လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများကျင်းပရန်နှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ကာကွယ်ရန် စသည့် အချက် ၁၉ ချက်ပါ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် ကုလသမဂ္ဂအထွေထွေညီလာခံ အတည်ပြု

လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများကျင်းပရန်နှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ကာကွယ်ရန် စသည့် အချက် ၁၉ ချက်ပါ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် ကုလသမဂ္ဂအထွေထွေညီလာခံ အတည်ပြု
Published 29 March 2015

ကုလသမဂ္ဂအထွေထွေညီလာခံမှ အတည်ပြုချမှတ်ခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို မတ် ၂၇ ရက်က ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက်တွင် ရွေးကောက်ပွဲများ လွတ်လပ်ပြီး တရားမျှတရန်၊ လွတ်လပ်စွာထုတ်ဖော်ခွင့် စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်များ ကာကွယ်ရန်၊ ဂျာနယ်လစ်များနှင့် တက်ကြွလှုပ်ရှားသူများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုရန်၊ တရားဥပဒေစိုးမိုးရေး ပိုမိုအားကောင်းစေရန် နှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် တိုက်တွန်းချက်များ ပါရှိခဲ့သည်။
 
အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို ဥရောပသမဂ္ဂကိုယ်စား လတ်ဗီယားနိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ထောက်ခံမဲ ၂ဝ မဲ၊ ကန့်ကွက်မဲ ၁၁ မဲနှင့် ကြားနေမဲ ၁၆ မဲဖြင့် အတည်ပြု ခဲ့ခြင်း ဖြစ်သည်။
 
ထိုဆုံးဖြတ်ချက်တွင် မြန်မာအစိုးရအနေဖြင့် အခြေခံဥပဒေပြင်ဆင်ရေး ဆက်လက်လုပ်ဆောင်သင့်ကြောင်းနှင့် ၂ဝ၁၅ ခုနှစ်အတွင်း ကျင်းပမည့် အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒခံယူပွဲနှင့် အထွေထွေရွေးကောက်ပွဲ အပါအဝင် အနာဂတ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအားလုံး တာဝန်ယူမှုရှိပြီး ပွင့်လင်းမြင်သာအောင် လုပ်ဆောင်ရန် တိုက်တွန်းထားသည်။ ထို့အပြင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်စေရန်နှင့်  နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာခွင့်ပြုရန် UN ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။
 
ဆက်လက်၍ မြန်မာအစိုးရအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်နှင့် လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်များကို ကာကွယ်ပေးရန်၊ လွတ်လပ်ပြီး အမီအခိုကင်းသော မီဒီယာများ ရပ်တည်ခွင့်ပေးရန်၊ ဂျာနယ်လစ်များ အရပ်ဘက် လှုပ်ရှားတက်ကြွသူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးရန် တောင်းဆိုထားပြီး အထူးသဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲအကြိုကာလအတွင်း အဆိုပါ အခွင့်အရေးများ ကို အပြည့်အဝကာကွယ်ပေးရန် တိုက်တွန်းထားသည်။
 
တရားဥပဒေစိုးမိုးရေး ပိုမိုအားကောင်းစေရန်နှင့် ပတ်သက်၍လည်း လက်ရှိတွင် အခြေခံဥပဒေအပါအဝင် ဥပဒေများ ပြန်လည်စိစစ်ပြင်ဆင်ခြင်းများကို ကြိုဆိုကြောင်း၊ ဥပဒေများကို နိုင်ငံတကာစံနှုန်းများ ဒီမိုကရေစီမူဝါဒများနှင့် ကိုက်ညီအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် လွတ်လပ်ပြီး ဘက်လိုက်ခြင်းမရှိဘဲ ထိရောက်သည့် တရားစီရင်ရေးစနစ်တစ်ရပ် ဖော်ဆောင်ရန် လိုအပ်ကြောင်း UN ဆုံးဖြတ်ချက်တွင် ပါရှိသည်။
 
ထို့အပြင် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုအပေါ် UN မှ စိုးရိမ်ကြောင်းနှင့် ကြာရှည်ခံသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များမှတစ်ဆင့် နိုင်ငံရေးဆွေးနွေးမှုနှင့် နိုင်ငံရေး ဖြေရှင်းမှုများ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းမှုများကို အားပေးကြောင်း ဖော်ပြထားသည်။ အလားတူ ကိုးကန့်ဒေသတွင် အရေးပေါ်အခြေအနေ ကြေညာခြင်းနှင့် ရှမ်းနှင့် ကချင်ပြည်နယ်များအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်း အပေါ်စိုးရိမ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။
 
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအတွင်း ကောင်းမွန်သော တိုးတက်မှုများကို ကြိုဆိုကြောင်းနှင့် မြန်မာအစိုးရ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုကြောင်းလည်း UN ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။
 
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ ကလေးစစ်သားအသုံးပြုမှု ဖျက်သိမ်းခြင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နှင့် ပူးပေါင်းလုပ်ဆောင်မှုများကိုလည်း ကြိုဆိုကြောင်း၊ သို့သော် ကျန်ရှိနိုင်ငံရေး အကျဉ်းသားများနှင့် ထပ်မံဖမ်းဆီးထားသော ဂျာနယ်လစ်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ အကြမ်းဖက်နှိပ်စက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ အဓမ္မခိုင်းစေမှုများ ရပ်တန့်ရန် နှင့် မြန်မာနိုင်ငံမှ ကတိပြုလက်မှတ်ထိုးထားသည့် လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တိုက်တွန်းထားသည်။
 
အဆိုပါ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့် သက်တမ်းကို တစ်နှစ် ထပ်မံတိုးမြှင့်ခဲ့သည့်အပြင် မြန်မာအစိုးရနှင့် ကတိပြုထားသည့်အတိုင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကို မြန်မာနိုင်ငံတွင် အမြန်ဆုံးဖွင့်လှစ်နိုင်ရန် တောင်းဆိုထားသည်။
 
မြန်မာစိုးရအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ လိုအပ်ချက်များနှင့် ပတ်သက်၍ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးတို့နှင့် တိုင်ပင်လုပ်ဆောင်ရန်လည်း ဖော်ပြထားသည်။
 
အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မြန်မာနီုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ရပ်ကို မတ် ၂၇ရက်၌ပင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ယခု ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံတွင် ပြည်သူများ၏ လူ့အခွင့်အရေးတိုးမြှင့်ရရှိ ခံစားစေရန် နှင့် ကာကွယ်စောင့်ရှောက်ရန်အတွက် ဆောင်ရွက်ချက်နှင့် ရလဒ်များကို ဓမ္မဓိဋ္ဌာန်ကျစွာ သုံးသပ်ဖော်ပြမှုများ အားနည်းသည့်အပြင် ပါဝင်သည့် အချို့အချက်အလက်များမှာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာ ရောက်ခြင်း၊ လာမည့်ရွေးကောက်ပွဲကို လွတ်လပ်၍ မျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်ရန် ကြိုးပမ်းနေမှုများကို မျက်ကွယ်ပြုလျက် ရွေးကောက်ပွဲ နှင့် ရလဒ်တို့အပေါ် ကြိုတင်ဝေဖန်ပြောကြားမှုများ ပါဝင်ခြင်း၊ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးမှ လက်ခံခြင်းမရှိသည့် ဝေါဟာရအသုံးအနှုန်းများ ပါဝင်နေခြင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အသိုက်အဝန်းနှင့် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများအပေါ် အထင်အမြင်လွဲမှားစေမည့် ရေးသားချက်များ ပါဝင်နေခြင်း စသည်တို့ကို စိစစ်တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
 
အလားတူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးမောင်ဝေက “ဒီလို နိုင်ငံအလိုက် ဆုံးဖြတ်ချက်ချ လုပ်ဆောင်မှုတွေကို ကန့်ကွက်ပါတယ်။ ဥရောပသမဂ္ဂကနေ လူ့အခွင့်အရေးအကြောင်းပြပြီး မြန်မာနိုင်ငံကို ပစ်မှတ်ထားတဲ့ ဒီဆုံးဖြတ်ချက် တင်သွင်းလာမှုအပေါ် စိတ်ပျက်မိပါတယ်။ နိုင်ငံတိုင်းနဲ့ အဆင်ပြေတဲ့ အခြေခံဥပဒေဆိုတာ မရှိပါဘူး။ ရွေးကောက်ပွဲရလဒ်တွေအပေါ် ကြိုတင်ခန့်မှန်းတာတွေကလည်း အခြေအမြစ် မရှိပါဘူး။ ပြုပြင်ပြောင်းလဲမှုတွေဟာ မြန်မာနိုင်ငံသားတွေအတွက် လူ့အခွင့်အရေးနဲ့ အခြေခံနိုင်ငံသားအခွင့်အရေးတွေ အများကြီး ခံစားခွင့်ပေးနေပါတယ်။ အထူးသဖြင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်နဲ့ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့် ကဏ္ဍတွေမှာ လွတ်လပ်မှုတွေ အများကြီးရှိပါတယ်” ဟု တုံ့ပြန်ပြောဆိုခဲ့သည်။
 
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဆိုပါဆုံးဖြတ်ချက်ကို ထောက်ခံကြောင်းနှင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး မြန်မာနိုင်ငံတွင် အမြန်ဆုံးဖွင့်လှစ်နိုင်ရန်လည်း တိုက်တွန်းကြောင်း မတ် ၂၇ ရက် က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
 
မြန်မာနိုင်ငံတွင် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေခြင်းကြောင့် ၁၉၉၂ ခုနှစ်မှစ၍ ကုလသမဂ္ဂမှ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး အခြေခံလူ့အခွင့်အရေး ခံစားခွင့်များ မရမီအချိန်ထိ နှစ်စဉ် သက်တမ်းတိုး၍ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်နေခြင်းဖြစ်သည်။

Most Read

Most Recent