အစိုးရအနေဖြင့် လစာတိုးရေး ကိစ္စကို စစ်တမ်းကောက်နေသော်လည်း တစ်နိုင်ငံလုံးအတွက် အရေးကြီးသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စအား စစ်တမ်းမကောက်ခြင်းကို ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်

အစိုးရအနေဖြင့် လစာတိုးရေး ကိစ္စကို စစ်တမ်းကောက်နေသော်လည်း တစ်နိုင်ငံလုံးအတွက် အရေးကြီးသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စအား စစ်တမ်းမကောက်ခြင်းကို ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်
Published 30 December 2014

အစိုးရအနေဖြင့် လစာတိုးရေး ကိစ္စကို စစ်တမ်းကောက်နေသော်လည်း တစ်နိုင်ငံလုံးအတွက် အရေးကြီးသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စအား စစ်တမ်းမကောက်ခြင်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့သည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၃၀ ရက်တွင် ရန်ကုန်မြို့ရှိ အဖွဲ့ချုပ်ရုံးခန်း၌ ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် အထက်ပါကဲ့သို့ မေးခွန်းထုတ် ပြောကြားခဲ့ခြင်းဖြစ်သည်။အဆိုပါ တွေ့ဆုံပွဲတွင် သတင်းထောက်တစ်ဦးက အစိုးရမှ နိုင်ငံဝန်ထမ်းများ လစာတိုးရေးနှင့် ပတ်သက်ပြီး စစ်တမ်းကောက်မှုနှင့် ပတ်သက်၍ မေးမြန်းရာတွင် “ပထမဦးဆုံး ပြောချင်တာက စစ်တမ်းကောက်တဲ့အခါမှာ ကောက်ချင်တဲ့ကိစ္စကျ ကောက်ပြီးတော့ မကောက်ချင်တဲ့ကိစ္စကျ မကောက်ထားဘူး။ အန်တီက သဘောမကျဘူး။ အဲဒီတော့ ဒီလစာတိုးရေးဆိုတဲ့ ကိစ္စကို စစ်တမ်းကောက်လို့ရှိရင် ဘာဖြစ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးကိစ္စကို စစ်တမ်းမကောက်လဲ။ တကယ် တစ်တိုင်းပြည်လုံးအတွက် အရေးကြီးတဲ့ ကိစ္စကျတော့ စစ်တမ်းမကောက်ဘဲနဲ့ ဒီဟာကျမှ ဘာဖြစ်လို့ စစ်တမ်းကောက်လဲ ဆိုတာကို အဲဒါ အန်တီက မေးချင်တယ်။ စစ်တမ်းကောက်ပြီးတော့ ဘာလုပ်ဖို့ ရည်ရွယ်ချက် ရှိလဲဆိုတာ စစ်တမ်းကောက်တဲ့ အထဲမှာ မထည့်ထားဘူးလား” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဆက်လက်ပြီး ၎င်းက “အဲဒီလို ထည့်ရမယ်လေ။ မေးပေါ့။ စစ်တမ်းကောက်တဲ့ လူတွေကို မေးပေါ့။ စစ်တမ်းကောက်ပြီးတော့ စစ်တမ်းကောက်လို့ရတဲ့ အခြေအနေပေါ်မှာ အခြေခံပြီး ဘာလုပ်ဖို့များ ရည်ရွယ်ချက်ရှိပါလဲ ဆိုပြီးတော့ ကောက်နေတဲ့လူတွေကို မေးဖို့က ရှိပါတယ်” ဟု ပြောကြားသည်။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “၄၃၆ နဲ့ပတ်သက်လို့ ပြည်သူ ငါးသန်းကနေ လက်မှတ်ထိုးတယ်။ လက်မှတ်ထိုးပြီးတော့ ဘာသက်ရောက်မှု ရှိလဲဆိုတော့ သက်ရောက်မှုရှိတယ်။ နံပါတ်တစ်က အရေးကြီးဆုံးက ဘာလဲဆိုတာဟာ ကျွန်မတို့ရဲ့ ပြည်သူလူထု ဒီမြန်မာနိုင်ငံရဲ့ ပြည်သူလူထုဟာ နိုင်ငံရေးစိတ်ပါမှု ရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို တကယ်လိုလားတယ် ဆိုတာကို ကမ္ဘာက သိသွားပြီ။ တချို့ကတော့ မလိုလားတဲ့သူတွေက ပြောတာပေါ့။ ငါးသန်းပဲ ကျန်တဲ့လူတွေ ကျန်သေးတယ်။ အန်တီတို့ကတော့ ရဲရဲဝံ့ဝံ့ ပြောရဲတယ်။ ကျန်တဲ့သူတွေရဲ့ဆန္ဒ သိချင်လို့ရှိရင် ဆန္ဒခံယူပွဲ လုပ်လိုက်ပါ။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်လိုက်ပါ” ဟု ဆက်လက်ပြောကြားသည်။နိုင်ငံ့ဝန်ထမ်းများ လစာတိုးသင့်၊ မတိုးသင့်နှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများ၏ နှစ်ရာခိုင်နှုန်းခန့်ရှိ နိုင်ငံ့ဝန်ထမ်းများအား ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း လစာ/အသုံးစရိတ် တိုးပေးရန် နိုင်ငံတော်အစိုးရ အနေဖြင့် တွက်ချက်လျက်ရှိပြီး သို့ပါ၍ နိုင်ငံ့ဝန်ထမ်းများအတွက် ပြည်သူများ၏ အမြင်အား စစ်တမ်းကောက်ယူနေကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent