အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေး စသည့်အချက်များကို တောင်းဆိုမှုများ ရှိလာသဖြင့် လွှတ်တော်အနေဖြင့် ပြန်လည်ပြင်ဆင်ပေးရန် လွှတ်တော်သို့ သမ္မတ သဝဏ်လွှာပို့

အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေး စသည့်အချက်များကို တောင်းဆိုမှုများ ရှိလာသဖြင့် လွှတ်တော်အနေဖြင့် ပြန်လည်ပြင်ဆင်ပေးရန် လွှတ်တော်သို့ သမ္မတ သဝဏ်လွှာပို့
Published 20 January 2015

အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေး စသည့်အချက်များကို တောင်းဆိုမှုများ ရှိလာသဖြင့် လွှတ်တော်အနေဖြင့် ပြန်လည်ပြင်ဆင်ပေးရန် လွှတ်တော်သို့ နိုင်ငံတော်သမ္မတက သဝဏ်လွှာ ပေးပို့ခဲ့သည်။သဝဏ်လွှာကို ဇန်နဝါရီ ၂၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မှတ်တမ်းတင်ခဲ့ပြီး ၎င်းသဝဏ်လွှာတွင် “အေးချမ်းစွာ ပညာသင်ကြားရေးနှင့် အမျိုးသားပညာရေး အဆင့်မြင့်မား တိုးတက်ရေး ဦးတည်လျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်” ဟု ပါရှိသည်။ပြည်ထောင်စုလွှတ်တော်က အမျိုးသားပညာရေး ဥပဒေအား ၃၀-၉-၂၀၁၄ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ရာတွင် ဥပဒေပါ ပြဋ္ဌာန်းချက်များ၏ ၄၆ ရာခိုင်နှုန်းမှာ လွှတ်တော်၏ တင်ပြချက်များသာဖြစ်ပြီး ကျန် ၅၄ ရာခိုင်နှုန်းမှာ ပညာရေးဝန်ကြီးဌာနက တင်ပြချက်များဖြစ်ကြောင်း၊ အတည်ပြု ပြဋ္ဌာန်းခဲ့သည့် အမျိုးသားပညာရေး ဥပဒေနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနသည် နည်းဥပဒေများနှင့် ဆက်စပ်ဥပဒေများကို မူကြမ်းရေးဆွဲလျက် ဆက်လက်ဆွေးနွေး ညှိနှိုင်းရန် ဆောင်ရွက်ဆဲဖြစ်ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။ထိုသို့ ဆောင်ရွက်ဆဲကာလတွင် အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်အချို့ကို အကြောင်းပြု၍ ပြင်ဆင်ပေးရန် တောင်းဆိုမှုများ ရှိလာခဲ့ကြောင်း၊ ၎င်းတို့မှာ ဗဟိုချုပ်ကိုင်မှု လျှော့ချပေးရန် အမျိုးသားပညာရေး ကော်မရှင် မလိုအပ်ကြောင်း တောင်းဆိုမှုနှင့် အလားတူ အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ မလိုအပ်ကြောင်း တောင်းဆိုမှု၊ ဆရာအဖွဲ့အစည်းများ၊ ကျောင်းသားအဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေးအတွက် အမျိုးသားပညာရေး ဥပဒေတွင် ထည့်သွင်းပေးရန် တောင်းဆိုမှု၊ လူတိုင်းအကျုံးဝင် ပညာရေးကို အမျိုးသားပညာရေး ဥပဒေတွင် ထည့်သွင်းပေးရန် တောင်းဆိုမှု၊ တိုင်းရင်းသား စာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်းဆိုမှုတို့ ဖြစ်သည်ဟု နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။မကြာမီက ပြဋ္ဌာန်းခဲ့ပြီး လက်တွေ့ မကျင့်သုံးရသေးသည့် ဥပဒေကို ပြန်လည်ပြင်ဆင်ရန် တောင်းဆိုမှုနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနိုင်သည့် ဥပဒေမူဘောင် အတိုင်းအတာအတွင်း မရှိသည့်အတွက် ဥပဒေပြုရေးအပိုင်းက ပြန်လည်စဉ်းစား သုံးသပ်ရမည်ဟု ဆိုသည်။ပညာရေး ဝန်ကြီးဌာနသည် ပညာရှင်များ၊ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်မှု အဖွဲ့များနှင့် အမျိုးသားပညာရေးဥပဒေနှင့် သက်ဆိုင်သည့် နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများ ရေးဆွဲရေးအတွက် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်နေစဉ် အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်အချို့ကို အကြောင်းပြု၍ ပြင်ဆင်ပေးရန် တောင်းဆိုလာမှုသည် ဆက်လက်ညှိနှိုင်းရေးဆွဲမည့် နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများအတွက် သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းရန် အခက်အခဲများ တွေ့ရှိရကြောင်း၊ ဥပဒေအရ တက္ကသိုလ်၊ ကောလိပ်များအား လွတ်လပ်စွာ စီမံခန့်ခွဲရေး ပြုလုပ်နေသည့်အလျောက် ကော်မတီ၊ ကော်မရှင် ဖွဲ့စည်းခြင်း (သို့မဟုတ်) မဖွဲ့စည်းခြင်းထက် အသွင်ကူးပြောင်းရေး ကာလတွင် အရည်အသွေး အကဲဖြတ်မှုနှင့် အရည်အသွေး အာမခံမှုသည် အရေးကြီးကြောင်း၊ အရည်အသွေး အကဲဖြတ်မှုနှင့် အရည်အသွေး အာမခံမှုအတွက် လွတ်လပ်သည့် အဖွဲ့အစည်းတစ်ရပ်အား သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရန် စဉ်းစားသင့်ကြောင်း ဆိုသည်။ပြည်ထောင်စုအစိုးရ အနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပညာရှင်များက ဆွေးနွေးညှိနှိုင်း တင်ပြလာချက်များအပေါ် ပြန်လည်လေ့လာသုံးသပ်ခဲ့ရာ အထက်ဖော်ပြပါ တင်ပြချက်များအား ပြင်ဆင်ပေးခြင်းဖြင့် အမျိုးသားပညာရေး အဆင့်အတန်း မြင့်မားတိုးတက်ရေး ဦးတည်ချက်အား မထိခိုက်စေသည့်အပြင် အေးချမ်းစွာ ပညာသင်ကြားရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် များစွာအထောက်အကူပြုစေမည် ဖြစ်ပါသဖြင့် ပြည်ထောင်စုလွှတ်တော်က အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်များအပေါ် ပြန်လည်သုံးသပ် ပြင်ဆင်ပေးနိုင်ပါရန် သဝဏ်လွှာ ပေးပို့အပ်ပါသည်ဟု နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။အမျိုးသားပညာရေးဥပဒေပါ အချက်များအား ကန့်ကွက်သည့်အနေဖြင့် ရန်ကုန်မြို့တွင် ကျောင်းသားဆန္ဒပြမှုများ မကြာမီက ဖြစ်ပွားခဲ့သည်။  

Most Read

Most Recent