ပြည်သူ့အစိုးရဆိုလျှင် ပြည်သူ့ဆန္ဒနှင့်အညီ လုပ်

ပြည်သူ့အစိုးရဆိုလျှင် ပြည်သူ့ဆန္ဒနှင့်အညီ လုပ်
Published 23 March 2015
ဒေါက်တာရန်မျိုးသိမ်း

တိုင်းရင်းသား ပြည်သူလူထု အများစုကို ကိုယ်စားပြုသည့် ပြည်သူ့အစိုးရ စစ်စစ်ဆိုလျှင် တိုင်းရင်းသားပြည်သူလူထု အများစုကြီး၏ ဆန္ဒသဘောထားနှင့် လိုက်လျောညီထွေ၊ ဆင်ခြင်တွေးတော၊ ပြောဆို၊ လုပ်ဆောင်ရမည်ဖြစ်သည်။ ပြည်သူကို ဗဟိုပြုသော၊ ပြည်သူကို မျက်နှာမူသော အစိုးရစစ်စစ်တို့သည် ပြည်သူကို လှည့်စားလေ့ မရှိ။ ပြည်သူကို နောက်ကျောဓားနှင့်ထိုးလေ့ မရှိ။ ပြည်သူ့မျက်နှာ အိုးမည်းသုတ်လေ့ မရှိ။ ပြည်သူ့ဆန္ဒနှင့်အညီ အလုပ်လုပ်သော အစိုးရသည်သာ ဒီမိုကရေစီအစိုးရ ဖြစ်နိုင်ပြီး ဒီမိုကရေစီ အပြောင်းအလဲကို လက်တွေ့ကျကျ ပဲ့ကိုင်နိုင်မည်ဖြစ်သည်။မြန်မာနိုင်ငံ အစိုးရများနှင့် လွှတ်တော်များအနေဖြင့် ပြည်သူကို မျက်နှာမူ၊ မမူ၊ ပြည်သူ့ဆန္ဒကို ကိုယ်စားပြု၊ မပြု၊ ပြည်သူလူထုဘက်က ရပ်၊ မရပ် စဉ်ဆက်မပြတ် မေးခွန်းထုတ်ရန် လိုအပ်မည်ဖြစ်သည်။ အပြောနှင့်အလုပ်ညီသော၊ ပြည်သူကို ပွင့်လင်းမြင်သာစွာ မျက်နှာမူသော အစိုးရသည်သာ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို ခေါင်းကိုင်ကြပ်မတ်နိုင်မည်ဖြစ်သည်။ လက်ငင်းမြန်မာ့နိုင်ငံရေးတွင် နောက်ကြောင်းပြန်၊ မပြန်ကိစ္စ၊ တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင်မှုကိစ္စ၊ အစိုးရနှင့် လွှတ်တော်များသည် ဒီမိုကရေစီ ကျ၊ မကျ ကိစ္စများသည် သော့ချက်ကျသော စိန်ခေါ်မှုများ ဖြစ်လျက်ရှိသည်။ဘီဘီစီ သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးသည် နောက်ကြောင်းပြန်လှည့်စရာ အကြောင်းမရှိကြောင်း ရဲရဲကြီး အာမခံပြောကြားခဲ့သည်။ လက်ရှိကာလတွင် ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်နေကြောင်း၊ ပုံမှန်လျှောက်လှမ်းနေပြီ ဖြစ်ကြောင်းလည်း ဖြေကြားခဲ့သည်။ ပြုပြင်ပြောင်းလဲရေး ရပ်ဆိုင်းနေသည်၊ တုံ့ဆိုင်းနေသည်ဟု သုံးသပ်ချက်များကို သမ္မတက ပယ်ချခဲ့ပြီး အရှိန်အဟုန်နှင့် သွားနေကြောင်း အတည်ပြုပြောကြားခဲ့သည်။ တပ်မတော်ကြောင့် ပြုပြင်ပြောင်းလဲရေးသည် တုံ့ဆိုင်း၊ နှေးကွေးသွားရသည်မှာ မဟုတ်ကြောင်း၊ တပ်မတော်သည် ပြည်သူလူထု၏ အကျိုးစီးပွားကို ပါဝင်ကူညီဆောင်ရွက်ဖို့ အမျိုးသားနိုင်ငံရေး လုပ်နေခြင်းဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က အခိုင်အမာ ပြောကြားခဲ့သည်။မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသည် နောက်ကြောင်းပြန်လှည့်စရာ အကြောင်းမရှိကြောင်း သမ္မတကြီး၏ အာမခံချက်ကို အပြည့်အ၀ ထောက်ခံပါသည်။ မြန်မာ့ပြုပြင်ပြောင်းလဲရေးသည် နောက်ကြောင်းပြန်လှည့်နေသည်၊ တုံ့ဆိုင်းနေသည်ဟု သုံးသပ်ကြသော ပြည်တွင်း၊ ပြည်ပ အကျော်ဇေယျပညာရှင်များကို မည်သည့်အချက်များက နောက်ကြောင်းပြန်နေသည်ကို သက်သေပြုနိုင်သနည်းဟု မေးခွန်းထုတ်လိုပါသည်။ နောက်ကြောင်းပြန်လှည့်သည်ဟု သတ်မှတ်နိုင်ရန်၊ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် သိသာမြင်သာစွာ ရှေ့တိုးခြေလှမ်း လှမ်းနေသည်ဟု သတ်မှတ်နိုင်သော အထောက်အထားများ လိုအပ်မည် ဖြစ်သည်။ မြန်မာ့ပြုပြင်ပြောင်းလဲရေးသည် သိသိသာသာ ရှေ့တိုးခြေလှမ်း လှမ်းနေချိန်တွင် လားရာဆန့်ကျင်သော ခြေလှမ်းများကို ခိုင်ခိုင်မာမာ တွေ့ရှိမှသာ နောက်ကြောင်းပြန်နေပြီဟု ကောက်ချက်ဆွဲနိုင်မည် ဖြစ်သည်။                    လက်ငင်း မြန်မာ့နိုင်ငံရေးသည် ရှေ့တိုးပြောင်းလဲနေသည်ဟု သုံးသပ်ရန် ခဲယဉ်းပြီး ပြုပြင်ပြောင်းလဲရေးသည် ရှေ့မတိုး၊ နောက်မဆုတ်၊ ဘေးတိုက်သွားနေသော ဂဏန်းနှင့်တူသည့် အသွင်သဏ္ဌာန်ဖက် ယိမ်းနေသည်ဟု သုံးသပ်နိုင်သည်။ အောက်ခြေပြည်သူလူထု အများစုကြီးသည် စားဝတ်နေရေးတွင် ပိုမိုကြပ်တည်း ဆင်းရဲလာနေပြီး တိုင်းပြည်၏ စီးပွားရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် ပြည်သူလူထု၏ အကျိုးခံစားနိုင်ခြေကို ဆန်းစစ်လျှင် ၁၉၉၂ ခုနှစ်တစ်ဝိုက် ကာလများထက် နိမ့်ကျနေသည်ကို တွေ့ရှိရသည်။ လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိလိုက်စားမှုများသည် ထိုးထောင်တက်လာနေပြီး ထိထိရောက်ရောက် အရေးယူမှုအပိုင်းတွင် အားနည်းနေဆဲဖြစ်သည်။ လူမှုရေး၊ ကျင့်ဝတ်နှင့် စာရိတ္တ ပွန်းပဲ့မှုများသည်လည်း အုံနှင့်ကျင်းနှင့် အားကောင်းနေဆဲဖြစ်သည်။ ဖော်ပြပါ အခြေအနေများအောက်တွင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် ရှေ့တိုးခြေလှမ်းလှမ်းနေသည်ဟု သုံးသပ်မည်ဆိုလျှင် ယုံတမ်းစကားပင်ဖြစ်မည်။သို့ဖြစ်၍ ရှေ့တိုးပြောင်းလဲခြင်း မရှိသော၊ ဘေးတိုက်ဂဏန်းသွား သွားနေသော၊ သောင်မတင်ရေမကျ လက်ငင်းမြန်မာ့ပြုပြင်ပြောင်းလဲရေးသည် နောက်ကြောင်းပြန်လှည့်စရာ အကြောင်းမရှိဟု သုံးသပ်နိုင်ခြင်းဖြစ်သည်။ နောက်ကြောင်း ပြန်လှည့်မည်ဟု ပြောဆိုနေသည့် ပညာရှင် အကျော်ဇေယျများ အနေဖြင့် လက်ငင်းမြန်မာ့ အပြောင်းအလဲသည် ရှေ့ကိုမတိုးနိုင်သေးသည့်၊ ကဏန်းသွား အနေအထားတွင် ရှိနေသည်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ရန် အရေးကြီးသည်။ အကယ်စင်စစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် နောက်ကြောင်းပြန်လှည့်ဖို့ထက် ဘယ်သောင်ဘယ်ကမ်းဆိုက်နေမှန်း မသိသော၊ လမ်းပျောက်နေသော ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်ဟု အမည်တပ်နိုင်သည်။   မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ရောက်ရှိနေပြီး ပုံမှန်လျှောက်လှမ်းနေပြီဖြစ်ကြောင်း သမ္မတကြီး၏ ဖြေကြားချက်သည်လည်း ပကတိ အခြေအနေများနှင့် ကင်းလွတ်နေသည်။ ဒီမိုကရေစီသည် ပြည်သူလူထုက တိုက်ရိုက်ရွေးကောက် တင်မြှောက်သော၊ ပြည်သူလူထုကိုယ်စားပြု အုပ်ချုပ်ရေးပင်ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် နေရာရယူထားသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် ပြည်သူလူထုက ရွေးချယ်သူများ မဟုတ်သည့်အပြင် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် ဒီမိုကရေစီနည်းကျ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဟု သတ်မှတ်နိုင်ခြေနည်းပါးသည့်အလျောက်၊ အဆိုပါရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက် ခံရသူများသည် ပြည်သူ့ကိုယ်စားလှယ်များဟု စင်းလုံးချော သတ်မှတ်နိုင်ခြေ မရှိသည့်အလျောက် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ရောက်ရှိနေပြီဟု ကောက်ချက်ပြုရန် ခဲယဉ်းမည်ဖြစ်သည်။
 ပြည်သူ့အစိုးရဆိုလျှင် ပြည်သူ့ဆန္ဒနှင့်အညီ အလုပ်လုပ်ရမည်ဖြစ်သည်။ ပြည်သူ့မျက်နှာသာကြည့်ပြီး မည်သူ့မျက်နှာမှမကြည့် အလုပ်လုပ်မည့် သူရဲကောင်းများကို အစိုးရများနှင့် လွှတ်တော်များတွင် အလိုရှိလျက်ရှိသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အလွန်၊ နိုင်ငံရေး အခင်းအကျင်းတွင် ပြည်သူလူထုကို အပြောမဟုတ် အလုပ်နှင့် သက်သေပြု မျက်နှာမူသော သူရဲကောင်းများများလေလေ . . . . .

အမျိုးသားခေါင်းဆောင်ကြီး တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၆ ခုနှစ် စက်တင်ဘာလ ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံတွင် လူတွေက တင်မြှောက်ပြီး၊ လူတွေရဲ့ အကျိုးကို လုပ်တဲ့လူတွေရဲ့ အစိုးရသာလျှင် ဒီမိုကရေစီဖြစ်နိုင်မယ်။ အခြားဟာတော့ ဒီမိုကရေစီအစစ် မဖြစ်နိုင်ဘူး။ အတုတွေသာ ဖြစ်တယ်ဟု ဒီမိုကရေစီအစိုးရနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း မိန့်ကြားခဲ့သည်။ ထို့ကြောင့် လက်ရှိအစိုးရများ၊ လွှတ်တော်များသည် လူတွေက တင်မြှောက်သော စင်းလုံးချောများ ဟုတ်၊ မဟုတ် ပွင့်လင်းမြင်သာမှုရှိရှိ အကဲဖြတ် မှတ်ကျောက်တင်ခံနိုင်ရန် လိုအပ်မည်ဖြစ်သည်။ရွေးကောက်ပွဲများ ကျင်းပနိုင်ရုံ၊ အစိုးရနှင့် လွှတ်တော်များကို ရွေးကောက်ပွဲမှတစ်ဆင့် ဖွဲ့စည်းနိုင်ရုံ၊ သတင်းမီဒီယာများ အတိုင်းအတာတစ်ခုအထိ လွတ်လပ်ရုံနှင့် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲသည် ရှေ့သို့တိုးနေပြီဟု သုံးသပ်မည်ဆိုလျှင် နိုင်ငံရေးသတ်ကွင်းထဲ ဧကန်မုချ ရောက်သွားနိုင်သည်ကို မျက်ခြည်မပြတ်သင့်ပေ။ အာဏာရှင်နိုင်ငံများတွင်လည်း ရွေးကောက်ပွဲများ ကျင်းပလေ့ရှိပြီး ရွေးကောက်ပွဲမှတစ်ဆင့် အစိုးရနှင့် လွှတ်တော်များကို ဖွဲ့စည်းကြသည်ချည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် သတင်းမီဒီယာများသည် အတိုင်းအတာ တစ်ခုအထိ လွတ်လပ်သည်ဟု ဆိုနိုင်လင့်ကစား၊ တစ်ချိန်တည်းတွင် သတင်းထောက်များကို ဖမ်းဆီးထောင်ချခြင်း၊ အန္တရာယ်ပြုခြင်း၊ ခြိမ်းခြောက်ခြင်းတို့လည်း အားကောင်းလျက်ရှိနေသည်ကို သတိကြီးကြီးထား စောင့်ကြည့်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ဖမ်းဆီးခံကျောင်းသားများ ပြန်လည်လွတ်မြောက်ရေး လက်ပတ်ဖြူလှုပ်ရှားမှု တစ်ခုကို တောင်ငူမြို့တွင် ပြုလုပ်စဉ် (ဓာတ်ပုံ - ဇော်ဝင်းချစ်)
သမ္မတဦးသိန်းစိန်က ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲရန် တပ်မတော်က ပုံဖော်ပေးခြင်းဖြစ်ကြောင်း၊ ၂၀၀၃ ခုနှစ်ကတည်းက နိုင်ငံရေးလမ်းပြမြေပုံ (၇) ချက်ကို ချမှတ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ဒီမိုကရေစီစနစ်ကို ပြောင်းလဲလာခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ပြောင်းလဲရာတွင် တပ်မတော်သည် အဘက်ဘက်မှ အကူအညီပေးလျက်ရှိကြောင်း ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားခဲ့သည်။ သမိုင်းမှတ်တမ်းမှတ်ရာများအရ ကြည့်မည်ဆိုလျှင် ၁၉၆၂ ခုနှစ် မတ် ၂ ရက် တပ်မတော်အကြီးအကဲများက တိုင်းပြည်အာဏာ သိမ်းယူပြီးနောက်ပိုင်းတွင် တိုင်းပြည်၏ စီးပွားရေးအခြေအနေသည် ဇောက်ထိုးကျဆင်းလာခဲ့ပြီး ယနေ့ကာလတွင် အရှေ့တောင်အာရှ၌ အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေသည်ကို တွေ့ရှိရသည်။ တပ်မတော်အကြီးအကဲများ အနေဖြင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို ဖျက်သိမ်းပြီး အာဏာသိမ်းယူခဲ့မှုများသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကို ကယ်တင်ရာရောက်၊ မရောက် အလေးအနက် ပြန်လည်သုံးသပ်သင့်ကြောင်း တိုက်တွန်းလိုသည်။တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် လွှတ်တော်များတွင် ခန့်အပ်ခံကိုယ်စားလှယ်များအဖြစ် ပါဝင်နေခြင်းသည် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို အကျည်းတန်စေသည်ဟု သုံးသပ်မှုများ ရှိနေလင့်ကစား သမ္မတဦးသိန်းစိန်က နိုင်ငံအကျိုးအတွက် ကာကွယ်ပေးရန်နှင့် ထိန်းညှိပေးရန် ပါဝင်နေခြင်းဖြစ်သည်ဟု ရှင်းချက်ထုတ်ခဲ့သည်။ ပါတီများအနေဖြင့် ဒီမိုကရေစီ အတွေ့အကြုံများ၊ ဒီမိုကရေစီ အလေ့အထများ ရင့်ကျက်လာသည်နှင့်အမျှ တပ်မတော်အနေဖြင့် တဖြည်းဖြည်း ပြောင်းလဲသွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ အကယ်စင်စစ် အစိုးရနှင့် လွှတ်တော်များတွင် တပ်မတော်အနေဖြင့် တိုက်ရိုက်ပါဝင်နေမှုသည် ဒီမိုကရေစီ အတွေ့အကြုံများနှင့် အလေ့အထများ ရင့်ကျက်လာရေးကို အဟန့်အတား ဖြစ်စေလျက်ရှိသည်။သမ္မတက တပ်မတော်၏ အခန်းကဏ္ဍကို တဖြည်းဖြည်းနှင့် လျှော့ချသွားမည်ဖြစ်ကြောင်း၊ နှစ်အကန့်အသတ်ကို ပြောရခက်ကြောင်း၊ ပြည်သူ့ဆန္ဒအပေါ် မူတည်ကြောင်း ပြောကြားခဲ့သည်။ အစိုးရနှင့် လွှတ်တော်များတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်နေမှုကို တဖြည်းဖြည်း လျှော့ချရေးသည် ပြည်သူ့ဆန္ဒအပေါ် မူတည်သည်ဟုဆိုလျှင် မြန်မာပြည်သူလူထု အများစုသည် အစိုးရနှင့် လွှတ်တော်များတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ပါဝင်နေမှုကို လုံးဝလိုလားမှု မရှိကြောင်း အသိပေး ပြောကြားလိုပါသည်။ သမ္မတကြီး အနေဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အစိုးရနှင့် လွှတ်တော်များ၌ ကိုယ်စားပြုနေမှုကို ပြည်သူ့ဆန္ဒနှင့်အညီ အဖြေရှာမည်ဆိုလျှင် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၊ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများတွင် တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်နေမှုသည် မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် ညီ၊ မညီ အမြန်ဆုံး ဆန်းစစ်သင့်သည်။ ဒီမိုကရေစီစနစ်တွင် အကောင်းဆုံးနည်းနာမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခြင်း ဖြစ်သည်။ တပ်မတော်၏ အစိုးရနှင့် လွှတ်တော်တွင် ပါဝင်နေမှုအား မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်က ထောက်ခံလျှင် ပြည်သူ့ဆန္ဒနှင့်အညီ ပါဝင်မှုဟု သတ်မှတ်နိုင်မည်ဖြစ်သည်။ မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်၏ ထောက်ခံမှုကို မရရှိလျှင် တပ်မတော်အနေဖြင့် လွှတ်တော်များ၊ အစိုးရများမှ စစ်တန်းလျားသို့ အောင်မြင်စွာ ဆုတ်ခွာရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများ မလုပ်ဖြစ်သည့်တိုင်၊ တပ်မတော် ကိုယ်စားလှယ်များ အနေဖြင့် အစိုးရများ၊ လွှတ်တော်များမှ အောင်မြင်စွာ ဆုတ်ခွာလျက် စစ်တန်းလျားများသို့ ပြန်မည့် အသေးစိတ် အချိန်ဇယား အပြည့်အစုံကို တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး သိရှိနိုင်အောင် တရားဝင်ထုတ်ပြန် ကြေညာရမည်ဖြစ်သည်။ သို့မှသာ လက်ရှိအစိုးရ၊ လွှတ်တော်များနှင့် တပ်မတော်တို့သည် တိုင်းရင်းသား ပြည်သူလူထုကို အပြောသက်သက်မဟုတ်၊ အလုပ်နှင့် သက်သေပြ၊ မျက်နှာမူရာ၊ ခေါင်းပေါ်တင်ရာ၊ တန်ဖိုးထားရာ ရောက်မည်ဖြစ်သည်။အချုပ်အားဖြင့်ဆိုသော် ပြည်သူ့အစိုးရဆိုလျှင် ပြည်သူ့ဆန္ဒနှင့်အညီ အလုပ်လုပ်ရမည်ဖြစ်သည်။ ပြည်သူ့မျက်နှာသာကြည့်ပြီး မည်သူ့မျက်နှာမှမကြည့် အလုပ်လုပ်မည့် သူရဲကောင်းများကို အစိုးရများနှင့် လွှတ်တော်များတွင် အလိုရှိလျက်ရှိသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အလွန်၊ နိုင်ငံရေး အခင်းအကျင်းတွင် ပြည်သူလူထုကို အပြောမဟုတ် အလုပ်နှင့် သက်သေပြု မျက်နှာမူသော သူရဲကောင်းများများလေလေ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် အားကောင်းမောင်းသန်လေဖြစ်မည်။ သို့ဖြစ်၍ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မြန်မာပြည်သူလူထု တရပ်လုံးအနေဖြင့် ပြည်သူကို မျက်နှာမူသည့် ပြည်သူ့အစိုးရစစ်စစ် အာဏာရလာနိုင်ရေးကို မဖြစ်မနေလမ်းဖွင့်၊ ထောက်ခံအားပေးသင့်ပါကြောင်း မီးမောင်းထိုး တိုက်တွန်းလိုက်ရပါသည်။

Most Read

Most Recent