ကတိကဝတ်နှင့် ယုံကြည်မှု

ကတိကဝတ်နှင့် ယုံကြည်မှု
Published 18 March 2015
ကိုသိန်း (ကျောက်ကြီး)

“မင်းမှာသစ္စာ လူမှာကတိ” လို့ ဆိုရိုးစကားရှိခဲ့ပေမယ့် ခေတ်ကာလတွေ တဖြည်းဖြည်း ရွှေ့လျားပြောင်းလဲ လာတာနဲ့အမျှ အဆိုပါ ဆိုရိုးစကားတွေရဲ့အဓိပ္ပာယ်နဲ့ အနှစ်သာရတွေလည်း တဖြည်းဖြည်းကွယ်ပျောက် လျော့ပါးလာတာကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ယနေ့အချိန်အခါမှာ “မင်းမှာသစ္စာ လူမှာကတိ” ဆိုတဲ့ ဆိုရိုးစကားတွေနဲ့ ပြောင်းပြန်နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံဖြစ်စေ၊ အုပ်ချုပ်သူတွေနဲ့ ပြည်သူတွေဖြစ်စေ၊ ပြည်သူအချင်းချင်းဖြစ်စေ ကတိကဝတ်တွေ ချိုးဖောက်လို့ ယုံကြည်မှုတွေ ကျိုးပေါက်နေတဲ့ဖြစ်စဉ်တွေ ကမ္ဘာတစ်လွှား ပေါ်ပေါက်နေပြီ ဖြစ်ပါတယ်။
လူအချင်းချင်းဖြစ်စေ၊ နိုင်ငံခေါင်းဆောင်တွေနဲ့ ပြည်သူတွေပဲဖြစ်စေ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံဖြစ်စေ၊ တစ်ဦးအပေါ် တစ်ဦးထားရှိတဲ့ ယုံကြည်မှု၊ ကတိကဝတ်တွေကို အလွဲသုံးစားလုပ်ပြီး ကတိကဝတ်တွေကို ချိုးဖောက်ခဲ့ကြရင်တော့ ကမ္ဘာ့အသိုင်းအဝိုင်း၊ လူ့ယဉ်ကျေးမှု အသိုင်းအဝိုင်းကနေ ဖယ်ကြဉ်ထုတ်ခံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဘယ်လောက်ပဲ ကောင်းအောင်လုပ်ပြလုပ်ပြ ဘယ်သူမှ ယုံကြည်ကြမှာ မဟုတ်သလို မိမိတို့လူမှုအသိုင်းအဝိုင်းမှာ ကတိမတည်သူတွေ၊ ယုံကြည်စရာမရှိတဲ့သူတွေ အဖြစ်မျိုး ရောက်ရှိကာ ရွံရှာမုန်းတီးခံရပြီး သားစဉ်မြေးဆက် သမိုင်းတွင်ရစ်ကြမှာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အိမ်နီးချင်းနိုင်ငံ အာဏာမသိမ်းစဉ်က စာရေးသူက “ပရိယာယ်များသော ခရီးလမ်း” ဆိုတဲ့ ဆောင်းပါးရေးခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ အဲဒီအချိန်အခါက နိုင်ငံရေး အကျပ်အတည်း တွေ့နေချိန်လည်း ဖြစ်ပါတယ်။ ထိုင်းစစ်တပ်အနေနဲ့ နိုင်ငံတော်လုံခြုံရေး ကိစ္စကလွဲပြီး သူတို့စစ်တပ်က အာဏာသိမ်းဖို့အစီအစဉ် မရှိပါဘူးလို့ ပြောဆိုခဲ့ပေမယ့် ရက်ပိုင်းအတွင်းမှာပဲ ကတိကဝတ်တွေ ချိုးဖောက်ပြီး အာဏာသိမ်းခဲ့တဲ့အပြင် ၂ဝ၁၅ မှာ ရွေးကောက်ပွဲ ကျင်းပပေးမလိုလို အသံဟစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝ၁၆ ခုနှစ်မှပဲ ကျင်းပပေးတော့မယောင် နှတ်ကြောင်းပေးထားလို့ ကတိဘယ်လောက်တည်မတည် စောင့်ကြည့်ရမယ့် အနေအထားမျိုး ရောက်နေပါတယ်။ အာဏာသိမ်းထားတဲ့ စစ်တပ်နဲ့ သူ့ရဲ့ပြည်သူ ပြည်သားတွေ တစ်သွေးတစ် သားတည်းဖြစ် မနေခြင်းဟာ ကတိကဝတ်မတည်တဲ့ အာဏာ သိမ်းစစ်အစိုးရအပေါ် ယုံကြည်မှုတွေ ပျောက်ဆုံးနေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
စာရေးသူတို့နိုင်ငံနဲ့ အလှမ်းဝေးတဲ့ (ဒီနေ့ကမ္ဘာ့ရွာဖြစ်နေပြီဆိုတော့ သတင်းရင်းမြစ်တွေက အလှမ်းမဝေးတော့ပါ) ရုရှားနိုင်ငံကိုလည်း မျှော်ကြည့်လိုက်လို့ရပါတယ်။ တစ်ချိန်က သူ့ရဲ့ဆိုဗီယက် အင်ပါယာဖြစ်ခဲ့ဖူးတဲ့ ယူကရိန်းနိုင်ငံကို အနောက်ယိမ်းမယ့် ခေါင်းဆောင်သစ် တက်လာပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံပိုင် ပင်လယ်နက်ဆိပ်ကမ်းမြို့ ဖြစ်တဲ့ “ခရိုင်းမီးယားကျွန်းဆွယ်” မြို့ကို သူလက်သပ်မွေးထားတဲ့ သူပုန်တပ်ဖွဲ့တွေက ကတိကဝတ်တွေကို ချိုးဖောက်ပြီး ပြောင်ပြောင်တင်းတင်း သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီ့ဖြစ်စဉ်တွေ ဖြစ်ပြီးတဲ့နောက်ပိုင်း ယူကရိန်းနိုင်ငံပိုင် အခြားမြို့တွေကိုပါ ဆက်လက်သိမ်းပိုက် တိုက်ခိုက်နေလို့ အမေရိကန်နဲ့ EU နိုင်ငံတွေက ကြားဝင်ခဲ့တဲ့ဖြစ်စဉ်တွေ၊ ရုရှားကို အရေးယူပိတ်ဆို့ ဒဏ်ခတ်ခဲ့တဲ့ဖြစ်စဉ်တွေ စာဖတ်သူများလည်း မြင်တွေ့ကြားသိ နေရမှာပါ။ ပြောချင်တာက နောက်ဆုံး ရုရှားသမ္မတပူတင်နဲ့ ဂျာမနီခေါင်းဆောင်၊ ပြင်သစ်သမ္မတတို့ဟာ ယူကရိန်းနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သူပုန်အုပ်စုနဲ့ အပစ်အခတ်တွေ ရပ်စဲဖို့ သဘောတူညီမှုတွေ ရရှိခဲ့ပေမယ့် ရက်ပိုင်းအတွင်းမှာပဲ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာ၊ ရုရှားနိုင်ငံအနေနဲ့ နေတိုးနဲ့ မဟာမိတ်နိုင်ငံတွေအပေါ် ဗုံးကြဲလေယာဉ်တွေ စစ်သင်္ဘောတွေ စေလွှတ်နေတာတွေဟာ ကတိကဝတ်နဲ့ ယုံကြည်မှုပျက်သုဉ်းစေတဲ့ အာဏာရှင်လက်သစ် ပူတင်ရဲ့လုပ်ရပ်တွေအဖြစ် မြင်တွေ့နိုင်ကြမှာ ဖြစ်ပါတယ်။
အမှန်တကယ်တော့ ကတိကဝတ်နဲ့ ယုံကြည်မှုဆိုတဲ့အရာ နောက်ကွယ်မှာ မမြင်နိုင်တဲ့အာဏာ၊ အင်အား၊ ယန္တရား (စစ်လက်နက်) ဆိုတာတွေဟာ မသိမသာ ကပ်ပါနေတာတွေကို သေသေချာချာကြည့်ရင် မြင်တွေ့နိုင်ပါတယ်။ အင်အားကြီးတဲ့သူတွေ အာဏာရှိတဲ့သူတွေ၊ စစ်လက်နက်ယန္တယားတွေ အမြောက်အမြား ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေ (အာဏာရှင်စနစ် ကျင့်သုံးပြီး လူ့ယဉ်ကျေးမှုမရှိတဲ့ နိုင်ငံတွေကို ဆိုလိုပါသည်) ဟာ ကတိကဝတ်နဲ့ ယုံကြည်မှုကို အလွယ်တကူ ချိုးဖောက်နိုင်ကြပါတယ်။ လက်နက်မဲ့တဲ့ပြည်သူတွေအပေါ် အင်အားနည်းတဲ့ နိုင်ငံငယ်တွေအပေါ် ပြောထားတဲ့ကတိတွေအတိုင်း လုပ်ပေးချင်မှ လုပ်ပေးကြတာပါ။ ငြိမ်းချမ်းရေးဖြစ်စေ၊ အပစ်အခတ်ရပ်ဆဲရေး ဖြစ်စေ၊ ပြုပြင်ပြောင်းလဲရေးဖြစ်စေ၊ တွေ့ဆုံဆွေးနွေးရေးပဲဖြစ်စေ “လုပ်ပေးချင်မှ လုပ်ပေးမယ်၊ လုပ်ပေးချင်ရင် လုပ်ပေးမယ်” ဆိုသလို အနေအထားမျိုးမှာပဲ ရှိပါတယ်။
အုပ်ချုပ်သူ အကြီးအကဲဖြစ်စေ၊ ပြည်သူတစ်ဦးချင်းဖြစ်စေ၊ “ပြောမည်ပြုစဉ်သတိယှဉ်၊ ဆင်ခြင်ဉာဏ်ရှေ့သွား” ဆိုသလိုပဲ မိမိရဲ့ ပြောလိုက်တဲ့ စကားတစ်ခွန်း မိမိပေးလိုက်တဲ့ ကတိတစ်လုံးဟာ တစ်ဖက်သားကို နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေ၊ အကျပ်အတည်း ဖြစ်ပေါ်မှုတွေ မဖြစ်ဖို့တော့လိုပါတယ်။ အထူးသဖြင့် အုပ်ချုပ်သူ အကြီးအကဲတွေအနေနဲ့ မိမိတို့ပြည်သူတွေအပေါ် ပေးထားတဲ့ ကတိကဝတ်တွေကို မချိုးဖောက်ကြဖို့ လိုသလို၊ ထပ်မံပြီးလည်း ကတိမတည်တဲ့လုပ် ရပ်မျိုးတွေမဖြစ်အောင် ဆင်ခြင်ဉာဏ်တွေနဲ့ သုံးသပ်ပြီးမှ ပြောဆိုကတိပေးကြဖို့လို နေကြပါပြီ။ စာရေးသူတို့နိုင်ငံရဲ့ လက်ရှိအနေအထားတစ်ရပ်ကို မညှာစတမ်း ဝေဖန်ရရင် လက်ရှိနိုင်ငံကို အုပ်ချုပ်နေတဲ့အစိုးရနဲ့ ပြည်သူတွေဟာ “ယုံကြည်မှု” ဆိုတဲ့စကားလုံးနဲ့ သုံးနှုန်းလို့မရတဲ့ အနေအထားမျိုး ရောက်ရှိနေချိန် ဖြစ်ပါတယ်။ နိုင်ငံတော် အကြီးအကဲတွေအနေနဲ့ လက်တွေ့ဘဝနဲ့ ကင်းကွာနေတဲ့ ပြည်သူတွေရဲ့ သဘောထားအမှန်တွေကို မျက်ကွယ်ပြုထားရင် နိုင်ငံရဲ့အနာဂတ်ဟာ ရင်လေးစရာ အနေအထားတစ်ရပ်ကို ကြုံတွေ့လာနိုင်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ လူ့အသိုင်းအဝိုင်းမှာဖြစ်စေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှာဖြစ်စေ၊ ကတိကဝတ်တွေ တည်ကြည်မှသာ ယုံကြည်မှုကို တည်ဆောက်နိုင်မှာဖြစ်သလို မိမိတို့ရဲ့ပုံရိပ်၊ မိမိတို့နိုင်ငံရဲ့ ပုံရိပ်တွေဟာလည်း ကမ္ဘာ့အလယ် လူ့ယဉ်ကျေးတွေရဲ့ အသိုင်းအဝိုင်းနယ်ပယ်မှာ ကဲ့ရဲ့ရှုတ်ချစရာတွေအဖြစ်ကနေ လွတ်ကင်းမှာ ဖြစ်ပါတယ်။ ထို့အတူ ကတိကဝတ်တွေနဲ့ တည်ကြည်မှသာ ငြိမ်းချမ်းရေးမှအစ အမျိုးသားရင်ကြားစေ့ရေးအဆုံး တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ သို့ဖြစ်၍လည်း “ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းဓမ္မလုပ်လာလို့ အစိုးရဖြစ်တာမဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုနဲ့ ကျုပ်တို့အစိုးရဖြစ်နေတာ၊ တိုင်းပြည်က မကြည်ညိုဘူးဆိုတာ ကျုပ်တို့သိတဲ့တစ်နေ့မှာ ကျုပ်တို့လည်းမနေဘူး၊ တွယ်မနေပါဘူး၊ ထွက်မှာပဲ သို့သော်လည်းပဲ ကျုပ်တို့ဟာ ဘယ်လိုလူစားတွေလဲ၊ ရာဇဝင်မှာ အရေးခံမယ့် လူစားတွေလား၊ ရာဇဝင်မှာ အဆဲခံမယ့် လူစားမျိုးတွေလားဆိုတာ ခင်ဗျားကိုယ်တိုင် သိပါလိမ့်မယ်” ဆိုတဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်က မြို့တော်ခန်းမမှာ ပြောကြားသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကို အလေးအနက် ထားကာ ပြည်သူပြည်သားတွေအပေါ် ကတိကဝတ်တွေ မဖောက်ဖျက်ဘဲ “မင်းမှာသစ္စာ၊ လူမှာကတိ” ဆိုတဲ့အတိုင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ပေးထားတဲ့ ကတိကဝတ်တွေနဲ့အညီ ကျင့်ကြံဆောင်ရွက်သွားဖို့ လိုအပ်နေပြီဖြစ်ကြောင်း တိုက်တွန်းရေးသား လိုက်ရပါတယ်။
 

Most Read

Most Recent