ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရုတ်တရက် တည်ဆောက်၍ မရကြောင်းနှင့် ကောင်းမွန်သည့် သဘောထားရပ်တည်ချက်များ ရှိသင့်ကြောင်း UNA ခေါင်းဆောင်များ ပြောကြား

ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရုတ်တရက် တည်ဆောက်၍ မရကြောင်းနှင့် ကောင်းမွန်သည့် သဘောထားရပ်တည်ချက်များ ရှိသင့်ကြောင်း UNA ခေါင်းဆောင်များ ပြောကြား
Published 17 February 2015
ဇာလီမြင့်ဦး

ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအား ရုတ်တရက် တည်ဆောက်၍ မရကြောင်းနှင့် ကောင်းမွန်သည့် သဘောထားရပ်တည်ချက်များ ရှိသင့်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) အဖွဲ့ခေါင်းဆောင်များက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားသည်။ဖေဖော်ဝါရီ ၁၇ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် မိတ်ဖက်အဖွဲ့အစည်းများ ဆွေးနွေးပွဲတွင် UNA ခေါင်းဆောင်တစ်ဦးဖြစ်သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက သဘာပတိအဖြစ် တာဝန်ယူကာ အဖွင့်အမှာစကား ပြောကြားသည်။ထိုသို့ ပြောကြားရာတွင် ဦးခွန်ထွန်းဦးက “ကျွန်တော်တို့ ဒီပြည်ထောင်စုနေ့က ဖြစ်သွားတဲ့ ကိစ္စကို ကျွန်တော် အစီရင်ခံ တင်ပြလိုပါတယ်။ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကိစ္စမှာ ရုတ်တရက် သိရှိလာရတဲ့ အတွက်ကြောင့် ကျွန်တော်တို့ သွားတက်ရောက်ပေမယ့် ကျွန်တော်တို့ လက်မှတ်မထိုးခဲ့ပါဘူး။ လက်မှတ်မထိုးခဲ့တဲ့ အကြောင်းရင်းကလည်း ကျွန်တော်တို့မှာ ဆွေးနွေးဖို့ အချိန်လည်း မရှိဘူး။ နောက်ပြီးတော့ ကျွန်တော်တို့မှာ ဒီဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်လည်း မပါသွားဘူး။ ကျွန်တော်တို့ အမြင်မှာတော့ ဒီပြည်ထောင်စုနေ့ ဧည့်ခံပွဲ တက်ရောက်တယ်ဆိုတဲ့ အမြင်နဲ့ပဲ သွားကြပါတယ်။ အဲဒီတော့ ကျွန်တော်တို့ UNA ရဲဘော်တွေ အားလုံးနီးပါးက ဒါကို လက်မှတ်မထိုးခဲ့တာပါ။ နောက်ပြီးတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက်တဲ့နေရာမှာ ရုတ်တရက် တည်ဆောက်လို့လည်း မရဘူး။ တည်ဆောက်ကြမယ် ဆိုရင်လည်း ဒါခက်ခဲပါတယ်။ ခက်ခဲတဲ့အတွက်ကြောင့် အဲဒီအခက်အခဲကို ကျော်လွှားဖို့ ကျွန်တော်တို့ ခုနက ကျွန်တော်ပြောသလို အားလုံးပူးပေါင်းပြီးလုပ်ဖို့ ရည်ရွယ်ပါတယ်” ဟု ပြောကြားသည်။ထို့ပြင် ဦးခွန်ထွန်းဦးက ၎င်းတို့ UNA အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများ အနေဖြင့် လက်ရှိတွင် မည်ကဲ့သို့သော ဖက်ဒရယ်ကို မည်သို့သော ပုံစံဖြင့် သွားလိုသည်ဆိုသည့် အချက်အား ဆွေးနွေးသင့်ပြီ ဖြစ်ကြောင်းနှင့် လက်ရှိဖြစ်နေသည့် နိုင်ငံရေး အခင်းအကျင်းသည် အားအကောင်းဆုံး ဖြစ်စေရန်နှင့် သဘောထားများ တူညီစေရန်အတွက် ညှိနှိုင်းရန် လိုအပ်နေပြီဖြစ်ကြောင်း ပြောကြားသည်။အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် UNA ခေါင်းဆောင်တစ်ဦးဖြစ်သူ ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်ကလည်း “ဖေဖော်ဝါရီ ၁၂ ရက် အဓိက လက်မှတ်ထိုးတဲ့ ရည်မှန်းချက်က အပစ်အခတ်ရပ်ဖို့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပေါ့။ ကောင်းပါတယ်။ ဒါပေမဲ့ လုပ်နည်းလုပ်ဟန် မှန်ကန်စွာနဲ့ အကောင်အထည်ဖော်ဖို့ လိုတယ်” ဟု ပြောကြားသည်။လက်ရှိ နိုင်ငံရေး ပြဿနာများကို မဖြေရှင်းဘဲ၊ နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် မဆွေးနွေးဘဲ၊ ဆွေးနွေးသည့် အခါတွင်လည်း အဆိုပါ ပြဿနာများ၏ အခြေခံဖြစ်သည့် တိုင်းရင်းသားများ၏ နိုင်ငံရေးအရ တန်းတူရေး၊ ပြည်နယ်များတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြည်နယ်များ အားလုံးနှင့် ပူးပေါင်းဖွဲ့စည်းသည့် ဖက်ဒရယ်ပြည်ထောင်စုဆိုသည့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ဆွေးနွေးသည့် သဘောတူညီချက်များအား မရဘဲ လက်မှတ်ထိုးရုံဖြင့် ငြိမ်းချမ်းရေးရမည်ဟု မယုံကြည်ကြောင်း ဦးအေးသာအောင်က ပြောကြားသည်။“အဲဒီတော့ တကယ့်တကယ် ငြိမ်းချမ်းရေးကို ရချင်တယ် ဆိုတာကတော့ မှန်တယ်။ လုပ်နည်းလုပ်ဟန်ကတော့ လွဲနေတယ်။ ဒီလက်မှတ်မထိုးခင် နိုင်ငံရေး၊ စစ်ရေး အာမခံချက်တွေ၊ ကတိကဝတ်တွေ ရဖို့အတွက် ဆွေးနွေးရမယ်။ သဘောတူညီချက်တွေ ယူရမယ်။ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့ တကယ်သဘောထား ရှိရဲ့လား။ ဆန္ဒရှိရဲ့လား။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးတန်းတူညီတူ အခွင့်အရေးတွေကို ပေးဖို့ရော ဆန္ဒရှိရဲ့လား။ အမည်အားဖြင့်ပဲ ဖက်ဒရယ်ပြည်ထောင်စု၊ အနှစ်သာရမှာ တစ်ပြည်ထောင် ပြည်ထောင်စုစနစ်နဲ့ပဲ သွားပြီးတော့ ဆက်သွားဖို့ သဘောမျိုးနဲ့ဆိုရင် ပြည်တွင်းစစ်ဆိုတာလည်း ရပ်ဖို့ မဖြစ်နိုင်ဘူး။ ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ကတော့ လုပ်နည်းလုပ်ဟန် မှန်မှန်နဲ့ သဘောထား ရပ်တည်ချက် ကောင်းကောင်းနဲ့ ပြည်တွင်းစစ်ကို ရပ်ဖို့ ကြိုးပမ်းလုပ်ဆောင်တဲ့ လုပ်ဆောင်ချက်ကိုပဲ ထောက်ခံတယ်” ဟု ပြောကြားသည်။တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများကို အထောက်အကူပြုစေမည့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ကို ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) က အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း လေးဖွဲ့နှင့် နိုင်ငံရေးပါတီ ၅၅ ပါတီတို့က လက်မှတ်ရေးထိုးခဲ့ကြပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ UNA အဖွဲ့ဝင် ပါတီများနှင့် အခြားပါတီ အချို့မှာမူ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိပေ။