လွှတ်တော်၌ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်း မဆွေးနွေးမီ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို အရင်ဆုံးလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

လွှတ်တော်၌ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်း မဆွေးနွေးမီ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို အရင်ဆုံးလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 30 January 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

လွှတ်တော်၌ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်း မဆွေးနွေးမီ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို အရင်ဆုံးလုပ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၂၉ ရက်တွင် နေပြည်တော်ရှိ ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တက်ရောက်ရန် လွှတ်တော်သို့ ရောက်ရှိလာစဉ် မီဒီယာများ၏ မေးမြန်းမှုအပေါ် အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။လွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ မဆွေးနွေးခင် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို အရင်လုပ်သင့်ပါသလားဆိုသည့် မေးခွန်းအပေါ်“ခြောက်ပွင့်ဆိုင်ဆိုတာ လုပ်သင့်တယ်ပေါ့နော်။ လုပ်မယ်၊ မလုပ်ဘူးဆိုတာကတော့ ထားလိုက်။ ဒါကတော့ အဓိကတော့ သမ္မတပေါ်မှာတည်တယ်။ ဒါပေမဲ့ အန်တီကတော့ ရှင်းရှင်းလင်းလင်းပြောချင်တယ်။ ဒီလိုဆွေးနွေးညှိနှိုင်းသင့်တဲ့ ကိစ္စတွေ ကို စောစောစီးစီးလုပ်တာ အကောင်းဆုံးပဲ။ အခုလို ဖိအားပေးမှ မကျေနပ်မှုတွေက အရှိန်တက်လာမှ ညှိနှိုင်းဆွေးနွေးတိုင်ပင်မှုတွေကို လက်ခံတယ်ဆိုတာ ဒါဒီမိုကရေစီရဲ့ စံချိန် စံနှုန်းနဲ့ မကိုက်ညီဘူးလို့ပဲ ဒီလိုပဲမြင်တယ်။ ဒီမိုကရေစီဆိုတာ  ညှိနှိုင်းဆွေးနွေးတဲ့ဟာကို လိုလိုလားလားနဲ့ ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ လက်ခံရမှာ။ အတင်းဖိအားပေးလို့ ပြဿနာတွေ မဖြေရှင်းနိုင်တော့မှ ပြဿနာတွေပွားလာတော့မှ ဆွေးနွေးပါမယ်ဆိုတာဟာ ဒီဟာကတော့ ဆွေးနွေးညှိနှိုင်းတဲ့ တန်ဖိုးကို တကယ်နားမလည်သေးလို့ပဲလို့ အန်တီက ဒီလိုပဲထင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ပြည်ထောင်စုလွှတ်တော်မှ မူလတိုက်တွန်းထားသည့်အတိုင်း ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဆောလျင်စွာပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ဇန်နဝါရီ ၂၂ ရက်တွင် အကြောင်းပြန်ခဲ့သည်။ပြည်ထောင်စုလွှတ်တော်နာယကမှ  နိုင်ငံတော်သမ္မတထံ ပေးပို့သည့် သဝဏ်လွှာတွင်“ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် အရေးကြီးအဆိုမှာ ခေတ်စနစ် အချိန်အခါနှင့် ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ်မြန်မာနိုင်ငံတော် တည်ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဠ၊ အမျိုးသားလွှတ်တော်ဥက္ကဠ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ၊ တိုင်းရင်းသားအစုအဖွဲ့မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဆောလျင်စွာ တွေ့ဆုံညှိနှိုင်း ဆွေးနွေးရေး တိုက်တွန်းထားသည့်အဆို ဖြစ်သည်။ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ ကောင်းမွန်သော လုပ်ငန်းတစ်ရပ်ဖြစ်သော်လည်း တိုင်းရင်းသား ပြည်သူအားလုံး၊ လူထုလူတန်းစားအဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများက လက်ခံသော ကိုယ်စားပြုမှုဖြစ်စေရေး စီမံဆောင်ရွက်နိုင်ရန်လိုမည်ဟု နိုင်ငံတော်သမ္မတက လွှတ်တော်သို့ ဇန်နဝါရီ ၁၉ ရက်က လွှတ်တော်သို့ အကြောင်းပြန်ထားသည်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်း ၂ဝ ၏ ထောက်ခံချက်ကို စုဆောင်းပြီးဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို (၁၂) ကြိမ်မြောက် လွှတ်တော်သို့ တင်သွင်းမည်ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားထားသည်။တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည်က ဗန်းပြဆွေးနွေးပွဲများ မလိုချင်ကြောင်းနှင့် စစ်မှန်သည့်တွေ့ဆုံဆွေးနွေးပွဲများနှင့် အမျိုးသားရင်ကြားစေ့ရေးမူများကို ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ 

Most Read

Most Recent