တရုတ် ပို့ကုန်သွင်းကုန်ဘဏ်မှ ၄ ဒသမ ၅ ရာခိုင်နှုန်း အတိုးဖြင့် ချေးယူသော ဒေါ်လာသန်း ၆၀၀ သည် လွှတ်တော်မှ သဘောမတူခဲ့သော်လည်း နိုင်ငံတော်သမ္မတက ကတိပြုုပြီး ဖြစ်သည့်အတွက် လွှတ်တော်အနေဖြင့် ခွင့်ပြုခဲ့ရခြင်းဖြစ်ဟုဆို

တရုတ် ပို့ကုန်သွင်းကုန်ဘဏ်မှ ၄ ဒသမ ၅ ရာခိုင်နှုန်း အတိုးဖြင့် ချေးယူသော ဒေါ်လာသန်း ၆၀၀ သည် လွှတ်တော်မှ သဘောမတူခဲ့သော်လည်း နိုင်ငံတော်သမ္မတက ကတိပြုုပြီး ဖြစ်သည့်အတွက် လွှတ်တော်အနေဖြင့် ခွင့်ပြုခဲ့ရခြင်းဖြစ်ဟုဆို
Published 8 March 2015
အငယ်ထွေး၊ နီလာ၊ ဆန်းထူးအောင်

တရုတ်ပို့ကုန်သွင်းကုန်ဘဏ် (China Exim Bank) မှ အတိုးနှုန်း  ၄ ဒသမ ၅ ရာ ခိုင်နှုန်းဖြင့် ချေးယူခဲ့သော အမေရိကန် ဒေါ်လာသန်း ၆ဝဝ သည် လွှတ်တော်မှ သဘောမတူခဲ့သော်လည်း နိုင်ငံတော်သမ္မတက ကတိပြုပြီးသား ဖြစ်သွားသည့်အတွက် လွှတ်တော်အနေဖြင့် ခွင့်ပြုမိန့်ပေးခဲ့ရခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မတ် ၆ ရက်တွင် UMFCCI ၌ ကျင်းပခဲ့သော မြန်မာနိုင်ငံ၏ ရသုံးမှန်းခြေငွေစာရင်း အကြိုစကားဝိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
 
“ပြည်သူ့လွှတ်တော်ကနေ အတည်ပြု ပေးလိုက်တဲ့ ချေးငွေကိစ္စ-လွှတ်တော်ကြီးကို အပြစ်မတင်ဖို့ ပြောချင်ပါတယ်။ဘာလို့လဲဆိုတော့ ဒီချေးငွေကို  နိုင်ငံတော်သမ္မတကြီးက တရုတ်ပြည်ကို သွားတဲ့အချိန်မှာ သန်း ၇ဝဝ ချေးဖို့ကို သူက သဘောတူခဲ့တာပါ။  သူက တောင်းဆိုပြီးတော့ တရုတ်က ခွင့်ပြုတယ်ဆိုပြီး ဖြစ်တာပါ။ ပထမဦးဆုံးအကြိမ်လည်း  သမဝါယမဝန်ကြီးဌာနက လွှတ်တော်မှာလာပြီးတော့ သန်း ၁ဝဝ ယူဖို့ ပြောတဲ့အခါ လွှတ်တော်က ပြင်းပြင်းထန်ထန် အဆိုသုံးခါပေးပြီး ကန့်ကွက်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားခဲ့သည်။
 
သို့သော် ယင်းကဲ့သို့ ကန့်ကွက်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ “ဒီကန့်ကွက်ချက်က နှစ်ခါတောင် ပြန်လုပ်ရတယ်ဆိုတာ လွှတ်တော်ရာဇဝင်မှာ မရှိပါဘူး။ ဒါပေမဲ့ ဒီ voting ကိုပြန်ပြီး အနိုင်ရရှိဖို့  နောက်တစ်ကြိမ် ပြန်စဉ်းစားခိုင်းပြီးတော့ ဒီ voting ကို နိုင်အောင်ပြန်လုပ်ခဲ့တာ လွှတ်တော်မှာ ရာဇဝင်ရှိသွားခဲ့တယ်။ ဘာလို့လဲဆိုတော့ သမ္မတကြီးကိုယ်တိုင်က ဒါကိုချေးဖို့ သဘောတူခဲ့တယ်။ သန်း ၁ဝဝ ကို ပထမဦးဆုံးအကြိမ်လာပြီး ခွင့်ပြုမိန့်တောင်းတဲ့ အချိန်မှာ အဲဒီနေ့မှာပဲ သတင်းစာမှာ နောက်ထပ်သန်း ၁ဝဝ ကို ပြည်သူတွေကို ချေးပေးပါမယ်ဆိုတာ ကြေညာပြီးသား ဖြစ်နေပြီ။ ကျွန်မတို့ကို ပထမဦးဆုံးအကြိမ် သန်း ၁ဝဝ ချေးဖို့လာပြီးတော့ ခွင့်ပြုမိန့် တောင်းတာပါ။ အဲတော့ ပထမအကြိမ်က သန်း ၁ဝဝ၊ နောက်တစ်ကြိမ်က သန်း ၂ဝဝ၊ အခုဒီ section မှာ သန်း ၃ဝဝ ကို ခွင့်ပြုမိန့် တောင်းခဲ့ရပါတယ်။ အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့က  လွှတ်တော်မှာ voting ပေးတဲ့အခါ ဘယ်လောက်ပဲ ကန့်ကွက်ကန့်ကွက် သမ္မတကြီးက သဘောတူခဲ့တာဖြစ်တဲ့အတွက်   လွှတ်တော်အနေနဲ့ ခွင့်ပြုမိန့် ပေးခဲ့ရတာပါ ဆိုတာကို ပြည်သူတွေအားလုံး သိအောင် ရှင်းပြချင်ပါတယ်။ ဒီကိစ္စ လွှတ်တော်မှာ  ဘာတာဝန်မှ မရှိပါဘူး။ ဒီကိစ္စ လွှတ်တော် မှာ voting ကို နိုင်အောင်ကို လုပ်ရမှာဖြစ်တဲ့အတွက် voting နဲ့တရားဝင်ဖြစ်အောင် အနိုင်ယူပြီးတော့ပဲ ကျွန်မတို့ ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
 
တရုတ်ပို့ကုန်သွင်းကုန်ဘဏ်မှ ချေးယူရန် နိုင်ငံတော်သမ္မတက ကတိကဝတ်ပြုထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ဖြစ်ပြီး သန်း ၆ဝဝ အား ထုတ်ယူ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
 
ယင်းချေးငွေများသည် ပြည်သူအား ချေးသည်ဆိုသော်လည်း အစိုးရအနေဖြင့်  private sector အား အာမခံ မချေးသင့်ကြောင်း၊ ယင်းငွေများသည် နောင်တက်လာသော အစိုးရများ ပြန်ဆပ်ရမည့်ငွေဖြစ်သည့်အတွက် အစိုးရအနေဖြင့် Risk Management အပိုင်းနှင့် ပတ်သက်၍ စနစ်တကျ လုပ်ဆောင်သင့်ကြောင့် သုံးသပ်မှုများလည်း ရှိသည်။
 
“ကျွန်တော်ပြောချင်တာက Risk management  နဲ့ပတ်သက်ရင်  ပုဂ္ဂလိကတင် မကဘဲ အစိုးရတစ်ရပ်ကပါ ရှိသင့်တယ်လို့ မြင်ပါတယ်။ ဥပမာ တရုတ်နိုင်ငံကနေပြီးတော့ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ချေးလိုက်တယ်။ ပြည်သူ့လွှတ်တော်ကလည်း သဘောတူလိုက်တယ်။ အဓိက ကျွန်တော် ပြောချင်တာက ဘာလဲဆိုတော့ ငွေချေးတဲ့ကိစ္စမှာ ချေးပုံချေးနည်းနဲ့ နည်းစနစ်ကို မကြိုက်ပါဘူး။ သမ္မတက ကတိကဝတ်ပြု ပြီးတော့ Minestry of Finance က အာမခံချက် ပေးရတယ်။ end user က ပုဂ္ဂလိက လုပ်ငန်းဖြစ်နေတယ်။ ဆိုလိုတာက ပုဂ္ဂလိက လုပ်ငန်းကို အစိုးရက ဘယ်တော့မှ အာမခံချက် မပေးသင့်ဘူး။ ဆင်းရဲနွမ်းပါးမှုလျော့ချရေးဆိုတာကို လက်ခံပါတယ်။ ဒါပေမဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီငွေ က ဘဏ္ဍာအခွန်က ပြန်ဆပ်ရမယ့် ငွေတွေပါ။ ဘဏ္ဍာအခွန်ဆိုတာ အစိုးရ၊ အစိုးရဆိုတာ ပြည်သူပဲ တစ်နည်းပြည်သူကပဲ ပြန်ဆပ်ရမှာ ဒါကြောင့်မို့လို့ ဘတ်ဂျက် process  မှာ Risk mangeament ကို အသုံးပြုဖို့ လွှတ်တော်ကလည်း အကြံပြုစေချင်ပါတယ်”ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေးဖြစ်သူ ဦးသန်းလွင်က ပြောကြားခဲ့သည်။
 
 
 
 

Most Read

Most Recent