပြီးပြီဆိုပေမဲ့ အခုချိန်မှာ ကိုးကန့်ပဋိပက္ခ အပါအဝင် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသ တင်းမာမှုတွေက အရှိန်ကောင်းနေဆဲ ဖြစ်ပါတယ်။ ရခိုင်မှာလည်း တပ်မတော်နဲ့ ရခိုင်တပ်မတော် (AA) တို့အကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်နဲ့ အနီးတစ်ဝိုက်မှာ မတ်လနှောင်းပိုင်းက တပ်မတော်နဲ့ AA တို့အကြား ပထမဆုံးတိုက်ပွဲ စတင်ဖြစ်ပွားပါတယ်။ သင်္ကြန်ကာလမှာ ပိုပြီး ပြင်းထန်ခဲ့ပါတယ်။ဒါတွေက ဦးအောင်မင်းနဲ့ MPC တို့ လုပ်ဆောင်နေတဲ့ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှု အောင်မြင်ခြင်း မရှိသေးဘူး ဆိုတာကို ပြဆိုနေတာပါ။(၂)တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) မူကြမ်းဟာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ ကနဦး သဘောတူညီချက်တွေလို ပျက်ပြယ်သွားနိုင်တယ် ဆိုတာကို ဧပြီလဆန်းပိုင်းမှာ The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၈ မှာ MPC ဦးဆောင်သူ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဦးဆောင်သူတွေ၊ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျောင်းသားကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ နေပြည်တော်မှာ တွေ့ခဲ့ပါတယ်။ဒီတွေ့ဆုံမှုမှာ ကျောင်းသားတွေ တောင်းဆိုနေတဲ့အချက်များကို ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့အပြင် လေးပွင့်ဆိုင် တွေ့ဆုံမှုကို ခွင့်ပြုကြောင်း ဦးအောင်မင်းတို့ဘက်က သဘောတူခဲ့ပါတယ်။ဖေဖော်ဝါရီ ၁ ရက် ရောက်ချိန်မှာ လေးပွင့်ဆိုင် ဆွေးနွေးပွဲကို  ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ပြုလုပ်ခဲ့တယ်။ ဦးအောင်မင်းတက်တယ်။ MPC တာဝန်ရှိသူတွေ က ဦးအောင်မင်းကို အထောက်အကူ ပေးခဲ့ပါတယ်။ကျောင်းသား ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) က ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ပါတယ်။အဲဒီဆွေးနွေးမှုမှာ ဦးအောင်မင်းနဲ့ MPC တာဝန်ရှိသူတွေက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သူတို့ကျင့်သုံးလေ့ရှိတဲ့ လုပ်နည်းလုပ်ဟန်တွေကို အသုံးပြုပါတယ်။ ကျောင်းသားတွေနဲ့ အချေအတင် ဖြစ်ခဲ့တာတွေ ရှိခဲ့သလို ဦးအောင်မင်းအတွက် အရှက်ရစရာတွေ ရှိခဲ့ပါတယ်။နောက်ပိုင်းဖြစ်ခဲ့တဲ့ အကျိုးဆက် ဆိုးကျိုးတွေဟာ အဲဒီနေ့ မကျေလည်မှုက စတင်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။(၃)စိန်ရတုခန်းမ ဆွေးနွေးပွဲက ရာနှုန်းပြည့် အောင်မြင်တယ် မဆိုနိုင်ပါဘူး။ ဒါပေမဲ့ ကျောင်းသားတွေဘက်က တောင်းဆိုတဲ့အချက် ၁၁ ချက်အပြင် ထပ်မံတင်ပြခဲ့တဲ့ Pre-condition ကိုးချက်အနက် ခုနစ်ချက်ကို ပြင်ဆင်ဖြည့်စွက်တာတွေလုပ်ပြီး ဦးအောင်မင်းတို့ဘက်က ပြီးစလွယ် သဘောတူခဲ့ပါတယ်။ သဘောမတူတာ၊ သဘောကွဲလွဲတာတွေကို ဆက်လက်ဆွေးနွေးရန် ခေါင်းစဉ်အောက်ကို ပို့ခဲ့ပါတယ်။အခု တိုင်းရင်းသား လက်နက်ကိုင်အရေး NCA မူကြမ်းမှာလည်း သဘောမတူတာတွေ၊ သဘောကွဲလွဲတာတွေကို ဆက်လက်ဆွေးနွေးရန်ဆိုတဲ့ ခေါင်းစဉ်အောက် ပြောင်းထားပါတယ်။ဖေဖော်ဝါရီ ၁ ရက် ဆွေးနွေးမှုအပြီး ဖေဖော်ဝါရီ ၃ ရက် နေပြည်တော် ဆွေးနွေးပွဲ ထပ်လုပ်ဖို့ရှိပေမယ့် မဖြစ်ခဲ့ပါဘူး။ ဖေဖော်ဝါရီ ၁၁ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းခန်းမမှာ ထပ်တွေ့ကြပါတယ်။ ဒီတစ်ကြိမ်မှာ ဦးအောင်မင်းနဲ့ MPC ကိုယ်စားလှယ်တွေ မပါတော့ပါဘူး။ အစိုးရကိုယ်စားလှယ် အနေနဲ့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း တက်ပါတယ်။ဖေဖော်ဝါရီ ၁ ရက် ဆွေးနွေးပွဲမှာ ဆွေးနွေးရန်ကျန်နေတဲ့ Pre-condition နှစ်ချက်ကို သဘောတူခဲ့ကြတယ်။ ကျောင်းသားတွေရဲ့ မူလသဘောတူညီချက် ၁၁ ချက်ကိုလည်း ဆွေးနွေးသဘောတူတာတွေ ရှိခဲ့တယ်။ ဖေဖော်ဝါရီ ၁၄ ရက်မှာ ထပ်တွေ့ကြတယ်။ အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ချက်မူကြမ်းကို ဖေဖော်ဝါရီ ၁၅ ရက်မှာ အပြီးသတ်ရေးဆွဲဖို့ သဘောတူခဲ့ကြပါတယ်။ဒါပေမဲ့ နောက်ပိုင်းမှာ အများမျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် လမ်းလျှောက်ဆန္ဒပြရင်း လက်ပံတန်းရောက်နေတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း မတ် ၁၀ ရက်မှာ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရပါတယ်။သပိတ်မှာ ပါဝင်ခဲ့သူတွေ အပါအဝင် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) ကိုယ်စားလှယ် ကျောင်းသားကိုယ်စားလှယ်တွေ ဆက်တိုက်ဖမ်းခံရတယ်။ သာယာဝတီထောင်ကို ပို့ခဲ့ပါတယ်။ဒါဟာ ဖေဖော်ဝါရီ ၁၁ ရက် ဆွေးနွေးမှု သဘောတူညီမှုမှာ ပါဝင်တဲ့အချက်ကို အစိုးရဘက်က  အကြောင်းပြချက်ပေးပြီး ချိုးဖောက်ခဲ့တာလို့ ယူဆနိုင်ပါတယ်။ဦးအောင်မင်း၊ MPC တာဝန်ရှိသူတွေနဲ့ ပထမဆုံး ဆွေးနွေးကြတယ်။ ဒီနောက်ပိုင်း ဦးလှထွန်းနဲ့ ထပ်မံဆွေးနွေးပြီး ရရှိတဲ့ သဘောတူမှုမှာ အချက်တစ်ချက် ပါဝင်ပါတယ်။ဒီမိုကရေစီ ပညာရေးသပိတ်မှာ ပါဝင်တဲ့ ကျောင်းသူ ကျောင်းသားများနဲ့ အားပေး ထောက်ခံကူညီသူများကို သပိတ်နဲ့ ပတ်သက်ပြီး အရေးမယူဖို့ကို ကျောင်းသားတွေဘက်က တောင်းဆိုတာကို အစိုးရဘက်က သဘောတူခဲ့ပြီးမှ ကတိကျိုးပျက်ခဲ့တာ ဖြစ်ပါတယ်။ဒီလိုကတိ ကျိုးပျက်မှုနဲ့အတူ ဗကသကျောင်းသား ခေါင်းဆောင်တွေကို အငြိုးတကြီးနဲ့ ဖမ်းဆီးခဲ့ပေမယ့် တကသကျောင်းသား တွေကိုတော့ မဖမ်းခဲ့ပါဘူး။ ဒါဟာ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီအတွင်း ခွဲခြားဖိနှိပ်ခံရမှု ဖြစ်ခဲ့ပါတယ်။(၄)ကျောင်းသားအရေးကိစ္စမှာ စတင်ဦးဆောင်ဆွေးနွေးခဲ့သူတွေက ဦးအောင်မင်းနဲ့ MPC ပဲ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ လေးနှစ်ကြာ ကာလရှည်ဆွေးနွေးမှုမှာ အဓိကလုပ်ကိုင်ခဲ့သူတွေဟာ သူတို့ပဲ ဖြစ်ပါတယ်။ဒါကြောင့် သူတို့ဟာ သူတို့ရဲ့ ဆွေးနွေးဘက် တစ်နည်းအားဖြင့် သူတို့နဲ့ အတိုက်အခံပြုနေတဲ့   ပြိုင်ဘက်တွေကို ရင်ဆိုင်တဲ့အခါ သူတို့သဘောထားက အတူတူပဲ ဖြစ်နိုင်တာကို သံသယထားစရာ မရှိပါဘူး။ဒါကြောင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီအပေါ် ဦးအောင်မင်းနဲ့ MPC တို့ထားတဲ့ သဘောထားဟာ UNFC အပေါ်ထားတဲ့ သဘောထားနဲ့ အတူတူပါပဲ။ ဒီမိုကရေစီ ပညာရေးလှုပ် ရှားမှု ဦးဆောင်ကော်မတီကို ပြိုကွဲစေနိုင်တဲ့ နည်းလမ်းတွေ သုံးခဲ့တယ်ဆိုရင် UNFC ကိုလည်း ဒီနည်းအတိုင်း အသုံးပြုမှာ ဖြစ်ပါတယ်။ အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုလည်း ဒီနည်းနဲ့ပဲ ဆက်ဆံနိုင်ပါတယ်။ဦးအောင်မင်းနဲ့ MPC လိုလားသူတွေက UNFC ပြိုကွဲနိုင်မယ့် နည်းလမ်းတွေကို ၂၀၁၄ ခုနှစ် မတိုင်မီတည်းက လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေရှိခဲ့ပြီး ဖြစ်ပါတယ်။အထူးသဖြင့် UNFC အဖွဲ့ထဲမှာ ရှိနေတဲ့ မြောက်ပိုင်းဒေသရဲ့ အင်အားကြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နဲ့ တောင်ပိုင်းဒေသရဲ့ အင်အားကြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ရဲ့ ညီညွတ်မှုအပေါ် သပ်လျှိုသွေးခွဲသူတွေဟာ အစောပိုင်းကတည်းက ရှိခဲ့ပါတယ်။ဦးအောင်မင်းနဲ့ MPC တို့ရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ သူတို့ကို ထောက်ခံဖို့ အကူအညီဆက်ပေးဖို့ ပြောခဲ့တာရှိသလို UNFC နဲ့ ပတ်သက်လို့ ဂျပန်ရဲ့ အကူအညီတွေကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းခဲ့တာတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။UNFC ကို အဓိက ထောက်ပံ့နေတဲ့ နိုင်ငံတကာအလှူရှင် ဂျပန်နီပွန်ဖောင်ဒေးရှင်း အကူအညီကိုသာ ဆက်မရဘူးဆိုရင် UNFC ဟာ ကာလရှည်ကြာ ရပ်တည်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အတွေးမျိုး ဦးအောင်မင်းနဲ့ MPC လိုလားသူတွေဆီမှာ အခိုင်အမာ ရှိပါတယ်။(၅)UNFC ဟာ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီမှာ ပေါ်လာခဲ့တာပါ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ပါဝင်တဲ့ တပ်ပေါင်းစု ဖြစ်ပါတယ်။ဒီအဖွဲ့ကို KIO က ဦးဆောင်ခဲ့တယ်။ UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက KIO ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်ပါတယ်။ သဘောထား မတူကြပေမယ့် KIO ရော KNU အဖွဲ့ပါ UNFC အဖွဲ့ဝင် ဖြစ်ခဲ့ပါတယ်။ အခုချိန်မှာ KNU ဟာ UNFC အဖွဲ့ကနေ ယာယီနုတ်ထွက် ထားပါတယ်။၂၀၁၃ ခုနှစ်မတိုင်မီ အချိန်အထိကတော့ UNFC ဟာ အစိုးရ၊ ဦးအောင်မင်း၊ MPC အဖွဲ့အတွက် အင်အားကြီးတဲ့ တပ်ပေါင်းစု အတိုက်အခံ ဖြစ်ခဲ့ပါတယ်။ UNFC ထဲက တစ်ဖွဲ့ချင်းစီကို စည်းရုံးနိုင်ခဲ့ပေမယ့် တပ်ပေါင်းစု တစ်ခုလုံးကို ဖြိုလှဲနိုင်ဖို့ မလုပ်နိုင်ခဲ့ပါဘူး။အခုထိလည်း UNFC ဟာ ဦးအောင်မင်းနဲ့ MPC တို့အတွက် ကြီးမားတဲ့ အဟန့်အတားတစ်ခုအဖြစ် ရှိနေဆဲပါ။၂၀၁၃ ခုနှစ်နောက်ပိုင်း အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စတွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) ရဲ့ အခန်းကဏ္ဍပိုပြီး ထင်ရှားခဲ့ပါတယ်။ဒါပေမဲ့ NCA မူကြမ်းရေးဆွဲပြီးချိန်မှာ NCCT ရဲ့ အခန်းကဏ္ဍထက် UNFC နဲ့ အခြားတိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ သဘောထားက ပိုပြီးအရေးပါလာပါတယ်။ဒီအချိန်မှာပဲ UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ သမ္မတဦးသိန်းစိန်ထံ အိတ်ဖွင့်ပေးစာ ထွက်ပေါ်လာခဲ့တာပါ။    (၆)တစ်ဖက်မှာလည်း UNFC ဟာ မြန်မာနိုင်ငံမြောက်ပိုင်းကို သာမကဘဲ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသကိုပါ စိုးမိုးနိုင်ဖို့ ပြင်ဆင်တာတွေ ရှိခဲ့ပါတယ်။၂၀၀၉ ခုနှစ်က ကိုးကန့်ဒေသကို စွန့်ခွာထွက်ပြေးသွားရတဲ့ ဦးဖုန်ကြားရှင်အဖွဲ့ ကိုးကန့်ကို တစ်ကျော့ပြန်ရယူနိုင်ဖို့ လျှို့ဝှက်အစီအစဉ်ဟာ ၂၀၁၁ ခုနှစ်ကတည်းက UNFC မှာ ရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်ပဲ UNFC အဖွဲ့ထဲမှာ ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့ (MNDAA) ကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဦးဖုန်ကြားရှင် အဖွဲ့ဟာ UNFC အလံအောက်မှာ မဟာမိတ်အဖြစ် ဝင်ခိုခဲ့သလို ‘ဝ’၊ မိုင်းလားအပြင် တရုတ်နိုင်ငံဘက်က အကူအညီတွေ ယူခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ကိုးကန့်ဒေသကို ပြန်ဝင်လာတာ ဖြစ်ပါတယ်။လုပ်နည်းလုပ်ဟန် လွဲမှားခဲ့တယ်ဆိုပေမယ့် ဦးဖုန်ကြားရှင် လုပ်ဆောင်ခဲ့တဲ့ ကိုးကန့်ဒေသ တိုက်ပွဲတွေက UNFC လုပ်ချင်တဲ့ မူလအစီအစဉ်နဲ့ ဆီလျော်မှု ရှိခဲ့ပါတယ်။ဒါကြောင့် လက်ရှိဖြစ်နေတဲ့ ကိုးကန့်ဒေသ တိုက်ပွဲတွေကို ရပ်ဆိုင်းပြီး နိုင်ငံရေး နည်းလမ်းအရ ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ UNFC ဘက်က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။အခုချိန်မှာ ဦးဖုန်ကြားရှင်နဲ့ ကိုးကန့်အရေးဟာ NCA အတွက် အခက်ဖြစ်လာပါတယ်။ လက်နက်ကိုင်ပဋိပက္ခရဲ့ ချိန်ခွင်လျှာကလည်း မြောက်ပိုင်း ကချင်ပြည်နယ်ကနေ အရှေ့မြောက်ပိုင်း ကိုးကန့်ကို ရွေ့လာပါတယ်။ ၂၀၁၃-၂၀၁၄ ခုနှစ် တွေတုန်းက ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းကို အကြောင်းပြုပြီး ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေက ၂၀၁၅ ခုနှစ်မှာ ကိုးကန့်ဒေသနဲ့ အနီးတဝိုက်ကို ဗဟိုပြုလာပါတယ်။ဦးဖုန်ကြားရှင်ရဲ့ ကိုးကန့်အဖွဲ့ဘက်ကနေ KIA မဟာမိတ်၊ UNFC တပ်ပေါင်းစု အဖွဲ့ဝင်တွေ ဖြစ်တဲ့ TNLA နဲ့ AA တို့က ဝင်တိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကချင်စစ်ပွဲကာလမှာ KIA ကို သွယ်ဝိုက်ကူညီခဲ့သလို ‘ဝ’ နဲ့ မိုင်းလားအဖွဲ့တွေကလည်း ဦးဖုန်ကြားရှင်အဖွဲ့ကို သွယ်ဝိုက်ကူညီမှုတွေ ပေးခဲ့ပါတယ်။ဦးအောင်မင်းနဲ့ MPC တာဝန်ရှိသူတွေက NCA မူကြမ်းကို ကိုင်ပြီး နိုင်ငံတကာကို စည်းရုံးနေပေမဲ့ NCA ဖြစ်ဖို့က ခက်ခဲနေပါတယ်။သူတို့ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်မှာ သူတို့အတွက် ကူညီထောက်ပံ့ငွေ ဆက်ရအောင် လုပ်နိုင်ခဲ့တယ်၊ တစ်ဖက်မှာလည်း UNFC အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေကို တိုက်ရိုက်ထောက်ပံ့နေတဲ့ နီပွန်ဖောင်ဒေးရှင်းရဲ့ အကူအညီတွေ လျော့ပါးအောင် စည်းရုံးနိုင်လို့ UNFC ပြိုလဲခဲ့မယ်ဆိုရင်တောင်  ကိုးကန့်အရေးကို ဖြေရှင်းဖို့ မလွယ်နိုင်ပါဘူး။နောက်ပြီး ဒီပြဿနာ ကားပါမစ်ပေးလိုက်ရုံနဲ့ ပြေလည်သွားနိုင်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး။(၇)ဦးဖုန်ကြားရှင် ကိုးကန့်အဖွဲ့နောက်မှာ KIO မရှိဘူးဆိုခဲ့ရင်တောင် UNFC ရှိနေပါတယ်။ ဒါ့အပြင် UNFC ထက် ပိုစိုးရိမ်စရာ ကောင်းတာက ဦးဖုန်ကြားရှင် နောက်မှာ ‘ဝ’ အဖွဲ့ UWSA နဲ့ မိုင်းလားတို့ ရှိနေပါတယ်။ ‘ဝ’ နဲ့ မိုင်းလားနောက်မှာ တရုတ်ရှိနေပါတယ်။ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့ကို လုံးဝလက်ခံမှာ မဟုတ်ဘူးဆိုတဲ့ သဘောထားကို တပ်မတော်ဘက်က ပြောထားပြီး ဖြစ်ပါတယ်။ လတ်တလော ကိုးကန့်ဒေသမှာ တပ်မတော်အသုံးပြုထားတဲ့ စစ်အင်အားကို ကြည့်ရင်လည်း အပြတ်ရှင်းချင်တဲ့ ပုံစံရှိပါတယ်။ ဒါဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေပါတယ်။နောက်တစ်ချက်က ကိုးကန့်ကိစ္စကို တပ်မတော် အရာရှိဟောင်းတွေ အပါအဝင် ပြည်သူတွေကပါ သီးခြားရှုမြင်မှုတွေ ရှိပါတယ်။ကိုးကန့်အရေးဟာ အချုပ်အခြာအာဏာကို ထိပါးနိုင်တယ်ဆိုတဲ့ သီးခြားရှုမြင်မှု ဖြစ်ပါတယ်။ဒါပေမဲ့ UNFC အပါအဝင် ‘ဝ’၊ မိုင်းလားအဖွဲ့တွေက NCA လက်မှတ်ထိုးမှုမှာ ဦးဖုန်ကြားရှင်  ကိုးကန့်အဖွဲ့ ပါဝင်စေဖို့ တွန်းအားပေးထားပါတယ်။(၈)NCA မူကြမ်းကို အတည်ပြုနိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ ညီလာခံကို မေ ၁ ရက်ကနေ ၃ ရက်အထိ UWSA ဌာနချုပ် ပန်ဆမ်းမှာ ပြုလုပ်ပါလိမ့်မယ်။ဒါကလည်း အခုချိန်မှာ ရှုပ်ထွေးမှုတွေ ဖြစ်နေပါတယ်။ပထမတစ်ချက်က ဒီညီလာခံကို တရုတ်ရဲ့ တိုက်တွန်းမှုနဲ့ ‘ဝ’ နယ်မြေမှာလုပ်ဖို့ UWSA က စတင်ကမ်းလှမ်းတာဆိုတဲ့ သတင်းထွက်နေတာပါ။ဒုတိယအချက်က ညီလာခံကို တိုင်းရင်းသားခေါင်းဆောင် အားလုံးကို မဖိတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့ကိုပဲ ဖိတ်ကြားခဲ့ပါတယ်။ အစိုးရနဲ့ NCA မူကြမ်းဆွေးနွေးရာမှာ အဓိက ပါဝင်တဲ့ NCCT အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တိုင်းကို ညီလာခံမဖိတ်ခဲ့ပါပြီ။ နောက်ပြီး အစောပိုင်းမှာ KNU မတက်ဘူး ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် အခုတက်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အစိုးရကိုယ်တိုင် အသိအမှတ်ပြုထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်အားလုံး တက်ခွင့်မရှိတဲ့ ညီလာခံမှာ ဘုံသဘောတူညီချက် ရရှိဖို့ခက်ခဲပါမယ်။တတိယအချက်က အစိုးရက အသိအမှတ်ပြုမထားတဲ့ ဦးဖုန်ကြားရှင် ကိုးကန့်အဖွဲ့ (MNDAA) နဲ့ ရခိုင်တပ်မတော် (AA) တို့ကို  ညီလာခံမဖိတ်ဖို့ အစိုးရဘက်က ဖိအားပေးထားပေမယ့် UWSA က ဖိတ်ကြားထားပါတယ်။ ဒီအရေးနဲ့ ပတ်သက်လို့ ဧပြီ ၉ ရက်မှာ ဦးသိန်းဇော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ပန်ဆမ်းကိုသွားဖို့ ရှိပေမဲ့ ခရီးစဉ်မဖြစ်ခဲ့ပါဘူး။ ဒီရက်ပိုင်း သွားဖို့ရှိတယ်ဆိုတဲ့ သတင်းတွေ ရထားပါတယ်။UWSA ဘက်ကလည်း ကိုးကန့်အဖွဲ့နဲ့ ရခိုင်အဖွဲ့ကို မဖိတ်ဖို့  အစိုးရဘက်က ဖိအားပေးမှု ရှိတာကို ဝန်ခံထားပါတယ်။ ဒါပေမဲ့ သူတို့ဘက်က ဖိတ်ကြားမယ်လို့ အခိုင်အမာ ပြောထားပါတယ်။အကယ်၍ NCA လက်မှတ်ထိုးမှုမှာ ကိုးကန့်အဖွဲ့ကို ထည့်မတွက်ဘူးဆိုရင် သူတို့လည်း လက်မှတ်ထိုးဖို့ “ခက်မယ်” ဆိုတာကို UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောပါတယ်။ကိုးကန့်ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ သီးခြားညှိနှိုင်းရေး အဖွဲ့တစ်ဖွဲ့ ပြင်ဆင်နေတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒါဟာလည်း လှေကြီးပေါ် လှေငယ်တင်တဲ့ ပုံစံမျိုးသာ ဖြစ်နိုင်ပြီး အဖြေထွက်နိုင်ခြေ နည်းပါတယ်။လတ်တလော အခြေအနေအရ ပန်ဆမ်းမှာ လုပ်ဖို့ရှိတဲ့ တိုင်းရင်းသား ညီလာခံက ထူးခြားတဲ့အဖြေ ထွက်နိုင်ခြေ သိပ်မရှိပါဘူး။ ကိုးကန့်အရေး ဆွေးနွေးမှုကပဲ နေရာယူမှာဖြစ်ပြီး NCA မူကြမ်းအတွက် ယတိပြတ် သဘောတူညီမှု မထွက်နိုင်ပါဘူး။ယတိပြတ်သဘောတူညီမှု မထွက်ဘူးဆိုရင် သမ္မတ ဦးသိန်းစိန်၊ ဦးအောင်မင်းနဲ့ MPC တို့ မျှော်လင့်နေတဲ့ NCA စာချုပ် လက်မှတ်ထိုးမှု ဆိုတာလည်း ဝေးကွာသွားမှာ ဖြစ်ပါတယ်။(၉)NCA လက်မှတ်ထိုးနိုင်မှုက သမ္မတ ဦးသိန်းစိန်အတွက် ဂုဏ်သိက္ခာဖြစ်ပါတယ်။ ဦးအောင်မင်း နဲ့ MPC အဖို့ အနာဂတ်မျှော်မှန်းချက်နဲ့ ဆိုင်ပါတယ်။ သူတို့ရဲ့ အနာဂတ် မျှော်မှန်းချက်က သူတို့အကျိုးစီးပွားနဲ့ သက်ဆိုင်ခြင်း ရှိ၊ မရှိ ဆိုတာ သူတို့ပဲ အသိဆုံး ဖြစ်ပါလိမ့်မယ်။အခုချိန်မှာပဲ NCA မူကြမ်း ရေးဆွဲပြီးစီးမှုကို လက်ခုပ်ဝိုင်းတီးခဲ့ကြသူတွေ ရှိပါတယ်။ သူတို့ရဲ့ လက်ခုပ်သံတွေက မြန်မာပြည်သူလူထု အတွက်လား၊ သူတို့အတွက်လား ဆိုတာတော့ ဆန်းစစ်ရမှာ ဖြစ်ပါတယ်။နိုင်ငံတကာ အသိုင်းအဝိုင်းထဲကဆိုရင် အမေရိကန်၊ ဥရောသမဂ္ဂ (EU)၊ နော်ဝေ၊ ဆွစ်ဇာလန်သံရုံးတွေအပြင်  UNICEF လို အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ ကြေညာချက်တွေ အဆောတလျင်ထုတ်ပြီး ကြိုဆိုခဲ့ပါတယ်။ဒီလိုကြိုဆိုမှုတွေရဲ့ နောက်ကွယ်မှာ ရိုးသားမှုရှိခြင်း၊ မရှိခြင်း ဆိုတာတွေထက် ငွေကြေးဆိုင်ရာ ပါဝင်ပတ်သက်မှုတွေ ရှိနေတာတော့ ထင်ရှားပါတယ်။မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် နိုင်ငံတကာ အလှူရှင်တွေက ဒေါ်လာသန်းချီ လှူဒါန်းထားတာတွေ၊ ထောက်ပံ့ကြေးငွေ ကတိကဝတ်တွေ ရှိနေပါတယ်။ လေးနှစ်တာအတွင်း အောင်မြင်မှု မရဘူးဆိုရင် ထောက်ပံ့မှု အကူအညီတွေဟာ လျော့ကျ ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။ ဒီအကူအညီတွေ ဆက်ရဖို့အတွက် အောင်မြင်မှုကို ပြဖို့လိုပါတယ်။ ဒီနေရာမှာ NCA မူကြမ်းရေးဆွဲ ပြီးစီးခဲ့ခြင်းက အသုံးချစရာ ဖြစ်လာပါတယ်။(၁၀)မြန်မာ့ငြိမ်းချမ်းရေးမှာ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေက အဓိကအခန်းကဏ္ဍနေရာမှာ ရှိနေပါတယ်။ အများစုက အစိုးရ၊ ဦးအောင်မင်းနဲ့ MPC ကတစ်ဆင့် စီးဆင်းတာ ပိုများပါတယ်။အထူးသဖြင့်အီးယူက MPC ကို အဓိကထောက်ပံ့ပါတယ်။ သူတို့ရဲ့ အကူအညီဟာ ၂၀၁၂ ခုနှစ် နိုဝင်ဘာမှာ စတင်ခဲ့တာဖြစ်ပြီး MPC ရဲ့ ဝန်ထမ်းစရိတ်၊ ရုံးစရိတ်တွေကို အဓိကထား ကူညီခဲ့ပါတယ်။၂၀၁၄ ခုနှစ်အတွင်းက ရရှိတဲ့ အချက်အလက်တွေအရ အီးယူက MPC ကို ကနဦး လှူဒါန်းမှုအဖြစ် အမေရိကန်ဒေါ်လာ ကိုးသိန်းပေးခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် အီးယူဘတ်ဂျက်မှာ ယူရိုငွေ ၁၆ သန်းကို ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် ပေးခဲ့ပါသေးတယ်။နောက်ပြီး ယူရိုငွေသန်း ၂၀ ကို လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေအတွက် ပေးပါတယ်။ သုံးနှစ်တာ ကာလအတွင်း ဘယ်လောက် ပမာဏပေးခဲ့တယ်။ ဘယ်လောက်ထပ်ပေးဖို့ ကတိက ဝတ်တွေရှိတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ရဲ့ မေတ္တာရပ်ခံမှုနဲ့ နော်ဝေအစိုးရက ဖွဲ့စည်းခဲ့တဲ့ ငြိမ်းချမ်းရေး ပံ့ပိုးကူညီမှု အလှူရှင်များအဖွဲ့ (PSDG) နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပံ့ပိုးမှုအဖွဲ့ (MPSI) အဖွဲ့တွေကလည်း ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေမှာ အကူအညီပေးမှုတွေ ရှိခဲ့ပါတယ်။PSDG အဖွဲ့က တစ်ဖွဲ့ချင်း၊ တစ်နိုင်ငံချင်းစီအလိုက် အမေရိကန်ဒေါ်လာ ၅ သိန်းစီနဲ့ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၀ လှူဒါန်းဖို့ ကတိကဝတ်ရှိခဲ့တယ်လို့ MPC အကြံပေး ဦးတင်မောင်သန်းရဲ့ ၂၀၁၃ ခုနှစ် မတ်လအတွင်း ထုတ်ဖော်ပြောကြား ချက်တွေအရ သိရပါတယ်။MPSI အနေနဲ့ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အမေရိကန်ဒေါ်လာ သန်း ၇၀ ထောက်ပံ့ဖို့ရှိတယ်လို့ သိရပေမဲ့ ပမာဏ ဘယ်လောက်အသုံးပြု ပြီးပြီလဲဆိုတာ မသိရသေးပါဘူး။ ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်းမှာ MPSI က မြန်မာနိုင်ငံမှာ စီမံကိန်း ၁၇ ခု အကောင်အထည်ဖော်ခဲ့ပြီး အမေရိကန်ဒေါ်လာ နှစ်သန်းတန်ကြေး ရှိခဲ့ပါတယ်။PSDG အဖွဲ့ကို ၂၀၁၂ ခုနှစ် မှာ နော်ဝေ၊ သြစတြေးလျ၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်တို့နဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။ ၂၀၁၃ ခုနှစ်မှာ အမေရိကန်၊ ဂျပန်နဲ့ ဆွစ်ဇာလန်နိုင်ငံတို့ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်လည်း NCA မူကြမ်းပြီးစီးချိန်မှာ ဒီအဖွဲ့မှာ ပါဝင်တဲ့ နိုင်ငံတွေက ကြိုဆိုကြောင်း ကြေညာချက်တွေကို အဆောတလျင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။သူတို့ဟာ မြန်မာ့ငြိမ်းချမ်းရေး ငွေကြေးကူညီထောက်ပံ့မှုမှာ ဝေဖန်ခံနေရလို့ NCA မူကြမ်းပြီးစီးတာကိုပဲ ပုံကြီးချဲ့လုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။သူတို့ကို “ငြိမ်းချမ်းရေးအဝယ်တော်” တွေလို့ ကင်ပွန်းတပ်ပြီး ဝေဖန်ခဲ့သူတွေ ရှိပါတယ်။ ဒီလို ဝေဖန်မှုအတွက် အချက်နှစ်ချက် ရှိပါတယ်။ ပထမအချက်က မြန်မာ့ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စတွေမှာ သူတို့ဟာ MPC၊ အစိုးရအဖွဲ့နဲ့နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး အစိုးရဘက်က လိုလားတာတွေကိုပဲ လုပ်ဆောင်ပေးနေလို့ ဖြစ်ပါတယ်။              ဒုတိယအချက်က ငြိမ်းချမ်းရေးအတွက် ဘာအာမခံချက်မှ မရှိသေးချိန်မှာ အလှူရှင်တွေရဲ့ငွေကို အလျင်အမြန် အသုံးပြုပြီး လူထုအတွက် တိုက်ရိုက်အကျိုးသက်ရောက်မှုနည်းတဲ့ စီမံကိန်းတွေကို လုပ်ကိုင်ခဲ့လို့ ဖြစ်ပါတယ်။(၁၁)အဖွဲ့လိုက်မဟုတ်ဘဲ တစ်နိုင်ငံချင်းစီအလိုက် မြန်မာ့ငြိမ်းချမ်းအတွက် ငွေကြေးထောက်ပံ့ နေသူတွေလည်း ရှိပါတယ်။ဂျပန်နိုင်ငံက နည်းလမ်းနှစ်ခုကို အသုံးပြုပါတယ်။ တစ်ခုက အစိုးရကို တိုက်ရိုက်ထောက်ပံ့တာဖြစ်ပြီး ကျန်တစ်ခုက နီပွန်ဖောင်ဒေးရှင်းကတစ်ဆင့် ကူညီထောက်ပံ့တာ ဖြစ်ပါတယ်။၂၀၁၂ ခုနှစ်တုန်းက UNFC နဲ့ နီပွန်ဖောင်ဒေးရှင်းတို့အကြား နားလည်မှု စာချွန်လွှာတစ်ခု လက်မှတ်ထိုးပါတယ်။ အမေရိကန်ဒေါ်လာ သုံးသန်းတန်ကြေးရှိတဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ဂျပန်ဘက်က ကူညီခဲ့ပါတယ်။အဲဒီကာလ နောက်ပိုင်းမှာ အမေရိကန်ဒေါ်လာ ၁၂ သန်းတန်ကြေးရှိတဲ့ ဂရန့်တစ်ခုကို ဂျပန်အစိုးရက ထောက်ပံ့ပေးခဲ့ပြီး MPC က အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဂျပန်နိုင်ငံ အနေနဲ့ အမေရိကန်ဒေါ်လာ ၉၆ သန်းကို နောင်လာမယ့် ငါးနှစ်အတွင်း စစ်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ ဒေသတွေမှာ သုံးစွဲပေးမယ်လို့ ကြေညာခဲ့တာလည်း ရှိပါတယ်။သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံကို ကူညီတဲ့ကိစ္စတွေမှာ ငြိမ်းချမ်းရေးနဲ့ ကောင်းမွန်သော အစိုးရ ဖြစ်စေရေးတွေမှာ အာရုံစိုက် သုံးစွဲခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၂ သန်း သုံးစွဲခဲ့ပြီး၂၀၁၃-၂၀၁၄ ခု နှစ်မှာ အမေရိကန်ဒေါ်လာ ၇၈ ဒ သမ ၈ သန်း အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ဒီငွေကြေးတွေကို ရခိုင်၊ ရှမ်း၊ ကချင်ပြည်နယ်အတွင်း လူသားချင်းစာနာ ထောက်ထားမှုတွေနဲ့ ကရင်ပြည်နယ်မှာ ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေး ကိစ္စတွေမှာ သုံးခဲ့တာပါ။ဆွစ်ဇာလန်နိုင်ငံက ဆွဇ်ဖရန့်ငွေ ၃၅ သန်းကို ငါးနှစ်အတွင်း ဖွံ့ဖြိုးရေးနဲ့ အထွေထွေငြိမ်းချမ်းရေး ကိစ္စတွေအတွက် လှူဒါန်းခဲ့တာ ရှိပါတယ်။ ဒီအစီအစဉ်ဟာ ၂၀၁၇ ခုနှစ်အထိ သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ဗြိတိန်နိုင်ငံ အနေနဲ့ကတော့ ၂၀၁၄ ခုနှစ်အတွင်းမှာပဲ ကချင်ပြည်နယ်အတွင်း စစ်ဘေးဒဏ်သင့်သူများနဲ့ လူနာချင်းစာနာမှုတွေအတွက် ပေါင်စတာလင် ၁၃ ဒသမ ၅ သန်း ကူညီပေးမယ်လို့  ကတိပြုထားတာ ရှိပါတယ်။လေးနှစ်တာ ကာလအတွင်း မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှု၊ ကတိကဝတ် ပမာဏ ဘယ်လောက် ရှိသလဲဆိုတာ အတိအကျ မသိရသေးပါဘူး။ဒါ့အပြင် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွက် ငြိမ်းချမ်းရေး အသုံးစရိတ် ကျပ်သန်း ၇၀၀၀ တောင်းခံခဲ့တာ ရှိပါသေးတယ်။သေချာတဲ့ အချက်ကတော့ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်တွေရဲ့ နောက်ကွယ်မှာ ငွေကြေးကိစ္စတွေ ရှိနေပါတယ်။ ကူညီထောက်ပံ့ပေးသူတွေရဲ့ နောက်မှာ သူတို့အကျိုးစီးပွား ရှိနေသလို လက်ခံရယူသူတွေ ဘက်မှာလည်း ကိုယ်စီအကျိုးစီးပွား ရှိနေပါတယ်။တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးက မျှော်မှန်းသလောက် ဖြစ်မလာသေးပါဘူး။ ဒီအတွက် သံသယ ရှိလာချိန်မှာ NCA မူကြမ်းပြီးစီးခဲ့တယ်။ ရလဒ်တစ်ခု ပြစရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ အဆုံးသတ် မဟုတ်သလို အသုံးချစရာ ကိစ္စလည်း မဟုတ်ပါဘူး။တစ်နိုင်ငံလုံး သေနတ်သံတွေ တိတ်ဖို့နဲ့ ငြိမ်းချမ်းရေးရဖို့ အများကြီး ကျန်နေပါသေးတယ်။(၁၂)တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA)  အတွက် အခက်အခဲများစွာ ရှိနေပါတယ်။ဒါကြောင့် အခြေခံအားဖြင့် ရရှိထားတဲ့ NCA မူကြမ်းကို ခိုင်မာအောင်လုပ်ပြီး သေနတ်သံတွေ တိတ်အောင်လုပ်ဖို့ အရေးကြီးတယ်ဆိုတဲ့ အကြောင်းကို ဧပြီ ၆ ရက်ထုတ် Weekly Eleven သတင်းဂျာနယ်မှာ ဖော်ပြခဲ့တဲ့ “သေနတ်သံတွေတိတ်အောင် အရင်လုပ်ပါ” ဆောင်းပါးမှာ ရေးခဲ့ပါတယ်။အခုချိန်မှာ တပ်မတော်ဘက်ကလည်း လက်မခံ၊ ပြည်သူလူထုကလည်း မလိုလားတဲ့ ဦးဖုန်ကြားရှင် ကိုးကန့်အဖွဲ့ကို ရေတိုဖြေရှင်းနဲ့ ပြီးစလွယ် အသိအမှတ်ပြုလိုက်မယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာပဲ NCA လက်မှတ်ထိုးမှု မဖြစ်ဖြစ်အောင် တွန်းလုပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲကို အလျင်စလို စတင်မယ်ဆိုရင် ရှုပ်ထွေးမှုတွေကိုပဲပိုပြီး ဦးတည်စေမှာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးမှုလည်း ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။နောက်ပြီး ဒီကိစ္စဟာ အချိန်တိုအတွင်း အတင်းဆွဲစေ့လုပ်လို့ရတာမျိုး မဟုတ်ပါဘူး။ အချိန်များစွာ ယူရပါလိမ့်မယ်။ လုပ်ဆောင်မှုတိုင်းအတွက် အမှန်တကယ် ရိုးသားရပါလိမ့်မယ်။ဒီလိုမဟုတ်ဘဲ ကိုယ့်အကျိုးစီးပွားအတွက် အချိန်တိုအတွင်း မဖြစ် ဖြစ်အောင် ဇွတ်လုပ်မယ်၊ စစ်မှန်တဲ့ ရိုးသားမှု မရှိဘူးဆိုရင် ဦးအောင်မင်းနဲ့ MPC တို့ကြောင့် တိုင်းပြည် အခက်အခဲ တွေ့နိုင်ပါတယ်။အခုချိန်မှာ NCA မူကြမ်း ရရုံလောက်ကို ငြိမ်းချမ်းရေး ရရှိသွားသယောင် အကြီးအကျယ် ဝါဒဖြန့်နေလို့ မရပါဘူး။ NCA မူကြမ်းပြပြီး နိုင်ငံတကာကို စည်းရုံးနေလို့လည်း ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။တိုင်းရင်းသားတွေတင်မကဘဲ ပြည်သူလူထုတိုင်းက ငြိမ်းချမ်းရေးကို လိုလားပါတယ်။ တိုင်းရင်းသားအချင်းချင်း လက်နက်ကိုင် ပဋိပက္ခတွေကို ချုပ်ငြိမ်းစေချင်ကြပါတယ်။ ဒါပေမဲ့ သဘောတူညီမှုတွေက ခိုင်မာမှုတော့ ရှိရပါမယ်။  ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေသူတွေ ရိုးသားမှု မရှိဘူး၊ ကိုယ်ကျိုးစီးပွားကိုပဲ ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးက အလှမ်းဝေးနေမှာပဲ ဖြစ်ပါတယ်။အထူးသဖြင့် ငြိမ်းချမ်းရေးက ရောင်းကုန်မဟုတ်ပါဘူး။(မှတ်ချက်။  ။ဆောင်းပါး၌ ပါဝင်သော အချက်အလက်အချို့ကို Myanmar Peace Monitor မှ စီစဉ်သော မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်သော လမ်းညွှန်အကိုးအကား (၂၀၁၄) မှ ရယူပါသည်။)

Most Read

Most Recent