ကိတ်ဘလန်ချက်တို့ဇနီးမောင်နှံ သမီးတစ်ဦး မွေးစား

ကိတ်ဘလန်ချက်တို့ဇနီးမောင်နှံ သမီးတစ်ဦး မွေးစား
Published 9 March 2015

 
အော်စကာဆုရ ဩစတြေးလျ သရုပ်ဆောင် ကိတ်ဘလန်ချက်နှင့် ခင်ပွန်းဖြစ်သူ ဇာတ်ညွှန်းရေးဆရာ အန်ဒရူး အက်ပ်တန်တို့က သမီးတစ်ဦး မွေးစားခဲ့သည်ဟု ၎င်းတို့၏ ပြောခွင့်ရ ပုဂ္ဂိုလ်က မတ် ၇ ရက် တွင် ပြောကြားခဲ့သည်။
 
“အက်ပ်တန် မိသားစုက သမီးတစ်ဦး မွေးစားခဲ့တယ်။ အီဒါ့သ်ဗီဗီအန်အက်ပ်တန်လို့ အမည်ပေးထားတဲ့ ကလေးဟာ သူတို့ ရဲ့ စတုတ္ထမြောက်ကလေး ဖြစ်လာပြီ”ဟုကြေညာချက်တွင် ဖော်ပြထားသည်။ အီနာတီအက်စ် (အသက် ခြောက်နှစ်)၊ ရိုမန် (အသက် ၁ဝ နှစ်)နှင့်ဒါရှီအဲလ်(အသက် ၁၃နှစ်) အမည်ရ သားသုံးဦး မွေးဖွားထားသည့် အသက် ၄၅ နှစ်အရွယ်ရှိ ကိတ်ဘလန်ချက်နှင့် သူ၏ခင်ပွန်း အန်ဒရူးအက်ပ်တန်တို့က အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်မည့် အကြောင်း မကြာခင်က ကြေညာခဲ့သေးသည်။
 
ဘလန်ချက်သည် ယခုသီတင်းပတ်တွင် ဆစ်ဒနီသို့ သွားသည့် လေယာဉ်ပေါ်တွင် ကလေးတစ်ဦးချီကာ လိုက်ပါလာသည့် ဓာတ်ပုံ ထွက်ရှိလာပြီးနောက် ၎င်းတို့တွင် မိသားစုဝင်တစ်ဦး ထပ်တိုးလာသည့် သတင်းထွက်ရှိလာခြင်း ဖြစ်သည်။
 
ဆစ်ဒနီတွင် ပြဇာတ်မင်းသမီး တစ်ဦးအဖြစ် အနုပညာလောက သို့ ဝင်ရောက်ခဲ့သည့် ဘလန်ချက်သည် ရုပ်ရှင်နယ်ပယ်တွင် သရုပ်ဆောင်အဖြစ် အောင်မြင်ခဲ့ပြီး The Aviator နှင့် Blue Jasmine ဇာတ်ကားများဖြင့် အော်စကာဆုရရှိသည်။
 
ကိတ်ဘလန်ချက်တို့ ဇနီးမောင်နှံသည် ယခုနှစ်နှောင်းပိုင်းတွင် ဆစ်ဒနီမှ အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ကာ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်မည်ဟု The Sydney Morning Herald သတင်းစာသို့ ပြောကြားခဲ့သည်။ ၎င်းတို့ ဇနီးမောင်နှံသည် အင်္ဂလန်တွင်လည်း ကိုးနှစ်ကြာ နေထိုင်ခဲ့ဖူးသည်ဟု သိရသည်။ ဘလန်ချက်သည် ခင်ပွန်းဖြစ်သူနှင့်အတူ ဆစ်ဒနီ ပြဇာတ်ကုမ္ပဏီတွင် ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၂ခုနှစ် အထိ အနုပညာဒါရိုက်တာအဖြစ် အနုပညာများ လုပ်ကိုင်ခဲ့ဖူးသည်။

Most Read

Most Recent