မြန်မာနိုင်ငံရှိ အိမ်ထောင်စုအားလုံး၏ ၂၆ ရာခိုင်နှုန်းသာ လျှပ်စစ်မီးသုံးစွဲနိုင်ပြီး အာဆီယံနိုင်ငံများအနက် အနည်းဆုံးဖြစ်နေ

မြန်မာနိုင်ငံရှိ အိမ်ထောင်စုအားလုံး၏ ၂၆ ရာခိုင်နှုန်းသာ လျှပ်စစ်မီးသုံးစွဲနိုင်ပြီး အာဆီယံနိုင်ငံများအနက် အနည်းဆုံးဖြစ်နေ
Published 29 January 2015
နီလာဦး၊ ရွှန်းလဲ့ဝင်း

မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်သည့် အိမ်ထောင်စုအရေအတွက်မှာ ၂၆ ရာခိုင်နှုန်းသာရှိပြီး အာဆီယံနိုင်ငံများအနက် အနည်းဆုံးဖြစ်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ထုတ်ပြန်ချက်ကို ကိုးကား၍ (JICA) မှတာဝန်ရှိသူများကပြောကြားသည်။မြန်မာနိုင်ငံ၏ လျှပ်စစ်သုံးစွဲမှုကဏ္ဍတွင် လက်ရှိအချိန်၌ ရေအားလျှပ်စစ်မှရရှိမှု ၇၅ ရာခိုင်နှုန်းရှိပြီး သဘာဝဓာတ်ငွေ့ဖြင့်လည်ပတ်မှု ၂၂ ရာခိုင်နှုန်းရှိကြောင်းနှင့် ကျောက်မီးသွေးဖြင့်လည်ပတ်မှု သုံးရာခိုင်နှုန်းရှိနေသောကြောင့် လက်ရှိအချိန်တွင် ရေအားလျှပ်စစ်ဖြင့် သုံးစွဲမှုအမြင့်ဆုံးဖြစ်နေကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။လက်ရှိအချိန်တွင် ဂျပန်နိုင်ငံမှ လျှပ်စစ်ကဏ္ဍတွင် နည်းပညာကူညီပေးမှုများကို အများဆုံးကူညီပေးလျက်ရှိပြီး National Electricity Master Plan ရေးဆွဲနိုင်ရန် နည်းပညာပိုင်းအရ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားပိုမိုတိုးတက်ရရှိစေရန် ကမ္ဘာ့ဘဏ်အုပ်စုက အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်နှင့် ကမ္ဘာ့ကုလသမဂ္ဂတို့ ပူးတွဲဆောင်ရွက်နေသည့် ၂၀၃၀ ပြည့်နှစ်မတိုင်မီ လူတိုင်းလျှပ်စစ်ဓာတ်အားသုံးစွဲခွင့်ရရှိရေးဆောင်ရွက်မှု (Substainable Energy for All-SE4ALL) မှ တစ်ဆင့် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လျှပ်စစ်မီးရရှိရေးစီမံကိန်း (National Electrification Plan) အကောင်အထည်ဖော်ရန်အတွက် ကူညီလျက်ရှိကြောင်းသိရသည်။"မြန်မာနိုင်ငံမှာ အခု Gas ရနေတာက ကုဗပေသန်းပေါင်း ၃၅၀ ကနေ ၄၀၀ ကြားလောက်ရနေတယ်။ ဒါပေမဲ့ ပြည်တွင်းလိုအပ်ချက်က ဒါ့ထက်များနေတဲ့အတွက်ကြောင့်မို့ နိုင်ငံတကာနဲ့ချုပ်ဆိုထားတဲ့စာချုပ်တွေမှာ အတိုးအလျှော့ပြန်ပြီးလုပ်နိုင်မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေမှာပါ။ ဒါပေမဲ့ စာချုပ်တွေကလည်း နှစ်ရှည်စာချုပ်တွေဖြစ်နေတယ်" ဟု Parami Energy Group of Companies မှ Senior Project Manager ဦးတင်မောင်ထွန်းကပြောကြားသည်။လက်ရှိအချိန်တွင် ကမ်းလွန်လုပ်ကွက်တွင် နိုင်ငံတကာနှင့် စာချုပ်ချုပ်ဆိုရောင်းချပြီးသော သဘာဝဓာတ်ငွေ့သိုက်လေးခုရှိနေကြောင်း၊ ယင်းအနက် ရတနာနှင့် ရဲတံခွန်မှထွက်သော သဘာဝဓာတ်ငွေ့များအား ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း၊ ရတနာသဘာဝဓာတ်ငွေ့သိုက်မှ နေ့စဉ် တစ်နေ့လျှင် ကုဗပေသန်း ၆၄၀ ကို ထိုင်းနိုင်ငံသို့ နှစ် ၃၀ စာချုပ်ဖြင့် ၁၉၉၈ ခုနှစ်မှစတင်၍ ရောင်းချထားကြောင်း၊ ထို့အတူ ရဲတံခွန်သဘာဝဓာတ်ငွေ့သိုက်ကို တစ်နေ့လျှင် ကုဗပေသန်း ၄၃၀ ထိုင်းနိုင်ငံသို့ PETRONAS  မှ ၂၀၀၀ ပြည့်နှစ်မှစ၍ ရောင်းချပေးနေကြောင်း၊ အလားတူ မုတ္တမကမ်းလွန်တွင်ရှိသော M-9 လုပ်ကွက်ရှိ ဇောတိကစီမံကိန်းမှလည်း ပြီးခဲ့သည့်နှစ်မှစ၍ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချခဲ့ကြောင်းသိရသည်။စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးဇေယျာအောင်ကလည်း စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လက်ရှိအချိန်တွင် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ် စသည့်သဘာဝသယံဇာတများမှ ထွက်ရှိသမျှစွမ်းအင်များကို အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ဖြည့်ဆည်းပေးနိုင်မှုမှာ သေးငယ်သည့်အစိတ်အပိုင်းတစ်ခုသာရှိနေသေးကြောင်း၊ နိုင်ငံတော်၏ စက်မှုကဏ္ဍကြီးများတွင်ပါဝင်သည့် နိုင်ငံပိုင်စက်ရုံအလုပ်ရုံကြီးများကိုသာ ဖြည့်ဆည်းဆောင်ရွက်ပေးနေရသည့်အခြေအနေရှိနေကြောင်းနှင့် အစိုးရသစ်လက်ထက် သဘာဝသယံဇာတများမှထွက်ရှိလာသည့် စွမ်းအင်များကို ပြည်တွင်းသုံးအတွက် ဦးစားပေးသွားမည်ဟု ဇန်နဝါရီ ၂၀ ရက်က လှိုင်သာယာမြို့နယ်၊ ကနောင်ခန်းမ၌ကျင်းပသည့်တွေ့ဆုံပွဲတွင် ပြောကြားထားသည်။         

Most Read

Most Recent