Miss Universe ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် လိုအပ်သည့် ကုန်ကျစရိတ်ပိုင်းတွင် အခက်အခဲများစွာ ရှိနေဟု ဆို

Miss Universe ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် လိုအပ်သည့် ကုန်ကျစရိတ်ပိုင်းတွင် အခက်အခဲများစွာ ရှိနေဟု ဆို
Published 10 February 2015
လင်းလင်းခိုင်

Miss Universe ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် Miss Universe Organization အဖွဲ့မှ မြန်မာနိုင်ငံအား ကမ်းလှမ်းထားသော်လည်း လိုအပ်သည့် ကုန်ကျစရိတ်ပိုင်းတွင် အခက်အခဲများ ရှိနေဆဲဖြစ်သည်ဟု Miss Universe Myanmar Organization အဖွဲ့မှ ဒေါ်စိုးယုဝေက ရှင်းပြသည်။ Miss Universe 2015 ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပရန် ကမ်းလှမ်းထားခြင်းဖြစ်ပြီး တစ်လခန့် စဉ်းစားဆုံးဖြတ်ရန် အချိန်ပေးထားသည်ဟု သိရသည်။ Miss Universe Myanmar Organization အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာနများနှင့် ညှိနှိုင်းလျက်ရှိကာ ကုန်ကျစရိတ်များအား ပံ့ပိုးပေးနိုင်သည့် စပွန်ဆာများနှင့်လည်း ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။“Miss Universe ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ကမ်းလှမ်းထားပြီး စဉ်းစားချိန် တစ်လပေးထားပါတယ်။ အချိန်ကတော့ တော်တော်နည်းတယ် ပြောရမှာပါ။ ဒီလိုပွဲမျိုးက နိုင်ငံအတွက်တော့ အရမ်းကို လုပ်သင့်တဲ့ ပွဲမျိုးပါ။ အခု အဓိက အခက်အခဲက ကုန်ကျစရိတ်ပါ။ ဒီလို ပွဲတစ်ပွဲ လုပ်မယ်ဆိုရင် ကုန်ကျစရိတ်က များစွာရှိပါတယ်။ အဲဒါအတွက် ပံ့ပိုးပေးမယ့် စပွန်ဆာကုမ္ပဏီတွေ ရှိဖို့လိုပါတယ်။ အခု ဒီပွဲအတွက် စိတ်ဝင်စားတဲ့ စပွန်ဆာကုမ္ပဏီ တချို့နဲ့တော့ စကားပြောတာတွေ၊ ညှိနှိုင်းတာတွေ လုပ်နေပါတယ်။ အချိန်နည်းတဲ့ အခါကျတော့ တော်တော်လေးကို ကြိုးစားရဦးမှာပါ။ ဝန်ကြီးဌာနတွေနဲ့လည်း ညှိနှိုင်းရပါဦးမယ်။ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်းရာမှာတော့ အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးမယ်လို့ ပြောထားပါတယ်” ဟု Miss Universe Myanmar Organization မှ ဒေါ်စိုးယုဝေက ရှင်းပြခဲ့သည်။