မုံရွာခရိုင် တက္ကသိုလ်ကျောင်းသားအသင်းအဖွဲ့များကွန်ရက်က အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ မုံရွာတက္ကသိုလ်ကျောင်းရှေ့တွင် ဆန္ဒထုတ်ဖော်

မုံရွာခရိုင် တက္ကသိုလ်ကျောင်းသားအသင်းအဖွဲ့များကွန်ရက်က အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ မုံရွာတက္ကသိုလ်ကျောင်းရှေ့တွင် ဆန္ဒထုတ်ဖော်
Published 7 January 2015
အောင်သူ

တက္ကသိုလ်ကျောင်းသားအသင်းအဖွဲ့များကွန်ရက်(မုံရွာ)က အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက မုံရွာတက္ကသိုလ်ကျောင်းရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။    အဆိုပါဆန္ဒထုတ်ဖော်မှုကို မုံရွာတက္ကသိုလ်ကျောင်းရှေ့တွင် နံနက် ၁၀ နာရီခန့်က စတင်ပြုလုပ်ခဲ့ပြီး အမျိုးသားပညာရေးဥပဒေအလိုမရှိဆိုသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ဆန္ဒထုတ်ဖော်မှုအပြင် ကျောင်းသားများမှ  ပညာရေးဥပဒေနှင့်ပတ်သက်၍ တစ်လှည့်စီဟောပြောမှုများနှင့် သဘောထားကြေညာချက်စာစောင်များ ဖြန့်ဝေခဲ့ကြသည်။    "လက်ရှိအစိုးရကို ရက်ပေါင်း ၆၀ အတွင်း ဖြေရှင်းပေးဖို့ပြောခဲ့တယ်။ ဖြေရှင်းမပေးဘူးဆိုရင် ၆၁ ရက်မြောက်တဲ့နေ့မှာ တစ်နိုင်ငံလုံးကျောင်းသားသပိတ်ဆင်နွှဲဖို့အတွက် ပထမခြေလှမ်းအနေနဲ့ ဒီကနေ့ဆန္ဒပြတာပါ။ ကျွန်တော်တို့ညီနောင်ကျောင်းသားတွေလည်း ပါဝင်ပူးပေါင်းဖို့လိုပါတယ်။ ပညာရေးဥပဒေကိုနားမလည်ဘဲ ကန့်ကွက်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့လိုချင်တဲ့ပညာရေးစနစ်ကို အနုနဲ့တောင်းမရရင် အကြမ်းနည်းနဲ့ရအောင်တောင်းမယ်။ ဒီထက်ပြင်းထန်တဲ့ဆန္ဒထုတ်ဖော်မှုတွေလည်း ဆက်လုပ်သွားမှာပါ" ဟု တက္ကသိုလ်ကျောင်းသားအသင်းအဖွဲ့များကွန်ရက်မှ ကိုမှုံကြီးကပြောကြားသည်။    "ကျွန်တော်တို့သမိုင်းကြောင်းတစ်လျှောက်မှာ ကျောင်းသားသမဂ္ဂဆိုတာ မြန်မာ့သမိုင်းမှာ အထင်းအရှားရှိပြီးသားဖြစ်တယ်။ ခေတ်အဆက်ဆက် ပညာရေးဖိနှိပ်မှု၊ အာဏာရှင်တွေရဲ့ဖိနှိပ်မှုကို ကျောင်းသားတွေ၊ ကျောင်းသားသမဂ္ဂတွေဦးဆောင်ပြီးတော့ ဆန့်ကျင်ကန့်ကွက်ခဲ့တယ်။ အဲဒီလိုရှိခဲ့တဲ့အနေအထားကို ကျောင်းသားယူနီယံဆိုပြီး ဦးသိန်းစိန်အစိုးရက ဖွဲ့စည်းဖို့လုပ်လာတယ်။ ကျောင်းသားယူနီယံဆိုတာကို ကျွန်တော်တို့အနေနဲ့ လုံးဝလက်သင့်မခံနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုဖွဲ့ဖို့ကြိုးစားတာဟာ ကျောင်းသားသမဂ္ဂရဲ့ပုံရိပ်ကိုဖျောက်ဖျက်တာဖြစ်တယ်" ဟုတက္ကသိုလ်ကျောင်းသားအသင်းအဖွဲ့များကွန်ရက်မှ ကိုစည်သူထွန်းကပြောကြားသည်။    တက္ကသိုလ်ကျောင်းသားအသင်းအဖွဲ့များကွန်ရက်(မုံရွာ)မှ ကျောင်းသားကျောင်းသူများသည် အမျိုးသားပညာရေးဥပဒေနှင့်ပက်သက်၍ ဟောပြောမှုအပြီးတွင် စစ်ကျွန်ပညာရေးအလိုမရှိ၊ ဒီမိုကရေစီပညာရေး ဒို့အရေး စသည့်အချက်များကို ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်မှုကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent