UEC အနေနဲ့ ဘယ်နိုင်ငံတွေရဲ့ ရွေးကောက်ပွဲစနစ်ကို သွားရောက်လေ့လာခဲ့သလဲ

UEC အနေနဲ့ ဘယ်နိုင်ငံတွေရဲ့ ရွေးကောက်ပွဲစနစ်ကို သွားရောက်လေ့လာခဲ့သလဲ
ဇူလိုင်လက ကျင်းပသည့် ကမ္ဘောဒီးယားနိုင်ငံ၏ (၇) ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲသို့ UEC ဥက္ကဋ္ဌ သွားရောက်လေ့လာစဉ်
ဇူလိုင်လက ကျင်းပသည့် ကမ္ဘောဒီးယားနိုင်ငံ၏ (၇) ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲသို့ UEC ဥက္ကဋ္ဌ သွားရောက်လေ့လာစဉ်
Published 17 September 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လနှင့် စက်တင်ဘာလတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည်။ 

ထိုနိုင်ငံများသို့ UEC ဥက္ကဋ္ဌ သွားရောက်ရသည့် အကြောင်းရင်းက အခြားမဟုတ်။ ယင်းနိုင်ငံများက ကျင်းပသည့် ရွေးကောက်ပွဲများကို လေ့လာရန် သွားရောက်ခဲ့ခြင်းလည်း ဖြစ်သည်။ 

■ ''ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်လေ့လာခြင်း''

UEC ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် (၇) ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲအား လေ့လာရန် ရန်ကုန်မြို့မှ ကမ္ဘောဒီးယားနိုင်ငံသို့ ဇူလိုင် ၂၁ ရက်က ထွက်ခွာသွားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ (၇) ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲကို ဇူလိုင် ၂၃ ရက်တွင် ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။ ထိုသို့ ကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံ၏ (၇) ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲကို လေ့လာရန် UEC ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဦးစိုးဦးလည်း လိုက်ပါသွားခဲ့သည်။ UEC ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲစနစ်များ၊ ရွေးကောက်ပွဲကျင်းပပုံလုပ်ငန်းစဉ်များ၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် မဲရေတွက်ခြင်းလုပ်ငန်းစဉ်များကို လေ့လာရန် နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူအဖြစ် သွားရောက်ခဲ့ခြင်းလည်း ဖြစ်သည်။ 

■ ''ဘာတွေလေ့လာခဲ့သလဲ''

UEC ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၏ (၇) ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲကို ဇူလိုင် ၂၁ ရက်မှ ၂၅ ရက်အထိ ငါးရက်ကြာ သွားရောက်လေ့လာခဲ့သည်။ 

ယင်းခရီးစဉ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင် ဦးစိုးဦးတို့သည် ဇူလိုင် ၂၂ ရက်က ကျင်းပသည့် နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူများအား လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ 

ထို့နောက် UEC ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဖနောင်ပင်မြို့နှင့် ကန်ဒယ်ပြည်နယ်တို့ရှိ ကန်ဒယ်ပြည်နယ်ဆရာအတတ်သင်ကျောင်း၊ ဘွန်ရာနီ ခရိုပါဟာ မူလတန်းကျောင်း၊ ဟွန်ဆန်ဆက်တဘောင်း မူလတန်းကျောင်းတို့၌ ဖွင့်လှစ်ထားသည့် မဲရုံပြင်ဆင်နေမှုများကိုလည်းကောင်း၊ ဆိုသီရာရော့စ် အလယ်တန်းကျောင်းနှင့် 8 March မူကြိုကျောင်းတို့၌ မဲရုံဖွင့်လှစ်နေမှုများကိုလည်းကောင်း၊ ကန်ဒယ်ပြည်နယ် ဆရာအတတ်သင်ကျောင်း၊ ဘတ်တုအထက်တန်းကျောင်းနှင့် အက်နိုဝတ်ဖနောင်မူလတန်းကျောင်းတို့၌ မဲပေးနေမှုအခြေအနေများကိုလည်းကောင်း သွားရောက်လေ့လာခဲ့သည်။ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပပုံ၊ မဲရုံများ ဖွင့်လှစ်ထားရှိမှုနှင့် မဲပေးခြင်း၊ မဲရေတွက်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်း သွားရောက်လေ့လာခဲ့သည်။ 

ကမ္ဘောဒီးယားနိုင်ငံ၏ (၇) ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲသို့ ထိုင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ရုရှားနှင့် တီမောလက်စ်တေနိုင်ငံတို့မှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်များမှ လေ့လာရေးအဖွဲ့များကလည်း လာရောက်လေ့လာခဲ့ကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ (၇) ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲသို့ သွားရောက်လေ့လာသည့် UEC ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၅ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ 

■ ''ရုရှားနိုင်ငံကို သွားရောက်လေ့လာခြင်း''

UEC ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် UEC အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန်နှင့် ရုရှားနိုင်ငံ၏ ဒေသန္တရရွေးကောက်ပွဲသို့ လေ့လာရန် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ရုရှားနိုင်ငံ မော်စကိုမြို့သို့ စက်တင်ဘာ ၆ ရက်က ထွက်ခွာသွားခဲ့သည်။ 

ထိုသို့သွားရောက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းနှင့် ညွှန်ကြားရေးမှူး ဦးဇော်နောင်လတ်တို့လည်း လိုက်ပါသွားခဲ့သည်။ UEC ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရုရှားနိုင်ငံ၏ ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲကျင်းပပုံလုပ်ငန်းစဉ်များ၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် မဲရေတွက်ခြင်း လုပ်ငန်းစဉ်များကို လေ့လာသိရှိနိုင်ရန် သွားရောက်ခဲ့ခြင်းလည်း ဖြစ်သည်။ 

■ ''ဘာတွေလေ့လာခဲ့သလဲ''

UEC ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံသို့ စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ တစ်ပတ််ကြာ သွားရောက်လေ့လာခဲ့ခြင်းလည်း ဖြစ်သည်။ 

ရုရှားနိုင်ငံ ခရီးစဉ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့အကြား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို စက်တင်ဘာ ၇ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဗဟိုရွေးကောက်ပွဲကော်မရှင်ရုံးတွင် လက်မှတ်ရေးထိုးခဲ့သည်။ 

ထို့နောက် UEC ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၈ ရက်တွင် ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် သတင်းအချက်အလက်စင်တာသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဆောင်ရွက်ပုံနည်းလမ်းများကို သွားရောက်လေ့လာခဲ့သည်။ 

စက်တင်ဘာ ၉ ရက်နှင့် ၁ဝရက်တို့တွင်လည်း UEC ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့နှင့် မော်စကိုဒေသတစ်ဝိုက် လှည့်လည်ကြည့်ရှုခြင်းနှင့် ဒေသန္တရရွေးကောက်ပွဲ မဲပေးနေမှုအခြေအနေများကိုလည်း လေ့လာခဲ့ကြောင်း သိရသည်။ 

ယင်းလေ့လာရေးခရီးစဉ်အတွင်း ရုရှားနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများနှင့် မီဒီယာကို စနစ်တကျ အသုံးပြုဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ ရွေးကောက်ပွဲတွင် နည်းပညာအကူအညီရယူ၍ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ နှစ်နိုင်ငံအကြား အသိပညာရှင်၊ အတတ်ပညာရှင်များ အပြန်အလှန် အတွေ့အကြုံဖလှယ်နိုင်မည့် နည်းလမ်းများကို  နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းမှတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးနိုင်ခဲ့သည်။

ထို့ပြင် ရုရှားနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပပုံနည်းလမ်းများ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်မှုအခြေအနေများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း များနှင့်စပ်လျဉ်း၍ စီမံ‌ဆောင်ရွက်နေမှုအခြေအနေများ၊ ရုရှားနိုင်ငံ၏ ဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် သမိုင်းဝင်ထင်ရှားသောနေရာများသို့  လေ့လာနိုင်ခဲ့သည့်အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

ရုရှားနိုင်ငံ သမ္မတရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် မတ်လတွင် ကျင်းပမည်ဖြစ်ပြီး ယင်းရွေးကောက်ပွဲသို့ လာရောက်လေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးအား ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ Ella Pamfilova က ဖိတ်ကြားခဲ့ကြောင်း သိရသည်။

■ 'တရုတ်နိုင်ငံကို လေ့လာရေးခရီးသွားရောက်ခြင်း'

UEC ဥက္ကဋ္ဌ ကဲ့သို့ပင် ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြင့်သိန်းနှင့် ဦးသန်းထွန်းတို့ကလည်း ဇူလိုင်နှင့် စက်တင်ဘာလတို့တွင် တရုတ်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးမြင့်သိန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ရန် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ ဇူလိုင် ၂၆ ရက်က သွားရောက်ခဲ့သည်။ 

ခရီးစဉ်အတွင်း UEC အဖွဲ့ဝင် ဦးမြင့်သိန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒ၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်နိုင်ငံ ပါတီတည်ထောင်ခြင်းနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ရွေးကောက်ပွဲကျင်းပပုံနည်းလမ်းများကို လေ့လာရန် သွားရောက်ခဲ့ခြင်းလည်း ဖြစ်သည်။ 

UEC အဖွဲ့ဝင် ဦးမြင့်သိန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံသို့ ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၂ ရက်အထိ ရှစ်ရက်ကြာ သွားရောက်လေ့လာခဲ့သည်။ 

လေ့လာရေးခရီးစဉ်အတွင်း UEC အဖွဲ့ဝင် ဦးမြင့်သိန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်နေမှု၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံစိုက်ပျိုး ရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်နေမှု၊ ဆင်းရဲမှုပပျောက်ရေးအတွက် ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်နေမှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်နေမှု၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု၊ တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသ  ခေတ်မီဖွံ့ဖြိုးတိုးတက်နေမှုများနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရုတ်ပုံစံ ခေတ်မီမူဝါဒများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုလေ့လာခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးသန်းထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးအဖြစ် လေကြောင်းခရီးဖြင့် ရန်ကုန်မှ တရုတ်နိုင်ငံသို့ စက်တင်ဘာ ၁၀ ရက်က ထွက်ခွာသွားခဲ့သည်။ 

တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် တရုတ်နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒ၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ ပါတီတည်ထောင်မှုဆိုင်ရာ အတွေ့အကြုံများကို အမြင်ချင်းဖလှယ်ဆွေးနွေးသွားရန် ရည်ရွယ်၍ ဖိတ်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးသန်းထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ တရုတ်နိုင်ငံ လေ့လာရေးခရီးစဉ်သည် စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ တစ်ပတ်ကြာခရီးစဉ်လည်းဖြစ်သည်။ 

ယင်းခရီးစဉ်အတွင်း တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်ကွန်မြူနစ်ပါတီက ဆောင်ရွက်လျက်ရှိသော နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ဆောင်ရွက်ပုံနည်းလမ်းများကိုလည်းကောင်း၊ ပါတီတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း အမြင်ချင်းဖလှယ်ဆွေးနွေးသွားမည် ဖြစ်ကြောင်း UEC က ထုတ်ပြန်ထားသည်။ 

ယခုနှစ် ဇူလိုင်လမှစ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အပါအဝင် ကော်မရှင်အဖွဲ့ဝင်များအနေဖြင့် နိုင်ငံတကာသို့ သွားရောက်၍ ယင်းနိုင်ငံများ၏ ရွေးကောက်ပွဲစနစ်များ၊ ရွေးကောက်ပွဲ ကျင်းပပုံလုပ်ငန်းစဉ်များ၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် မဲရေတွက်ခြင်းလုပ်ငန်းစဉ်များကို ခပ်စိပ်စိပ် သွားရောက်လေ့လာလျက်ရှိကြသည်။ ထို့ပြင် နောက်ပိုင်းကာလများတွင် UEC အနေဖြင့် နိုင်ငံတကာရွေးကောက်ပွဲများကို သွားရောက်လေ့လာမည့် အခြေအနေမျိုး ရှိနေသည်။ 

ထို့ကြောင့် မြန်မာနိုင်ငံ၌ အရေးပေါ်ကာလပြီးဆုံးချိန်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ UEC အနေဖြင့် နိုင်ငံတကာ ရွေးကောက်ပွဲစနစ်များ၏ အားနည်းချက် အားသာချက်များကို သုံးသပ်၍ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ မည်သို့ကျင်းပသွားမည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။ 

Most Read

Most Recent