ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို မလိုက်နာပါက ဥပဒေကို ချိုးဖောက်ရာ ရောက်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား

ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို မလိုက်နာပါက ဥပဒေကို ချိုးဖောက်ရာ ရောက်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား
Published 30 January 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက်

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို မလိုက်နာပါက ဥပဒေကိုချိုးဖောက်ရာ ရောက်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သတင်းထောက်များအား ပြောကြားသည်။
ဇန်နဝါရီ ၃ဝ ရက်တွင် နေပြည်တော်လွှတ်တော် အဆောက်အအုံ၌ ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် မီဒီယာများတွေ့ဆုံပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက “ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားတဲ့ ကိစ္စဖြစ်တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်လို့ မလွဲမသွေ တွေ့နိုင်ကြဖို့အတွက် ပြီးခဲ့တဲ့လွှတ်တော်ဆိုင်ရာ အဖွဲ့အစည်းများက ဒီလိုပဲဆွေးနွေးထားပါတယ်။ ဒီနေရာမှာတော့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးပွဲ နောက်ပိုင်းမှာ ရရှိလာမယ့် အခြေအနေကတော့ ဆက်လက်ပြီး နားထောင်ဖို့ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲသည် လွှတ်တော်မှ နိုင်ငံတော်သမ္မတထံသို့ ပေးပို့ထားသည့် သဝဏ်လွှာအတိုင်း ဖြစ်ပေါ်နိုင်ရန်များပြီး လက်ရှိကျင်းပနေသည့် ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေး ကာလအတွင်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း သူရဦးရွှေမန်းက ဆိုသည်။
ဆက်လက်၍ သူရဦးရွှေမန်းက “ပြည်ထောင်စုလွှတ်တော်က မြန်မာမှာ အမြင့်ဆုံးသော ဥပဒေပြုအဖွဲ့အစည်းဖြစ်တယ်။ ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ၊ အဆိုတွေဟာ အခြားသော တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေက ဟန့်တားလို့ ချေဖျက်လို့မရဘူး။ ပြည်ထောင်စုလွှတ်တော်ရဲ့ အဆိုဟာ အတည်ဖြစ်တယ်။ အဲဒီအဆိုထဲမှာပါတဲ့ မိမိပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် အဲဒီအဆိုအတိုင်းပဲ ဆောင်ရွက်ရမယ်။ အဲဒီအတိုင်း မဆောင်ရွက်ဘူးဆိုရင် ပြည်ထောင်စုလွှတ်တော်ရဲ့ အဆိုကို မလိုက်နာတဲ့အတွက် မိမိသည် တစ်ခုခုသော ဥပဒေကို ချိုးဖောက်ရာရောက်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမှုရှိ၊ မရှိ မေးခွန်းအတွက်လည်း တွေ့ဆုံကြသည်မှာ မှန်ကန်ပါကြောင်းနှင့် နိုင်ငံကောင်းအောင် ဆောင်ရွက်မည်ဆိုပါက လူကြီးချင်းတွေ့ဆုံ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်သည့်အတွက် တွေ့ဆုံကြခြင်းဖြစ်သည်ဟု ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်မှ တိုက်တွန်းထားသည့် အဆိုသည် “ခေတ်စနစ်၊ အချိန်အခါ၊ အခြေအနေနှင့် ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဆောလျင်စွာ တွေ့ဆုံညှိနှိုင်းရေး ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်း” ဖြစ်သည်။
ထို့နောက် ဇန်နဝါရီ ၂၂ ရက်တွင် ပြည်ထောင်စုလွှတ်တော်က မူလတိုက်တွန်းထားသည့်အတိုင်း ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေး ဆောလျင်စွာပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ သဝဏ်လွှာ ထပ်မံပေးပို့ခဲ့သည်။
ဗန်းပြဆွေးနွေးပွဲများ မလိုချင်ကြောင်းနှင့် စစ်မှန်သည့် တွေ့ဆုံဆွေးနွေးပွဲများနှင့် အမျိုးသားရင်ကြားစေ့ရေးမူများကို ဆက်လက်ကိုင်စွဲ သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
 
 
 

Most Read

Most Recent