INGO/NGO များနှင့် အသင်းအဖွဲ့များ မှတ်ပုံတင် မဖြစ်မနေဆောင်ရွက်ရန်နှင့် ၎င်းတို့ကို အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက ၎င်းတို့အားအသုံးချ၍ တရားမဝင်ကိစ္စများ၌ ထောက်ပံ့မှုများမဖြစ်ရန်လိုကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြား

INGO/NGO များနှင့် အသင်းအဖွဲ့များ မှတ်ပုံတင် မဖြစ်မနေဆောင်ရွက်ရန်နှင့် ၎င်းတို့ကို အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက ၎င်းတို့အားအသုံးချ၍ တရားမဝင်ကိစ္စများ၌ ထောက်ပံ့မှုများမဖြစ်ရန်လိုကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြား
Published 15 September 2023

INGO/NGO များနှင့် အသင်းအဖွဲ့များ မှတ်ပုံတင် မဖြစ်မနေဆောင်ရွက်ရန်နှင့် ၎င်းတို့ကအကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက ၎င်းတို့အားအသုံးချ၍ တရားမဝင်ကိစ္စရပ်များတွင် ထောက်ပံ့မှုများမဖြစ်ရန်လိုကြောင်း ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

စက်တင်ဘာ  ၁၄ ရက်က နေပြည်တော်ရှိ Hotel Max၊ Kumudra Ballroom ၌ ကျင်းပသည့် INGO/NGO များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် လွယ်ကူချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင် ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသည် အသင်းအဖွဲ့များအနေဖြင့် မှတ်ပုံတင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ၀ိုင်းဝန်းပူးပေါင်းဖြေရှင်းပေးနိုင်ရန်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ကျေးလက်ဒေသများ၊ နယ်စပ်ဒေသများ၊ ဝေးလံခေါင်သီသောဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသင်းအဖွဲ့များ၏ အားကိုရယူရကြောင်း၊ အသင်းအဖွဲ့များကလည်း ဥပဒေနှင့်အညီ အကူအညီပေးနိုင်ရန်အတွက် မှတ်ပုံတင်ရေးလုပ်ငန်းစဉ်ကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထိုသို့မှတ်ပုံတင်လျှောက်ထားရာတွင် အစိုးရဌာနအဖွဲ့အစည်းများ၏ ထောက်ခံချက်များရယူရန်လိုအပ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် ဌာနအဖွဲ့အစည်း၏မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီစိစစ်ပြီး မြန်ဆန်စွာ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံရှိ အသင်းအဖွဲ့များ၏ အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်မှုအပေါ် အကဲဖြတ်သတ်မှတ်သည့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့၏ နိုင်ငံအချင်းချင်းအပြန်အလှန်အကဲဖြတ်မှုအစီရင်ခံစာအရ ပရဟိတအဖွဲ့အစည်းများသည် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ရာ၌ အသုံးချခံရနိုင်ခြေများသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ စံနှုန်းများကို လိုက်နာဆောင်ရွက်မှု အားနည်းသည်ဟု သတ်မှတ်ခံထားရကြောင်းနှင့် အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက INGO/NGO များကို အသုံးချပြီး တရားမဝင်ကိစ္စရပ်များအတွက် ထောက်ပံ့မှုများမဖြစ်စေရန်လည်း လိုအပ်ကြောင်း၊ ထို့ကြောင့် INGO/NGO များအနေဖြင့်အကူ အညီပေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က အသင်းအဖွဲ့မှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများကိုလည်းကောင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ပရဟိတအသင်းအဖွဲ့များနှင့် သက်ဆိုင်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့ပြင် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက INGO/NGO များ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်လွယ်ကူချောမွေ့စေရေးနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်း အကြံပြုဆွေးနွေးရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့အတွင်းရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှတာဝန်ရှိသူများ၊ ပြည်တွင်းအသင်းအဖွဲ့များနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent