၂၀၁၅ ရွေးကောက်ပွဲတွင် လက်နက်ကိုင်ဖိအားပေးမဲထည့်ခိုင်းခြင်း၊ လက်နက်နှင့် ခြိမ်းခြောက်မဲထည့်ခိုင်းခြင်းများ လုံးဝအဖြစ်ခံနိုင်မည်မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြား

၂၀၁၅ ရွေးကောက်ပွဲတွင် လက်နက်ကိုင်ဖိအားပေးမဲထည့်ခိုင်းခြင်း၊ လက်နက်နှင့် ခြိမ်းခြောက်မဲထည့်ခိုင်းခြင်းများ လုံးဝအဖြစ်ခံနိုင်မည်မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြား
Published 27 March 2015
နေရိုင်း၊ စိုးမင်းထိုက်

၂၀၁၅ ရွေးကောက်ပွဲတွင် လက်နက်ကိုင်ဖိအားပေးမဲထည့်ခိုင်းခြင်း၊ လက်နက်နှင့် ခြိမ်းခြောက်မဲထည့်ခိုင်းခြင်းများ လုံးဝအဖြစ်ခံနိုင်မည်မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နှစ် ၇၀ ပြည့်နှစ် တပ်မတော်နေ့အခမ်းအနားတွင် ပြောကြားသည်။နေပြည်တော်၌ မတ် ၂၇ ရက်ကပြုလုပ်သည့် တပ်မတော်နေ့အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၅ ခုနှစ် နိုဝင်ဘာလဆန်းတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် နိုင်ငံအတွက် ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ရာ၌ အလွန်အရေးကြီးသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်အောင် တာဝန်ရှိအဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲကြီး စနစ်တကျနှင့် ငြိမ်းချမ်းစွာအောင်မြင်ပြီး မြောက်စေရေးအတွက် အဓိကလိုအပ်ချက်သည် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဖြစ်ကြောင်း ပြောကြားသည်။"နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်ဆီးပြီး ရွေးကောက်ပွဲမှာ လက်နက်ကိုင်ဖိအားပေး မဲထည့်ခိုင်းတာတွေ၊ လက်နက်နဲ့ခြိမ်းခြောက်မဲထည့်ခိုင်းတာတွေ လုံးဝအဖြစ်ခံနိုင်မှာမဟုတ်ပါဘူး" ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်စစ်ကြောင်းကြီးများ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ချီတက်အလေးပြုစဉ်ဒီမိုကရေစီစနစ်ကိုအောင်မြင်အောင် အကောင်အထည်ဖော်ရာတွင် နိုင်ငံတည်ငြိမ်ရေးသည် အရေးကြီးသည့်ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းပပျောက်ရေးအတွက်ဆိုပါက ဒီမိုကရေစီစနစ်နှင့်အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဥပဒေဘောင်အတွင်းမှ ညှိနှိုင်းဆွေးနွေးအဖြေရှာမှသာ တူညီသည့်ရည်မှန်းချက် ရောက်ရှိမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် လက်နက်ကိုင်ဖိအားပေးမှုမရှိကြောင်း၊ စည်းကမ်းနှင့်အညီ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့်သာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မင်းမဲ့စရိုက်ဆန်စွာ ဥပဒေဘောင်ကိုကျော်လွန်ဆောင်ရွက်မှုများသည် ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်သွားစေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းအားလုံးသည် တစ်ဦးနှင့်တစ်ဦး ယုံယုံကြည်ကြည် ညှိနှိုင်းဖြေရှင်းရန်လိုအပ်ကြောင်း၊ နိုင်ငံရေးအမြင်ကွဲလွဲခြားနားမှုများကို လက်နက်ကိုင်နည်းဖြင့် ဖိအားပေးရယူရန် ကြိုးပမ်းမှုများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်ပျက်စီးစေသောကြောင့် တပ်မတော်အနေဖြင့် လက်ခံမည်မဟုတ်ကြောင်း ပြောကြားသည်။

တပ်မတော်စစ်ကြောင်းကြီးများ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ချီတက်အလေးပြုစဉ်တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးမူဝါဒခြောက်ရပ် ချမှတ်ထားကြောင်း၊ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက ကတိကဝတ်များကို တည်တည်ကြည်ကြည် စောင့်ထိန်းကြရန်လိုကြောင်း၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့်သာဖြေရှင်းရမည်ဖြစ်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်သည်မရှိမဖြစ်ပါဝင်ရမည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပါတီနိုင်ငံရေးကို ဦးစားပေးလွန်းပါက နိုင်ငံတည်ငြိမ်မှုမရှိနိုင်ကြောင်း ကမ္ဘာ့နိုင်ငံအချို့၏ဖြစ်ရပ်များက သာဓကပြနေကြောင်း၊  အမျိုးသားရေးဝါဒကို အစွန်းရောက်စွာကျင့်သုံးပါက နိုင်ငံတော်တည်ငြိမ်မှုကို အခက်တွေ့စေမည်ဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ဒီမိုကရေစီနည်းလမ်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသားရေးစိတ်ဓာတ်ကိုအခြေခံသည့် ဒီမိုကရေစီစနစ်ဖြင့်သာ အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ပြောကြားသည်။"ပြုပြင်ပြောင်းလဲမှုတွေမြန်ဆန်လွန်းပါက Shock ဖြစ်ပေါ်ပြီး မပြေလည်မှုတွေ၊ မငြိမ်သက်မှုတွေ ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပါတယ်။ အဲဒီအတွက် ပြုပြင်ပြောင်းလဲမှုတွေကို သင့်တင့်တဲ့နှုန်းထားနဲ့ ဟန်ချက်ညီမှု၊ ညီညွတ်မျှတမှုရှိအောင်ဆောင်ရွက်ခြင်းက ထိရောက်မှန်ကန်တဲ့ တိုးတက်ပြောင်းလဲမှုတွေကို ရရှိစေနိုင်ပါတယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။ဗျူရိုကရေစီစနစ်နှင့်ခေါက်ရိုးကျိုးနေသည့် ဝန်ထမ်းများ၏သဘောထားနှင့် ခံယူချက်ကို ပြုပြင်ပြောင်းလဲရန်လိုအပ်ကြောင်း၊ ဥပဒေနှင့်အညီ ဘက်လိုက်မှုမရှိဘဲ ပွင့်လင်းမြင်သာစွာဆောင်ရွက်သည့် အလေ့အကျင့်များ ပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ ရေသယံဇာတ၊ သစ်တောသယံဇာတ၊ စွမ်းအင်နှင့်လျှပ်စစ် စသည့်သဘာဝအရင်းအမြစ်များကို အကျိုးရှိစွာသုံးစွဲနိုင်ရန် ကောင်းမွန်သည့်အစီအမံများချမှတ် ထိန်းသိမ်းကာကွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးစွမ်းအား တည်ဆောက်သည့်နေရာတွင် စားသောက်နေထိုင်ရေးကအစ ငွေကြေး၊ ရုပ်ဝတ္ထု၊ ပစ္စည်းပိုင်းဆိုင်ရာများကို အလေအလွင့်မရှိအောင် အကျိုးရှိစွာသုံးစွဲတတ်ရန်လိုအပ်ကြောင်း ဆက်လက်ပြောကြားသည်။နှစ် ၇၀ ပြည့်တပ်မတော်နေ့အခမ်းအနားတွင် တိုက်လေယာဉ်များ၊ Myanmar Navy Seal တပ်ဖွဲ့ဝင်များ၊ ကြည်း၊ ရေ၊ လေ ကိုယ်စားပြုတပ်ဖွဲ့များ၊ ယန္တရားတပ်ဖွဲ့များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ချီတက်အလေးပြုခဲ့ကြသည်။တပ်မတော်နေ့အခမ်းအနားသို့ ဝန်ကြီးဌာနများမှတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။၂၀၁၅ ခုနှစ်တွင်ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားသို့ တပ်မတော်ကိုတည်ထောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးအရ အနားယူရန်လိုအပ်သည့်အတွက် မတက်ရောက်ခြင်းဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင်ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားများသို့တက်ရောက်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကပြောကြားသည်။

Most Read

Most Recent