ပဋိပက္ခနှင့် တုံ့ပြန်မှု

ပဋိပက္ခနှင့် တုံ့ပြန်မှု
Published 24 March 2015
ဒေါက်တာခင်မောင်ညို

(၁)ဒီမိုကရေစီကိုအသွားဆိုတော့ မတူကွဲပြားမှုများစွာကို တွေ့ရပေမည်။ ထိုအတွက် စိတ်ရှည်သည်းခံ ရပါသည်။ တစ်ချိန်က အကြောင်းကို ပြောပြလိုသည်။ ကျွန်တော် တက္ကသိုလ်တွင် ဆရာပေါက်စ ဖြစ်ခါစကပါ။ အသက်ကလည်း ငယ်သည်။ တပည့်တွေက လည်းပေါသည်။ တက္ကသိုလ်တွင် မေဂျာစနစ် လုပ်သောကြောင့် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် ကျွန်တော်တို့ ဓာတုဗေဒဘာသာရပ်သည် ထိပ်ပိုင်းတွင် ရှိသည်။ ကိုယ့်တပည့်နှင့် သူ့တပည့်နှိုင်းယှဉ်ကလည်း ကိုယ့်တပည့်က သာသလိုဖြစ်နေသည်။ ထိုကြောင့် မိမိကိုယ်တိုင် မြောက်ကြွမြောက်ကြွနှင့် ဘဝင်မြင့်နေပါသည်။ တစ်ရက်တွင် အခန်းဖော်ဖြစ်သူ ဆရာက အကြောင်းအရာတစ်ခုနှင့် ပတ်သက်၍ ကျွန်တော့်ကိုပညာပေးသည်။ “ဒီမှာ ကိုခင်မောင်ညို၊ နေရာတကာ ခင်ဗျားကိုယ် ခင်ဗျားစိတ်ချည်းပဲ၊ ဒီလိုလုပ်လို့မရဘူးဆိုတာ သတိထားမှပေါ့” သူပြောတာ ဟုတ်ပါသည်။ ကျွန်တော်လွန်သွားပါသည်။ သူပြောဆိုသည့်အတွက် ကျွန်တော်အသင့်အတင့် ထိန်းနိုင်ခဲ့ပါသည်။ ယနေ့တွင် ထိုအခန်းဖော် သူငယ်ချင်းဆရာအား ဒီအကြောင်းပြောပြတော့ သူသတိမရပါ။ သို့သော် ကျွန်တော်က သူ့ကို ယနေ့တိုင် ကျေးဇူးတင်နေပါသည်။ ကျွန်တော်တို့ မှားကြပါသည်။ မိတ်ဆွေကောင်းများသည် ကျွန်တော်တို့အမှားတွေကို ထောက်ပြပါသည်။(၂) ကျွန်တော်တို့ မြန်မာနိုင်ငံမှာသာ မဟုတ်ပါ။ ကမ္ဘာမှာလည်း ပဋိပက္ခများစွာကို မြင်နေရသည်။ လူပေါင်းများစွာသည် ပုံစံမျိုးစုံဖြင့် အသတ်ခံနေရသည်။ ဒီနေ့ ကျွန်တော်စာရေးနေသည့်နေ့က မတ် ၂ဝ ရက် ဖြစ်သည်။ ဒီနေ့မှာ ယီမင်နိုင်ငံ ဗလီတွင် ပစ်ခတ်၍ လူ ၄ဝ ကျော် သေဆုံးသည်။ ယမန်နေ့က တူနီးရှားနိုင်ငံပြတိုက်တွင် ပစ်ခတ်သောကြောင့် နိုင်ငံခြားသားများ အပါအဝင် ၁၇ ဦး သေဆုံးသည်။အဲဒီမတိုင်ခင်ရက်တွေက နက်ဖြန်တွင် ပဋိပက္ခများဖြင့် လူများစွာ တစ်ယောက်ကိုတစ်ယောက် သတ်နေကြဦးမည် ဖြစ်သည်။ တစ်ယောက်ကဆိုသည်။ ကျွန်တော်တို့ မှန်သည်။ ကျွန်တော်တို့ ဘာသာရေးအဆုံးအမက ဒီလိုဆိုထားသည်။ ဒီလူတွေကို သုတ်သင်ရမည်။ နောက်တစ်ယောက်ဆိုသည်။ ကျွန်တော်တို့ မှန်သည်။ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုလုပ်လို့မရဘူး။ ချေမှုန်းရမည်။ ကျွန်တော်တို့အားလုံး မှန်ကြပါသည်။ သို့သော် မတူကြပါဘူး။ မတူတာဟာ မှားတာမှန်တာပဲ။ လွန်ခဲ့တဲ့ နှစ် ၂ဝ က ဒီနေ့မှာ တိုကျိုမြေအောက် ရထားဘူတာမှာ ဆာရင်အဆိပ်ငွေ့ဖြင့် လူပေါင်းများစွာ သေသည်။ နှစ် ၂ဝ မြောက် နှစ်လည်ပွဲကို ကျင်းပသည်။ မြောက်မြားလှစွာသော နှစ်လည်ပွဲတွေကို တွေ့ရပါမည်။ ဇူလိုင် ၁၉ ဆို လာပါဦးမည်။ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသောနေ့ပါပဲ။ ဒါလည်း မတူတဲ့အမြင်များဖြင့် တစ်ယောက်နှင့် တစ်ယောက် သတ်ကြတာပဲ။ ဘာကြောင့်အမုန်းတွေကို အခြေခံရတာလဲ။ လူတွေကိုလူတွေ သတ်နေသမျှ ပြဿနာတွေ ကြီးနေဦးမှာဖြစ်သည်။(၃)မကြာသေးမီက သတင်းထဲ ဖတ်လိုက်ရသည်။ တရုတ်နိုင်ငံသည် ကမ္ဘာတွင် လက်နက်အများဆုံး ရောင်းချသောနိုင်ငံဖြစ်သည်။ ထိုနိုင်ငံမှ လက်နက်အများဆုံး ဝယ်သော တတိယနိုင်ငံသည် မြန်မာဖြစ်သည်။ မြန်မာတွင် ရန်သူများသည်။ လက်နက်ဝယ်ရန် လိုသည်ဟု ယူဆကလည်း ယူဆနိုင်သည်။ ဒီအတွက် အပြစ်တင်ဖို့စောနေပါသေးသည်။ သို့သော် လက်နက်သည် ဈေးအင်မတန်ကြီးသည်။ တိုက်ပွဲတွင် ကျည်တွေ ဒလဟောပစ်နေသည်ကို တွေ့ရပေမည်။ Automatic သေနတ်မှ မောင်းတစ်ချက်ဆွဲပါက တစ်စက္ကန့်အတွင်း ကျည် ၁ဝ တောင့်မက ထွက်သွားပေမည်။ ကျည်တစ်တောင့်သည် ဆင်းရဲသောနိုင်ငံတွင် လူတစ်ယောက် ထမင်းတစ်နပ်နှင့် တူသည်။ အကယ်၍ ရန်သူမရှိပါက ထိုကျည်ဆန်များသည် ဆန်ရေစပါး ဖြစ်သွားပေမည်။ စားစရာမရှိ၍ ငိုရှိုက်နေသူများအတွက် ထမင်းတစ်နပ် ဖြစ်လာပေမည်။ လက်နက်ခဲယမ်း မီးကျောက်တွေတင် မကပါဘူး။စစ်ကားများ : အဲဒီကားတွေသုံးသည့် လောင်စာဆီများ၊စစ်ရေယာဉ်များ : အဲဒီရေယာဉ်တွေသုံး သည့် လောင်စာဆီများ၊စစ်လေဟာဉ်များ :  အဲဒီလေယာဉ်တွေ သုံးသည့် လောင်စာဆီများ၊အဲဒီကနေ ဘာကုန်ထုတ်လုပ်မှုကိုမှ မစွမ်းဆောင် မထုတ်ပေးနိုင်ဘူး။ လူသားတွေကို ဘာမှ အကျိုးမပြုပါဘူး။ သို့သော် စစ်စရိတ်ကို ပိုပိုမိုမို သုံးကြသည်။ နိုင်ငံတကာတွင် စစ်သုံးစရိတ်သည် ပညာရေးအသုံးစရိတ်ထက် ပိုသည်ချည်းဖြစ်သည်။အဓိကကတော့ လူတို့၏ လုံခြုံမှုနိုင်ငံ၏ အချုပ်အခြာပိုင်မှုက အရေးကြီးသည်။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံသည် လူဦးရေ အင်မတန်မှများသော တရုတ်နှင့် အိန္ဒိယနိုင်ငံနှစ်ခုအကြား တည်နေခြင်းသည် လုံခြုံရေး ကာကွယ်ရေးအတွက် အရေးကြီးနေပါသည်။သို့သော် နိုင်ငံတော်တိုးတက်မြင့်မားရေးအတွက် ပညာရေးသည်လည်း အရေးပါနေပြန်သည်။ အကယ်၍ ဘယ်သူက ပိုအရေးပါသည်ကို ငြင်းခုံမည်ဆိုပါက အဖြေရှိမှာ မဟုတ်ပါ။ ပဋိပက္ခများသာ ဖြစ်နေပါတော့မည်။ (ရွေးကောက်ပွဲပြီးလျှင် စစ်တပ်က စစ်တန်းလျားပြန်မည်ဟု ပြောသွားသော ဗိုလ်ချုပ်မှူးကြီးစောမောင် အသက်ဆုံးရှုံး ပျက်စီးသွားသည်။)(၄)ပဋိပက္ခများတွင် သားကောင်မှာ ပြည်သူများသာ ဖြစ်သည်။ သို့သော် မုဆိုးလည်း သားကောင်ဖြစ်၍ သားကောင်လည်း မုဆိုးဖြစ်လာတတ်သည်။ ဥပမာ၊ ပြင်သစ်ဧကရာဇ် နပိုလီယံသည် အင်မတန်ဩဇ ကြီးခဲ့သည်။  သူ့ကို အင်္ဂလိပ်တို့ ဖမ်းမိသောအခါ အထီးကျန်ဘဝနှင့် ကျွန်းလေးတစ်ကျွန်းတွင် ကွယ်လွန်ရသည်။ ရေမြေ့ရှင်ဟုခေါ်သော မြန်မာဘုရင်သည်လည်း ဗြိတိသျှတို့က ကြက်လေးငှက်လေးသဖွယ် ယူဆောင်သွားသည်။ကမ္ဘာသူကမ္ဘာသားများသည် သားကောင်အဖြစ် အကြိမ်ကြိမ်ဖြစ်သလို မုဆိုးလည်း အကြိမ်ကြိမ်ဖြစ်ပါသည်။ အဟိံသက ခေါ် အဂုၤလိမာလအကြောင်း မြန်မာတွေ သိကြသည်။ အင်္ဂုလိမာလသည် သူ့ဆရာ၏ စေခိုင်းချက်ကြောင့် လက်ညိုးပေါင်းတစ်ထောင် ဖြတ်ယူဖို့ ကြိုးစားခဲ့သည်။ သူ၏နောက်ဆုံး ကျွတ်တန်းဝင်မည့်နေ့တွင် ဗုဒ္ဓနှင့်တွေ့သည်။ အဟိံသက (အင်္ဂုလိမာလ) သည် ဗုဒ္ဓနောက်ကို လိုက်သည်။ သူ ဘယ်လိုလိုက်လိုက် မမီချေ။ဒီတော့ အင်္ဂုလိမာလကပြောသည်။ “အို ရဟန်းကြီး၊ ကြောက်ပြီး ဘာလို့ပြေးနေတုန်း” တဲ့ ဗုဒ္ဓက “ချစ်သား အင်္ဂုလိမာလ၊ ငါမပြေး၊ သင်သည်သာ ပြေးနေ၏။ သင်သည် တစ်သံသရာပတ်လုံး ဒီလိုပြေးနေသည်တကား” ဟု ဆိုသည်။ ဒီတော့မှ အင်္ဂုလိမာလက တရားရသွားလေသည်။ ကျွန်တော်တို့သည် ပစ္စည်းဥစ္စာ တိုက်တွေကားတွေ ရတနာတွေနောက်ကို လိုက်နေကြသည်။ ဘယ်သူတရားပြပြ မရပါ။ တစ်သံသရာလုံး လိုက်နေကြပါဦးမည်။ မကျေနပ်၍ တစ်ယောက်ကို တစ်ယောက်သတ်သည်။ သိက္ခာချသည်။ ထိုင်းတွင် ဝန်ကြီးချုပ်ဟောင်း ယင်လတ်ကို သိက္ခာချသည်။ တရားစွဲတော့မည်။ ယီမင်တွင် သမ္မတ ထွက်ပြေးရသည်။ လစ်ဗျားမှ ကဒါဖီ၊ အီရတ်မှ ဆက်ဒန်ဟူစိန်။သူကလိုက် လိုက်၊ ပြည်သူကပြေးလိုက်။ ပြည်သူကလိုက် လိုက် သူတို့ပြေးလိုက်ပါပဲ။ အင်္ဂုလိမာလလိုမျိုး ဥပမာပြစရာတွေ များလေ၏။ ပဋိပက္ခများသည် ကမ္ဘာတစ်ခွင် များပြားလှပါသည်။ ကမ္ဘာကြီးတွင် လူတိုင်းအတွက် ရှိသည်။ လုံလုံလောက်လောက် ရှိသည်။ သို့သော် ကမ္ဘာ့လူဦးရေ တစ်ရာခိုင်နှုန်းသည် လူဦးရေ ၅ဝ ရာခိုင်နှုန်းထက် ပိုယူူထားသည်။ ဒီရာခိုင်နှုန်း ၅ဝ သည် အလွန်အမင်း ဆင်းရဲနေသည်။ ကျည်ဆန်တွေပေးမလား။ ဆန်တွေ ပေးမလား။ မျှဝေပေးမလား။ ဒုက္ခတွေ ပေးမလား။(၅)အစိုးရသည် ကလေးစကားမပြောရန်လည်း လိုသည်။ “သူတို့ချလို့ ကျွန်တော်တို့ ချတာပါ။ သူတို့ခဲနဲ့ပစ်လို့” ဟု မပြောရပါဘူး။ ဘာအရေးကြီးလဲ။ တို့ ဘာအတွက်လုပ်တာလဲ၊ သူတို့ ဘာအတွက်လုပ်တာလဲ။ ရည်ရွယ်ချက်များကို သိကြဖို့လိုပါသည်။ သိပြီးမမေ့ဖို့လည်း လိုပါသည်။ ဆင်ခြင်ကြရပါမည်။

Most Read

Most Recent