တရုတ်၏လက်တံ

တရုတ်၏လက်တံ
Published 20 January 2015
ချစ်ဝင်းမောင်

“ခင်ဗျားတို့နိုင်ငံက ရေနောက်နေသေးတယ်။ ရေထဲမှာ ငါးဘယ်လောက် ရှိတယ်ဆိုတာ မမြင်ရဘူး။ တခြားနေရာတွေမှာ ရေကြည်ကုန်ပြီ။ ငါးလည်း မရှိတော့ဘူး” ဒီစကားကို ပြောလိုက်သူက မိတ်ဆွေတစ်ဦးနှင့်အတူ စီးပွားရေး စပ်တူလုပ်နေသည့် တရုတ်နိုင်ငံသား လုပ်ငန်းရှင်။ သူပြောလိုက်သည့် အဓိပ္ပာယ်က မြန်မာပြည်မှာ စီးပွားရှာလို့ ကောင်းနေသေးသည်။ စီးပွားရှာစရာ ‘ခွင်’ တွေ အများကြီး ရှိနေသေးသည်။ တခြားနေရာတွေမှာ မြန်မာပြည်လို ‘ခွင်’ မကောင်းတော့ဆိုသည့် အဓိပ္ပာယ်။ဒီတရုတ်လုပ်ငန်းရှင်က မိတ်ဆွေနှင့်အတူ ကယားပြည်နယ်ဘက်မှာ သတ္တုတူးဖော်ရေး လုပ်ငန်းကို ဖက်စပ်လုပ်ကိုင်နေသည်။ သူတို့က ဒေသအာဏာပိုင်တွေနှင့် ပေါင်းသည်။ ငြိမ်းချမ်းရေးယူထားသော လက်နက်ကိုင် လူမျိုးစုတွေနှင့် ပေါင်းသည်။ သူတို့အတွက် စီးပွားရေးသာ အဓိက။ လက်နက်ကိုင်တာတွေ၊ ငြိမ်းချမ်းရေးတွေ၊ ပဋိပက္ခတွေ မသိ။ ဒီနေရာမှာ သူတို့ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်နေနိုင်သရွေ့ လက်နက်ကိုင် ပဋိပက္ခသည် သူတို့နှင့်မဆိုင်။တစ်လောတုန်းက ကချင်ပြည်နယ်၊ ဝိုင်းမော်ဒေသမှာ သစ်ခိုးထုတ်သော တရုတ်နိုင်ငံသား အများအပြားကို သစ်တင်ယာဉ်တွေ၊ ယန္တရားတွေ အများအပြားနှင့် ဖမ်းဆီးရလိုက်သည်။ ကောင်းကင်အပေါ်စီးမှ ရိုက်ထားသော ဓာတ်ပုံအထောက်အထားအရ သစ်ခိုးထုတ်သော ယာဉ်တန်းကြီးမှာ အတော်ရှည်သည်။ မော်တော်ယာဉ် တစ်စီးတိုင်းမှာ မြန်မာ့သယံဇာတ “သစ်လုံးကြီးတွေ” အများအပြား တင်ဆောင်ထားသည်။ တရုတ်နိုင်ငံသားက ၁၅၀ ကျော်။ သူတို့နှင့်အတူ မူးယစ်ဆေးဝါးတွေကိုပါ ဖမ်းမိသည်ဟု သတင်းများမှာ ဖော်ပြသည်။ ဒီသတင်းကိုဖတ်ပြီး အတော် စိတ်မကောင်းဖြစ်မိသည်။ဒီလိုမျိုး မြန်မာ့သစ်တော သယံဇာတတွေ ဘယ်လောက်အထိ တရုတ်နိုင်ငံထဲသို့ ခိုးထုတ်ထားခဲ့ပြီလဲ မသိ။ တရုတ်လုပ်ငန်းရှင်တို့သည် မြန်မာ့နိုင်ငံရေးကို စိတ်မဝင်စား။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနှင့် အစိုးရ တပ်မတော်အကြား ပဋိပက္ခကို မသိ။ နှစ်ဖက်စလုံးနှင့် အဆင်ပြေအောင်ပေါင်းပြီး “ငါ့ဖို့” ဆိုသည့် ငို့ဖသမားတွေ ဖြစ်သည်။ ယခု ကချင်ပြည်နယ်၊ ဝိုင်းမော်ဒေသမှာ ဖမ်းမိသော သစ်တင်မှောင်ခိုကားတွေ ဘယ်နှစ်စီး တရုတ်ပြည်ထဲ အကြိမ်ကြိမ် မောင်းသွင်းသွားပြီလဲ ကျွန်တော်တို့ မသိနိုင်။ ဒါက ယခုလို မီဒီယာထွန်းကားလာ၍ သိလိုက်ရသည်။ မီဒီယာ အမှောင်ခေတ်တုန်းကရော မြန်မာ့သစ်တွေ ဘယ်လောက်တန်ထောင်ချီ၍ တရုတ်နိုင်ငံထဲ မှောင်ခိုသွင်းပြီးပြီလဲ။ ကျွန်တော်တို့ မသိခဲ့ရပါ။ မြန်မာ့သစ်တော ဧရိယာသည် ရာခိုင်နှုန်း အနည်းငယ်မျှသာ ကျန်တော့သည်။ ယခု ဖမ်းဆီးရမိမှုက သစ်ထုတ်လုပ်မှု ရပ်တန့်လိုက်ပြီဟု ဆိုလိုက်ချိန်မှာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။သစ်တောသယံဇာတက နမူနာတစ်ခုပဲ ရှိသေးသည်။ ဒီဒေသကို ဖြတ်ကျော်ပြီး မြန်မာ့တွင်းထွက် “ကျောက်စိမ်း” “ကျောက်မျက်” တွေ ဘယ်လောက်အထိ တရုတ်နိုင်ငံထဲ ရောက်သွားပြီလဲ။ ကိန်းဂဏန်း အချက်အလက် တိတိကျကျ မရှိပါ။ မျက်မြင်သက်သေများ၏ အဆိုအရ မြန်မာ-တရုတ် နယ်စပ်ဒေသ တရုတ်ဘက်ခြမ်းကမြို့တွေ ပြောင်ပြောင်လက်လက် တောက်တောက်ပပ ဖြစ်နေပြီး အဲဒီမှာ ကျောက်စိမ်းဈေးကွက်တွေ၊ ရတနာဈေးကွက်တွေ စည်စည်ကားကား ဖြစ်နေသည်တဲ့။
တရုတ်တို့၏ စီမံကိန်းကြောင့် ယခုအချိန်အထိ ပဋိပက္ခတွေ မငြိမ်းနိုင်၊ မပြီးနိုင် ဖြစ်နေသည်မှာ “လက်ပံတောင်း” တောင် ကြေးနီစီမံကိန်းဖြစ်သည်။ အဓမ္မမြေယာသိမ်းဆည်းမှု၊ မြေယာကျူးကျော်မှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ၏ အကျိုးဆက်အဖြစ် . . . . .

နိုင်ငံ၏ သယံဇာတတို့ကို နိုင်ငံသားတို့ ခံစားခွင့်မရဘဲ ဝိသမလောဘသား တစ်ဖက်နိုင်ငံသားများက သိမ်းကျုံးယူဆောင်သွားကြသည်မှာ ရင်နာစရာ ကောင်းလှသည်။တရုတ်၏ လက်တံကား ရှည်လှ၏။ တရုတ်သည် အာရှအရှေ့ဖျားမှ အာရှအလယ်ပိုင်းအထိ ကျယ်ပြန့်သော နယ်နိမိတ်စည်းရိုး၏ ဝဲယာတောင်မြောက်တစ်ခွင်ကို လွှမ်းမိုးဖို့၊ နေရာယူဖို့၊ စီးပွားရှာဖို့ ကြိုးစားနေသည်မှာ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ ပိုသိသာလာသည်။ မြန်မာကတော့ ကံဆိုးသည်ဟုပဲ ဆိုရမည်လားမသိ။ “မြန်မာ့အခက်၊ တရုတ်အချက်” လို့ ဆိုရမည်။ ၁၉၈၈ လူထုအုံကြွမှုနောက်ပိုင်း မြန်မာ့စီးပွားရေး တစ်ခုလုံးကို ဘာအင်အားမှ မသုံးလိုက်ရဘဲ လက်ဝါးကြီးအုပ်ခွင့် ရသွားခဲ့သည်။ စစ်ဗိုလ်ချုပ်များ၏ ထိန်းချုပ်မှုအောက် ရောက်သွားသော မြန်မာ့နိုင်ငံရေးကို တရုတ်တို့ စိတ်မဝင်စားပါ။ တရုတ်တို့ စိတ်ဝင်စားသည်မှာ မြန်မာ့ရေမြေ၊ သယံဇာတဖြစ်သည်။ ဘယ်လို စီးပွားရေး လုပ်မလဲဆိုတာပဲ စဉ်းစားသည်။ တစ်ဖက်က အပယ်ခံ၊ အကျဉ်းခံ အစိုးရ။ မဟာမိတ် မရှိ။ ထောက်ခံသူ မရှိ။ ကမ္ဘာ့နိုင်ငံ အများအပြားက ဝိုင်းကြဉ်ထားသော အစိုးရကို လည်ပင်းလာဖက်သူက တရုတ်ကြီးဖြစ်သည်။ “ခင်ဗျားတို့ ဘာမှမပူနဲ့။ ခင်ဗျားတို့နောက်မှာ ကျွန်တော်တို့ ရှိတယ်” လို့ မပြောရုံတမယ် အထီးကျန် မြန်မာအစိုးရကို ကုလသမဂ္ဂမှာ အကာအကွယ်ပေး ထောက်ခံခဲ့သည်။ တစ်ဖက်ကလည်း မြန်မာ့အရင်းအမြစ်ကို နှိုက်ယူသည်။ဒီတော့ တရုတ်သည် ကျေးဇူးခံ၊ ကျေးဇူးစား မကင်းသော မိတ်ဆွေဖြစ်လာသည်။ “ကျွန်တော်တို့ ကျေးဇူးရှိပါတယ်” ဆိုပြီး ပွင့်ပွင့်လင်းလင်းဝန်ခံသော ပုဂ္ဂိုလ်ပင် ပေါ်လာသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း တရုတ်တွေ မြန်မာ့စီးပွားရေးကို လွှမ်းမိုးချုပ်ကိုင်ခွင့် ရခဲ့သည်။ မြန်မာ့သယံဇာတတွေကို ပေါချောင်ကောင်း ဝယ်ယူနိုင်ရုံမက ပေါချောင်ကောင်း စာချုပ်တွေ ချုပ်ပြီး စီမံကိန်းတွေ အကောင်အထည်ဖော်ခဲ့သည်။ဒီပြဿနာတွေက ဒီဖက်အစိုးရ လက်ထက်မှာ ပေါ်လာသည်။ ပထမဦးဆုံး တရုတ်ပြည်ကို ထုတ်လုပ်သမျှ လျှပ်စစ်ရာခိုင်နှုန်း ၉၀ ပေးရမည့် ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန် “မြစ်ဆုံ” စီမံကိန်းကြီး လူထုဆန့်ကျင်မှုနှင့် ကြုံရသည်။ ယခင် တပ်မတော်အစိုးရက တိတ်တဆိတ် ချုပ်ဆိုထားခဲ့သော ဤစီမံကိန်းကို ယခု သမ္မတ ဦးသိန်းစိန်က ရပ်တန့်ထားလိုက်သည်။ သမ္မတအမိန့်ဖြင့် ရပ်ဆိုင်းထားသော်လည်း စာချုပ်တွေ တရုတ်လက်ထဲမှာ ရှိနေသေးသည်။ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံက သူ့နိုင်ငံ၏ အနာဂတ်မျှော်မှန်းချက်တွေ တွက်ချက်ကာ အမြော်အမြင်နည်းပါးသော မြန်မာစစ်အစိုးရနှင့် စာချုပ်တွေ တစ်ခုပြီးတစ်ခု ချုပ်ဆိုခဲ့သည်။ လိုအပ်သော ရေနံလောင်စာအတွက် မြန်မာနိုင်ငံ အနောက်ပိုင်း ကျောက်ဖြူမှ တရုတ်၊ ယူနန်ပြည်နယ်အထိ ရှည်လျားသော ရေနံပိုက်လိုင်း စီမံကိန်း၊ ရထားလမ်းစီမံကိန်းများ ချုပ်ဆိုသည်။ စစ်ကိုင်းတိုင်း မုံရွာအနီး လက်ပံတောင်းတောင်တွင် ကြေးနီရှာဖွေရေး စီမံကိန်းကို ချုပ်ဆိုသည်။ ယခု ကျောက်ဖြူရေနက်ဆိပ်ကမ်း ပြီးစီးသွားပြီဖြစ်၍ အရှေ့အလယ်ပိုင်းဒေသမှ ရေနံစိမ်းတွေ ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းကြီးမှတစ်ဆင့် တရုတ်နိုင်ငံထဲ စပို့နေပြီ။ ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းကတော့ ယခု ၂၀၁၄ ခုနှစ်ထဲမှာ မြန်မာဘက်က မလုပ်တော့ဘဲ ရပ်လိုက်သည်။ ဤစီမံကိန်းသာ ဆက်အကောင်အထည်ဖော်ဖြစ်လျှင် တရုတ်၏ လောင်းရိပ်က ပိုကြီးသွားတော့မည်။တရုတ်တို့၏ စီမံကိန်းကြောင့် ယခုအချိန်အထိ ပဋိပက္ခတွေ မငြိမ်းနိုင်၊ မပြီးနိုင် ဖြစ်နေသည်မှာ “လက်ပံတောင်း” တောင် ကြေးနီစီမံကိန်းဖြစ်သည်။ အဓမ္မမြေယာသိမ်းဆည်းမှု၊ မြေယာကျူးကျော်မှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ၏ အကျိုးဆက်အဖြစ် ဒေသခံများနှင့် စီမံကိန်းလုပ်ကိုင်သူများ၊ အာဏာပိုင်များ ထိပ်တိုက်တွေ့ခဲ့ကြသည်။ ၂၀၁၂ ခုနှစ်တွင် အကျိုးဆက်အဖြစ် ထိပ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့ပြီး ရဟန်းသံဃာအချို့ ပြင်းထန်စွာ ဒဏ်ရာရခဲ့သလို ပြီးခဲ့သည့်လက အမျိုးသမီးတစ်ဦး သေဆုံးရသည်အထိ ပဋိပက္ခ ကြီးမားတောက်လောင်ခဲ့သည်။ ပြဿ နာတွေက ယနေ့အထိ မပြီးနိုင်၊ မရှင်းနိုင်။တရုတ်သည် တောင်တရုတ်ပင်လယ်ထဲမှာ ဗီယက်နမ်နှင့် ပြဿနာဖြစ်သည်။ ဂျပန်နှင့် ပြဿနာဖြစ်သည်။ ဖိလစ်ပိုင်နှင့် ပြဿ နာဖြစ်သည်။ တရုတ်သည် တစ်ဟုန်ထိုး ဖွံ့ဖြိုးသည့်နိုင်ငံ၏ စက်မှုလုပ်ငန်းများအတွက် “စွမ်းအင်လောင်စာ” လိုအပ်သည်။ “ဓာတ်သတ္တု၊ သယံဇာတ” လိုအပ်သည်။ တရုတ်သည် အိမ်နီးချင်း မြန်မာ့သယံဇာတကိုသာမက အာဖရိကတိုက်အထိ ခြေဆန့်ပြီး နိုင်ဂျီးရီးယား၊ ကွန်ဂို၊ တောင်အာဖရိကမှာ ရေနံတူးသည်။ ဓာတ်သတ္တုရှာသည်။ အာဖဂန်နစ္စတန်မှာ ကြေးနီတူးသည်။ အာရှအနောက်ပိုင်းမှာ ပိုးထည်လမ်း စီးပွားရေးဇုန် တည်ဆောက်ဖို့ ကြိုးစားသည်။ တရုတ်၏လက်တံက ရှည်လာသလို ကျွန်တော်တို့အားလုံး သတိထားဖို့ အမြော်အမြင်ရှိဖို့ လိုပြီ။

Most Read

Most Recent