သင်္ကြန်ကာလ အတွင်း၌ ထားဝယ်ဒေသသို့ ခရီးသွားများ ယခင်နှစ်ထက် ပိုမိုဝင်ရောက်လာနိုင်ပြီး ခရီးစဉ်အသစ်တစ်ခု အနေဖြင့် စိတ်ဝင်စားမှု မြင့်တက်လျက်ရှိ

သင်္ကြန်ကာလ အတွင်း၌ ထားဝယ်ဒေသသို့ ခရီးသွားများ ယခင်နှစ်ထက် ပိုမိုဝင်ရောက်လာနိုင်ပြီး ခရီးစဉ်အသစ်တစ်ခု အနေဖြင့် စိတ်ဝင်စားမှု မြင့်တက်လျက်ရှိ
Published 25 March 2015
ဖြိုးဇင် (ထားဝယ်)

ယခုနှစ် သင်္ကြန်ကာလအတွင်း၌ ပြည်တွင်းခရီးသွားလာသူများ အနေဖြင့် ထားဝယ်ဒေသသို့ ယခင်နှစ်များထက် ပိုမိုဝင်ရောက်လာနိုင်ပြီး ခရီးစဉ်အသစ်တစ်ခု အနေဖြင့် အပန်းဖြေခရီး သွားလာသူများနှင့် ဘုရားဖူးသူများက မြန်မာနိုင်ငံအတွင်းရှိ အခြားဒေသများထက် စိတ်ဝင်စားမှု ပိုမိုလာကြောင်း ခရီးသွားလုပ်ငန်းများမှ စုံစမ်းသိရသည်။ထားဝယ်ဒေသ၏ အထင်ကရဖြစ်သော ရှင်ကိုးရှင်ဘုရားများနှင့် မောင်းမကန်ကမ်းခြေတို့အပြင် ပြည်ပခရီးစဉ် တစ်ခုအဖြစ် ထားဝယ်မြို့မှ အရှေ့ဘက် မိုင် ၁ဝဝ ခန့်အကွာရှိ ထီးခီးနယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံ ကန်ချနာဘူရီမြို့သို့ သွားရောက်လည်ပတ်နိုင်သောကြောင့် စိတ်ဝင်စားမှု များပြားလာပြီး ခရီးစဉ်အသစ်တစ်ခုအဖြစ် ရွေးချယ်လာကြကြောင်း သိရသည်။“ပိတ်ရက်မှာ ခရီးသွားတွေက ထားဝယ်ခရီးစဉ်ကို တစ်နှစ်ထက်တစ်နှစ် ပိုစိတ်ဝင်စားလာကြတယ်။ အစ်မတို့ဆီကနေ ထားဝယ်ခရီးစဉ်ကို မနှစ်ကမှ စတင်ခဲ့တာ ဖြစ်ပြီးတော့ ကန်ချနာဘူရီ အလည်အပတ် ခရီးစဉ်နဲ့ တွဲပြီး ၅ အိပ် ၆ ရက်ခရီးစဉ် ရှိပါတယ်။ စားရိတ်ငြိမ်းဈေးနှုန်းကတော့ တစ်ဦးကို ၃၅ဝဝဝဝ ပါ။ ဒီဘက် ထားဝယ်ခရီးစဉ်က အခြားဒေသတွေလိုမျိုး မဟုတ်ဘဲ ထိုင်းက ကန်ချနာဘူရီကို သွားလို့ရတော့ ပိုပြီးစိတ်ဝင်စားလာတာပါ။ ထိုင်းဘက်ကိုတော့တစ်ဆင့် ကားတွေနဲ့ စီစဉ်ထားပြီး နယ်စပ်ဂိတ်က ယာယီပတ်ပိုစ့်နဲ့ ကန်ချနာဘူရီ ခရိုင်အတွင်းမှာ အလည်အပတ် ခရီးစဉ် ဖြစ်ပါတယ်။ ဘန်ကောက်အထိတော့ မရပါဘူး။ ဒီနှစ် ဘုရားဖူးရာသီ အစပိုင်းကစပြီး ခရီးစဉ်တွေ ထွက်ဖြစ်နေပါတယ်။ ထားဝယ်ခရီးစဉ်က ကားနဲ့သွားလို့ရတဲ့ ရွှေလီ၊ ချင်းမိုင်နဲ့ မဲဆောက်ခရီးစဉ်တွေလိုမျိုး ခရီးသွားတွေ တိုးတက်လာနိုင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်လာနိုင်ပါတယ်” ဟု GL အဆင်မြင့် ခရီးသွားလုပ်ငန်းမှ ဒေါ်နီနီက ပြောကြားသည်။ထားဝယ်ဒေသ ခရီးစဉ်မှာ ယခင်က လမ်းပိုင်းအခြေအနေ ဆိုးရွားမှုကြောင့် ခရီးသွားများ လာရောက်မှု နည်းပါးခဲ့ပြီး ယခုအခါ ဒေသတွင်းလမ်းများ ကောင်းမွန်လာမှုအပြင် မြန်မာပြည် အပေါ်ပိုင်းရှိ ခရီးစဉ်များနှင့် မတူဘဲ ထိုင်းနိုင်ငံသို့ပါ သွားရောက်နိုင်သောကြောင့် မြန်မာပြည်တွင်း ခရီးစဉ်များအား ရိုးအီနေသည့် ခရီးသွားသူများအတွက် ခရီးစဉ်အသစ် တစ်ခုအဖြစ် စိတ်ဝင်စားလာကြခြင်းဖြစ်ကာ ခရီးသွားလုပ်ငန်းများ အနေဖြင့်လည်း ဈေးကွက်အသစ်တစ်ခု ဖြစ်လာကြောင်း သိရသည်။“ထိုင်းဘက်က ကန်ချနာဘူရီဘက်ကိုပါ သွားလည်လို့ရတဲ့ ခရီးစဉ်ပါ ရှိလာတော့ စိတ်ဝင်စားမှု များလာပြီး ခရီးသွားလုပ်ငန်း အများစုကပါ ဈေးကွက်အသစ် တစ်ခုအဖြစ် စိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်။ အများစုကတော့ ရိုးအီနေပြီဖြစ်တဲ့ မြန်မာပြည်အပေါ်ပိုင်း ခရီးစဉ်တွေ ကွဲပြားတဲ့ ခရီးစဉ်တစ်ခုအဖြစ် ထားဝယ်ခရီးစဉ်ကို ရွေးချယ်လာကြတာပါ။ ဦးတို့ဆီမှာတော့ ခရီးသွားရာသီစတဲ့ သီတင်းကျွတ်ကစလို့ ထားဝယ်ခရီးစဉ်ကို ဆက်တိုက် ထွက်ဖြစ်နေပါတယ်။ ထားဝယ် ရှင်ကိုးရှင်နဲ့ မောင်းမကန်ခရီးစဉ်ကို ၄ ညအိပ် ၅ ရက်ခရီး တစ်ဦးကို ၁၂ဝဝဝဝ နဲ့ ဘုန်းကြီးကျောင်းတည်း စီစဉ်ထားပါတယ်။ ကန်ချနာဘူရီဘက်ကိုတော့ သွားချင်တဲ့သူရှိရင် တစ်ဆင့်သွားကားတွေနဲ့ စီစဉ်ပေးပါတယ်။ ထားဝယ်ကို ဒီနှစ်သင်္ကြန်မှာ အရင်နှစ်ထက် ခရီးသည်တွေ ပိုဝင်နိုင်မယ်လို့ ထင်တယ်။ ဦးတို့ဆီက ကားကိုးစီးထွက်ဖို့ ရှိတယ်။ ပုံမှန်ကတော့ သောကြာနေ့တိုင်း ခရီးစဉ် ရှိပါတယ်။ အပေါ်ဘက် ခရီးစဉ်တွေနဲ့ ကွာတာကတော့ တည်ခိုခန်း မလုံလောက်တာရယ်၊ ရေနဲ့တည်းခိုဖို့ အဆောက်အအုံပိုင်းတွေ အားနည်းတာတွေပါ။ ဒါတွေကလည်းနောက်ပိုင်း ပြုပြင်နိုင်မယ် ထင်မိပါတယ်။ ထားဝယ်ဒေသ ခရီးစဉ်က သီးသန့်အသစ်တစ်ခုလို ဖြစ်နေတော့ နောက်ပိုင်းတိုးတက်လာမယ် ထင်မိပါတယ်” ဟု ထားဝယ်ဒေသ ခရီးစဉ်များအား လွန်ခဲ့သည့် ၁ဝ နှစ်ခန့်က စတင်လုပ်ကိုင်နေသည့် နန်းဦးလှိုင် ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလ အတွင်းက ထားဝယ်ဒေသတွင်းသို့ ခရီးသွားများ လာရောက်လည်ပတ်မှုမှာ ဆယ်စုနှစ် တစ်ခုကျော်အတွင်း အများဆုံးဖြစ်ခဲ့ပြီး အခန်းကြိုတင် ငှားရမ်းခဲ့မှုများကြောင့် မြို့ပေါ်နှင့် မောင်းမကန်ကမ်းခြေရှိ ဟိုတယ်နှင့် ဘန်ဂလိုအားလုံးတွင် အခန်းများအားလုံး ပြည့်နေခဲ့ရာ လာရောက်လည်ပတ်သူ ခရီးသွားအချို့ နေရာထိုင်ခင်း အခက်အခဲ ကြုံတွေ့ခဲ့မှုများ ဖြစ်ပွားခဲ့သည်။ထားဝယ်ဒေသ ဘုရားဖူးခရီးစဉ်နှင့်အတူ ထားဝယ်ဒေသရှိ ထီးခီးနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံဘက်ခြမ်း ကန်ချနာဘူရီမြို့သို့ သွားရောက်လည်ပတ်သူများမှာ ကန်ချနာဘူရီမြို့ပေါ်ရှိ သေမင်းတမန် ရထားလမ်းကဲ့သို့ အထင်ကရ နေရာများကို လည်ပတ်ခြင်းနှင့် ကုန်တိုက်ကြီးများတွင် ဈေးဝယ်ထွက်ခြင်းတို့ကိုပြုလုပ်ရန် ထားဝယ်ဒေသမှ တစ်ဆင့်သွား ခရီးစဉ်များလည်းရှိပြီး တစ်ညအိပ် နှစ်ရက်ခရီးစဉ်အတွက် တစ်ဦးလျှင် စားရိတ်ငြိမ်း ကျပ်တစ်သိန်းကျော်ခန့် ကျသင့်ကြောင်း ထားဝယ်ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။    

Most Read

Most Recent