အာဏာပိုင်များ၊ လုပ်ပိုင်ခွင့်ရှိသူများနှင့် ဌာနဆိုင်ရာများ မတော်မတရားမှု ပြုလုပ်ပါက လက်မခံကြောင်း ပြည်သူများက ထင်ရှားစွာပြသရန်နှင့် လာဘ်ပေးလာဘ်ယူ မပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အာဏာပိုင်များ၊ လုပ်ပိုင်ခွင့်ရှိသူများနှင့် ဌာနဆိုင်ရာများ မတော်မတရားမှု ပြုလုပ်ပါက လက်မခံကြောင်း ပြည်သူများက ထင်ရှားစွာပြသရန်နှင့် လာဘ်ပေးလာဘ်ယူ မပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Published 1 March 2015
အောင်ကျော်မျိုး၊ အောင်ဇော်ထွန်း၊ မျိုးမင်းထက်

အာဏာပိုင်များ၊ လုပ်ပိုင်ခွင့်ရှိသူများနှင့် ဌာနဆိုင်ရာများ မတော်မတရားမှု ပြုလုပ်ပါ က လက်မခံကြောင်း ပြည်သူများက ထင်ရှားစွာပြသရန်နှင့် လာဘ်ပေးလာဘ်ယူမပြုလုပ်ရန် ဖေဖော်ဝါရီ ၂၈ ရက်က ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြာကြားသည်။
 
ဒေါ်အောင်ဆန်းစုကြည်သည် ဧရာဝတီတိုင်း ဟင်္သာတမြို့၌ ပြုလုပ်သော ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် မွေးနေ့ ဂုဏ်ပြုဟောပြောပွဲသို့ တက်ရောက်ရန် သွားရောက်စဉ် ဓနုဖြူမြို့လူထုနှင့် တွေ့ဆုံပြီး နာရီဝက်ခန့် ဟောပြောမှု ပြုလုပ်ခဲ့သည်။
 
ရန်ကုန်မှ ဓနုဖြူသို့ လာရာလမ်းသည် ယခင်ကထက်စာလျှင် ကောင်းမွန်သော်လည်း ကြမ်းတမ်းမှုများ ရှိနေကြောင်း၊ အလားတူ ၂ဝ၁ဝ ရွေးကောက်ပွဲမှ စတင်ခဲ့သည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးသည် ပြုပြင်ပြောင်းလဲမှုလမ်းပေါ် ရောက်ပြီဆိုသော်လည်း ချောမွေ့ခြင်းမရှိသေးဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
 
ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူတွေကို တန်ဖိုးထားတဲ့ စနစ်တစ်ခုရှိမှ ပြည်သူတွေရဲ့ ဘဝဟာ မြင့်မားနိုင်မှာပါ။ အခု ၂ဝ၁ဝ ရွေးကောက်ပွဲကနေစပြီးတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လမ်းပေါ်ကို ရောက်ပါပြီလို့ ပြောကြပါတယ်။ ဖေဖေကိုယ်တိုင်ကလည်း ဒီမိုကရေစီဝါဒသာ လွတ်လပ်တဲ့ နိုင်ငံနဲ့သင့်တော်တယ်လို့ ပြောဖူးတယ်။ အဲဒီတော့ ဒီမိုကရေစီလမ်းပေါ်ကို ရောက်လာပြီဆိုတာ ကောင်းတဲ့ကိစ္စပါ။ ဒါပေမဲ့ လမ်းပေါ်ရောက်ရုံနဲ့ မပြီးသေးပါဘူး။ ဒီလမ်းက ဖြူးဖြူးဖြောင့်ဖြောင့်ရှိဖို့ လိုပါတယ်။ နောက်ပြီးတော့ ကိုယ်လိုချင်တဲ့ဘက်ကို သွားဖို့လိုပါတယ်။ ကျွန်မတို့ရဲ့ ဒီမိုကရေစီလမ်းဟာ မချောမွေ့သေးပါဘူး။ ဒါပေမဲ့ ဟိုအရင်ကနဲ့ စာရင်တော်လာပြီ”ဟု ပြောကြားသည်။
 
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည် က “လမ်းတွေမှာဆိုရင် ဟိုကခိုး ဒီကခိုး လုပ်တာတွေကြောင့် အဆင့်မမီတာတွေ တစ်တိုင်းပြည်လုံးပဲ။ ဒါပေမဲ့ အဲဒါတွေ  မဖြစ်အောင် ဘယ်ကစရမလဲဆိုရင် ပြည်သူတွေကြားထဲက နေစရမှာပါ။ နံပါတ်တစ်ကတော့ အာဏာပိုင်များ၊ လုပ်ပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်များ၊ ဌာနများဟာ မတော်မတရားတာတွေ လုပ်နေတယ်ဆိုရင် ပြည်သူတွေက ဒီကိစ္စနဲ့ပတ်သက်လို့ ထောက်ပြရဲတဲ့ သတ္တိရှိရမယ်။ နောက်ပြီးတော့ ကျွန်မတစ်ခု သတိပေးချင်တာက အစိုးရထဲက သူပဲဖြစ်ဖြစ် အုပ်ချုပ်ရေးက လူပဲဖြစ်ဖြစ် ဘယ်ဌာနက သူပဲဖြစ်ဖြစ် သူတို့ကိုယ်တိုင်လည်း ပြည်သူတွေ ကြားထဲက ပေါက်ဖွားလာတာပါ။ အဲဒီတော့ ကိုယ့်အချင်းချင်းကို ကိုယ်ပြန်ပြီးတော့ ထိန်းရမယ်။ ကိုယ့်ရဲ့လူမှုအသိုင်းအဝိုင်းမှာ ဒီလို မတော်မတရားလုပ်တာတွေ မလိုလားဘူး လက်မခံဘူးဆိုတာကို ပြည်သူတွေကနေပြီးတော့ ထင်ရှားအောင်တော့ လုပ်ရမယ်။ အဂတိလိုက်စားတာတွေကို မကြိုက်ဘူး။ လက်မခံဘူး။ မမှန်မကန် မတရားလုပ်တာတွေကို မကြိုက်ဘူး လက်မခံဘူးဆိုတာ အဲဒါကို သိသာအောင် ဘယ်လိုလုပ်ရမလဲဆိုရင် ပထမဦးဆုံး ကိုယ်ကိုယ်တိုင်က သန့်သန့်ရှင်းရှင်းဖြစ်ရမယ်။ ကိုယ် ကိုယ်တိုင်က အဂတိလိုက်စားတာတွေကနေ ကင်းဝေးရမယ်။ ကိုယ် ကိုယ်တိုင်ကနေ  မှန်မှန်ကန်ကန် မျှမျှတတလုပ်နိုင်ရမယ်။ အဂတိလိုက်စားတယ်ဆိုရင် ရိုးရိုးစကားပြောရရင် လာဘ်ပေးလာဘ်ယူပေါ့နော်။ လာဘ်ပေးလာဘ်ယူဆိုတာက အယူရှိသလို အပေးလည်း ရှိတယ်ဆိုတာ ကျွန်မခဏခဏ သတိပေးပါတယ်။ ကျွန်မက တိုက်တွန်းချင်တယ်။ လာဘ်မပေးကြပါနဲ့။ ကိစ္စလေးတွေ လွယ်လွယ်ပြီးဖို့အတွက် ဒါလေးပေးလိုက်မယ်။ ဟိုဟာလေး ပေးလိုက်မယ် အဲဒီအကျင့်တွေကို ကျွန်မတို့ ပြောင်းဖို့လိုတယ်”ဟု ပြောကြားသည်။
 
ဥပဒေစိုးမိုးရေးသည်လည်း အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး ဥပဒေစိုးမိုးရေးဆိုသည်မှာ ဥပဒေသည် ပြည်သူလူထုကို မှန်မှန်ကန်ကန် ကာကွယ်ပေးနိုင်သည့် အခြေအနေ ဖန်တီးခြင်းပင် ဖြစ်သည်ဟု ဆိုသည်။
 
အစိုးရများ လုပ်ဆောင်သည့် ကိစ္စမှန်သမျှသည် ပြည်သူ့ဘဏ္ဍာများ အသုံးပြုပြီးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ပြည်သူများ၏ လုပ်အား၊ စဉ်းစားအားနှင့် ညီညွတ်အားများကို အလွဲသုံးစားလုပ်ဖို့ မလိုကြောင်း၊ အားရှိတိုင်း လုပ်ချင်ရာလုပ်မည်ဆိုသည့် ပုဂ္ဂိုလ်များရှိကြောင်း၊ တကယ့်အားသည် ပြည်သူများ၏ ညီညွတ်မှုအားပင်ဖြစ်ပြီး ညီညွတ်စွာ နိုင်ငံတည်ဆောက်ရေး လုပ်ဆောင်ပါက အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 
 
ပြည်သူကို လိမ်လည်လှည့်ဖြားသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများသည် ပြည်သူ့ အပေါ် စေတနာမရှိဆိုသည်ကို ပြည်သူများ နားလည်ထားရမည်ဖြစ်ကြောင်း၊ ပြည်သူများအား မှန်မှန်ကန်ကန် တန်ဖိုးထားသည့် အဖွဲ့အစည်း ပုဂ္ဂိုလ်များကိုသာ ယုံကြည်ပြီး ဒီမိုကရေစီလမ်းကို ခရီးဆက်ရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
 
 
 
 
 

Most Read

Most Recent