သာမန် NGO အဖွဲ့အစည်း တစ်ခုဖြစ်သော ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲမှာပင် ဒီမိုကရေစီ နည်းလမ်းမကျသော ဝိုင်းကြီးချုပ်စနစ်က ဒီမိုကရေစီ အလေ့အကျင့်အတွက် စိုးရိမ်စရာ ဖြစ်လာ

သာမန် NGO အဖွဲ့အစည်း တစ်ခုဖြစ်သော ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲမှာပင် ဒီမိုကရေစီ နည်းလမ်းမကျသော ဝိုင်းကြီးချုပ်စနစ်က ဒီမိုကရေစီ အလေ့အကျင့်အတွက် စိုးရိမ်စရာ ဖြစ်လာ
Published 25 January 2015
သတင်းအယ်ဒီတာအဖွဲ့

သာမန် NGO အဖွဲ့အစည်းတစ်ခု၏ ရွေးကောက်ပွဲတွင်ပင် ကတိမတည်မှု၊ ရွေးကောက်ပွဲ ကော်မရှင်၏ အငြင်းပွားဖွယ် ဆုံးဖြတ်မှု စသည်တို့ကြောင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု လျော့နည်းကာ ယခင်လူဟောင်း အများစုပင် ပြန်လည်အရွေးချယ် ခံခဲ့ရသည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲမှ ဒီမိုကရေစီ နည်းလမ်းမကျသော ဝိုင်းကြီးချုပ်စနစ်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အလေ့အကျင့်အတွက် စိုးရိမ်ဖွယ်ပင်ဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ရုပ်ရှင်အစည်းအရုံး၏ သက်တမ်းကို အများသဘောတူညီမှုဖြင့် သက်တမ်းနှစ်နှစ်သာ သတ်မှတ်ထားသော်လည်း သက်တမ်းကျော်လွန်ပြီးမှသာ အမှုဆောင်သစ် ရွေးကောက်ပွဲအတွက် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲကြီးကြပ်ရေး ကော်မရှင် ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း ကော်မရှင်၏ လုပ်ဆောင်ချက် အချို့ပေါ်တွင် အငြင်းပွားဖွယ်များ ဖြစ်ပွားခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်ပါ အဖွဲ့ဝင်အချို့၏ တင်ပြချက်များဖြစ်သည့် အမှုဆောင်သက်တမ်း နှစ်ကြိမ် ဆောင်ရွက်ပြီးသူများအား တစ်ကြိမ်နားစေရန်၊ ရွေးကောက်ပွဲတွင် လာရောက်မဲပေးသူ အရေအတွက် ၅၀ ရာခိုင်နှုန်း မကျော်ပါက ပြန်လည်စဉ်းစား သုံးသပ်ရန် စသည်တို့ကို တင်ပြခဲ့သော်လည်း ပယ်ချခဲ့ကာ မူလသတ်မှတ်ချက်များ အတိုင်းသာ ဆက်လက်ဆောင်ရွက်စေခဲ့သည်။ ရွေးကောက်ပွဲအတွက် ဝင်ရောက်ရွေးချယ်ခံမည့် အဆိုပြုလွှာများအား ဖိတ်ခေါ်ခဲ့ရာ ပါဝင်ရွေးချယ်ခံလိုသူ သိသာစွာ နည်းပါးသွားခဲ့ပြီး ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ သရုပ်ဆောင် လူမင်း အပါအဝင် လက်ရှိအမှုဆောင်များစွာ ရွေးချယ်ခံခဲ့ကြသည်။မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို လွတ်လပ်သော NGO အဖွဲ့အစည်း တစ်ခုအဖြစ် ၂၀၁၂ ခုနှစ်တွင် ရုပ်ရှင်လောကသားများကိုယ်တိုင် မဲပေးရွေးချယ်မှုဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ သို့သော် ခြောက်လခန့် အကြာမှာပင် ရုပ်ရှင်လောကသားများ၏ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး ဥက္ကဋ္ဌဖြစ်သူ ဦးဇင်ဝိုင်းသည် ကျန်းမာရေး အခြေအနေအရ ရာထူးမှ နုတ်ထွက်သွားခဲ့ကာ ဒုတိယဥက္ကဋ္ဌဖြစ်သူ သရုပ်ဆောင် အကယ်ဒမီ လူမင်းက ဥက္ကဋ္ဌရာထူးကို တာဝန်ယူခဲ့သည်။ယင်းနောက်ပိုင်းမှ စတင်ကာ ရုပ်ရှင်လောကသားများအား ပွင့်လင်းမြင်သာသည့် တင်ပြမှုမျိုး မရှိဘဲ အမှုဆောင်များ၏ ဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်သည်ဟု ဝေဖန်မှုများစွာ ရုပ်ရှင်လောကသားများအကြား ထွက်ပေါ်လာခဲ့သည်။မကြာခင်က ပြုလုပ်ခဲ့သည့် ၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီဆု ရွေးချယ်ချီးမြှင့်ပွဲတွင်လည်း ရုပ်ရှင်အတတ်ပညာပိုင်းဆိုင်ရာ ဆုများကို ထည့်သွင်းချီးမြှင့်ခြင်း မပြုခြင်း အပါအဝင် အားနည်းချက်များ ရှိခဲ့သည့်အတွက် ရုပ်ရှင်လောကသားများကြားတွင် ဝေဖန်မှုများစွာ ထွက်ပေါ်စေခဲ့သည်။ရုပ်ရှင်အစည်းအရုံး၏ အလွှာဆယ်လွှာ ရွေးကောက်ပွဲကို ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်အထိ သုံးရက်ပြုလုပ်ခဲ့ပြီး တစ်ဦးတည်းသာ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ထုတ်လုပ်သူ အလွှာမှ လွဲ၍ အလွှာကိုးလွှာအတွက် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ မဲပေးရွေးချယ်ရာတွင် အလွှာအလိုက် မဲပေးရွေးချယ်သူ အရေအတွက်မှာ ၂၀၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲတွင် မဲပေးသူ အရေအတွက်ထက် သိသာစွာ လျော့နည်းခဲ့ပြီး ရွေးချယ်ခံရသူ အများစုမှာ လက်ရှိ ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖြစ် ထမ်းဆောင်နေသူများသာ အများစု ပါဝင်ခဲ့သည်။
အစည်းအဝေးခေါ်ရင် မလာဘဲ ဘာမှဆောင်ရွက်ခြင်း မရှိဘဲ လုပ်ပိုင်ခွင့်အတွက် မိန်းမူးတဲ့သူတွေက ပြန်အရွေးခံခဲ့ကြတယ်။ ရုပ်ရှင်လောက ပြန်လည်ထောင်မတ်လာအောင် ပခုံးကောင်းကောင်းနဲ့ မ,တင်ပေးမယ့်သူတွေ ပါဝင်မလာတဲ့အတွက် စိတ်မကောင်းဘူး။ အရင်အမှုဆောင် အဖွဲ့တုန်းက မှားခဲ့ဖူးတဲ့အမှားတွေ ရှိတယ်။ ဒါကြောင့် ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင်လောကရဲ့ အနာဂတ်က မျှော်လင့်လို့ မရတော့ပါဘူး . . . . .

ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲတွင် ပါဝင်ရွေးချယ် ခံခဲ့သော်လည်း ရွေးချယ်မခံခဲ့ရသူ ဒါရိုက်တာ အကယ်ဒမီ ဝိုင်းက “မဲပေးတဲ့သူ သိသိသာသာကို နည်းခဲ့တယ်။ အဲဒါက ဖြစ်မြောက်အောင်လုပ်တဲ့ ကော်မရှင်ကို ယုံကြည်မှုကင်းမဲ့တာ တစ်ချက်ပေါ့။ တက်ကြွမှုလည်း မရှိကြတော့ဘူး။ ရွေးကောက်ပွဲကော်မရှင်က ယုံကြည်မှုရှိအောင် မလုပ်ကြတာလည်း ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာ ဟိုဘက်ဒီဘက် ဆန္ဒတွေကို အကောင်အထည်ဖော်ပြီးမှ ရွေးကောက်ပွဲ ကျင်းပသင့်တယ်လို့ ထင်တယ်။ အခုက အဲဒီလို မဟုတ်တော့ အများစုက မပါတော့ဘူး။ ဒီရွေးကောက်ပွဲကို ကြည့်ပြီးတော့ နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် တကယ်ကို စိုးရိမ်မိပါတယ်။ ခေတ်အဆက်ဆက်မှာ လုပ်လာတဲ့ သူတွေက မဲကို ဘယ်လိုလိမ်ရမယ်၊ ညစ်ရမယ်ဆိုတာကို ကောင်းကောင်းကျွမ်းကျင်ပြီးသား၊ ရုပ်ရှင်အစည်းအရုံးလို ဘာမှမဟုတ်တဲ့ NGO မှာ တောင်အာဏာကို လုနေကြရင် တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ အမြင့်ဆုံးရာထူး ရွေးခံရမယ့်ပွဲဆိုရင် ဘယ်လောက်ညစ်မလဲဆိုတာ တွေးပူမိပါတယ်” ဟု သုံးသပ်သည်။ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ်တာ ဝန်ထမ်းဆောင်နေစဉ်က ထပ်မံပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ရွေးချယ်ခံခြင်း မပြုတော့ဟု မီဒီယာများထက်တွင် တရားဝင် ပြောကြားထားသော်လည်း ယခုပြုလုပ်သည့် ရွေးကောက်ပွဲတွင် ပါဝင်ရွေးချယ်ခံခဲ့ကာ ရွေးချယ်ခံခဲ့ရသည့် သရုပ်ဆောင် အကယ်ဒမီ လူမင်းက “ပြန်လည်ရွေးချယ်ခံဖို့က စဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာလေ။ မီဒီယာတွေ အပေါ်မှာ အတိအလင်း ဝင်ရောက် ရွေးချယ်မခံဘူးလို့ ပြောထားပြီးသားကို စကားကို နှစ်မျိုးပြောသလို အဖြစ်ခံပြီး၊ ကဲ့ရဲ့ဝေဖန်ခံပြီး ဘာလို့လုပ်လဲဆိုရင် ကိုယ့်ကိုယ်ကျိုးအတွက် မဟုတ်လို့ပါ။ ကိုယ်တတ်စွမ်းသလောက် အင်အားလေးနဲ့ ဝင်ရောက်အားဖြည့်ဖို့ လိုအပ်နေသေးတယ်လို့ အတိအကျ သုံးသပ်မိလို့ပါ။ ဒါကြောင့်လည်း ဒီရွေးကောက်ပွဲမှာ ပြန်လည်ရွေးချယ် ခံခဲ့တာပါ” ဟု ဆိုပါသည်။ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်အထိ ပြုလုပ်ခဲ့သည့် ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် ရွေးကောက်ပွဲ မြင်ကွင်း
ရွေးကောက်ပွဲတွင် ဇာတ်လမ်းဇာတ်ညွှန်း အလွှာအတွက် လာရောက်မဲပေးခဲ့သည့် ဇာတ်ညွှန်းအကယ်ဒမီ မြင့်ဦးဦးမြင့်က “ရုပ်ရှင်လောက အကျိုးကို သယ်ပိုးနိုင်မယ့် အမှုဆောင်သစ်တွေ ပေါ်ထွက်လာစေချင်လို့ မဲလာပေးခဲ့တာပါ။ အခု ပြန်ပြီး အရွေးခံရတော့လည်း ဒီလူတွေပဲဆိုတော့ ဘယ်လိုဖြစ်မှန်း မသိဘူး။ ဒါကို ကြည့်ပြီးတော့ NGO လို အဖွဲ့အစည်း တစ်ခုရဲ့ နေရာတစ်ခု အခွင့်အရေး တစ်ခုအတွက် ဒီလို ဖြစ်နေကြတယ်။ အစည်းအဝေးခေါ်ရင် မလာဘဲ ဘာမှဆောင်ရွက်ခြင်း မရှိဘဲ လုပ်ပိုင်ခွင့်အတွက် မိန်းမူးတဲ့သူတွေက ပြန်အရွေးခံခဲ့ကြတယ်။ ရုပ်ရှင်လောက ပြန်လည်ထောင်မတ်လာအောင် ပခုံးကောင်းကောင်းနဲ့ မ,တင်ပေးမယ့်သူတွေ ပါဝင်မလာတဲ့အတွက် စိတ်မကောင်းဘူး။ အရင်အမှုဆောင် အဖွဲ့တုန်းက မှားခဲ့ဖူးတဲ့အမှားတွေ ရှိတယ်။ ဒါကြောင့် ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင်လောကရဲ့ အနာဂတ်က မျှော်လင့်လို့ မရတော့ပါဘူး” ဟု ဆိုသည်။ဗီဒီယိုထုတ်လုပ်သူ တစ်ဦးဖြစ်သည့် ရွှေစင်ဦး ဗီဒီယိုထုတ်လုပ်ရေးမှ ကိုကျော်လင်းထွန်းကလည်း “ဒီနေရာတွေကို ဘာတွေ မက်မောလဲဆိုတာ စဉ်းစားလို့ မရဘူး။ မဲပေးပိုင်ခွင့်ရှိတဲ့သူ ဆိုတဲ့ နေရာမှာလည်း အငြင်းပွားစရာတွေ ရှိတယ်။ ကျွန်တော်တို့ အလွှာတစ်ခုတည်းကို အရင်ထောက်ပြရမယ်ဆိုရင် မဲပေးပိုင်ခွင့်ရှိတဲ့သူ ၆၀ ကျော်မှာ အခုမဲပေးတာ ခုနစ်ဦးပဲ ရှိတယ်။ တွက်ကြည့်ရင် ၁၁ ရာခိုင်နှုန်းပဲ။ အဲဒါကို အတည်ပြုမလား မပြုဘူးလား ဆိုတာကို အဖြေထုတ်ရမယ်” ဟု ဆိုပါသည်။ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ကလည်း “ရွေးကောက်ပွဲကို သွားလည်း မသွားဘူး၊ မဲလည်း မပေးဘူး။ မဲတွေကို စည်းရုံးထားပြီးသားလေ။ ဒါကြောင့် ဦးမျိုးတို့လည်း စောင့်ကြည့်နေတယ်။ အဖြေရလဒ်တွေကို ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်ပြီးရင်တော့ လုပ်သင့်တာ လုပ်ရလိမ့်မယ်” ဟု ပြောကြားသည်။ဒီမိုကရေစီကျသော ရွေးကောက်ပွဲ ဆိုသည်မှာ ကတိကဝတ် တည်ကြည်မှုနှင့် အများစု၏ လေးစားယုံကြည်ခြင်းရှိမှုကို အခြေခံပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး ပါဝင်နိုင်မှသာ လွတ်လပ်ပြီး တရားမျှတသည်ဟု ဆိုနိုင်မည် ဖြစ်သည်။ သို့ရာတွင် NGO တစ်ခုအတွင်းမှာပင် အာဏာကို လက်မလွှတ်လိုသူနှင့် အကျိုးစီးပွားကို ကာကွယ်လိုသူများက အများဆန္ဒအား မျက်ကွယ်ပြုကာ သန့်ရှင်းမျှတမှု မရှိသည့် ရွေးကောက်ပွဲရလဒ်ဖြင့် လုပ်ပိုင်ခွင့်အာဏာကို ဆက်လက်ရယူနေခြင်းက မကြာမီ ပြုလုပ်ရန်ရှိသည့် ပြည်လုံးကျွတ်ရွေးကောက်ပွဲကို စိုးရိမ်စရာကောင်းသော ပြယုဂ်တစ်ခုလားဟု မေးခွန်းထုတ်ရတော့မည် ဖြစ်သည်။ 

Most Read

Most Recent