လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့် ကန့်သတ်ချက်များကြောင့် နေရပ်စွန့်ခွာသူများနှင့် သဘာဝဘေးဒဏ်သင့်ကျေးရွာများသို့ အကူအညီပေးအပ်နိုင်ရေး အဟန့်အတားဖြစ်နေကြောင်း UNOCHA ထုတ်ပြန်

လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့် ကန့်သတ်ချက်များကြောင့် နေရပ်စွန့်ခွာသူများနှင့် သဘာဝဘေးဒဏ်သင့်ကျေးရွာများသို့ အကူအညီပေးအပ်နိုင်ရေး အဟန့်အတားဖြစ်နေကြောင်း UNOCHA ထုတ်ပြန်
Published 12 September 2023

လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့် ကန့်သတ်ချက်များကြောင့် နေရပ်စွန့်ခွာသူများနှင့် သဘာဝဘေးဒဏ်သင့်ကျေးရွာများသို့ အကူအညီပေးအပ်နိုင်ရေး အဟန့်အတားဖြစ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်သည်။ 

ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်သည့် လစဉ်ထုတ် လူသားချင်းစာနာမှုဆိုင်ရာ သတင်းလွှာတွင် ယင်းအချက်ကို ထည့်သွင်းထားခြင်းလည်း ဖြစ်သည်။ 

ဖြစ်ပွားဆဲပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် အိုးအိမ်စွန်ခွာထွက်ပြေးရသူ၊ အရပ်သားသေဆုံးမှုနှင့် အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသဖြင့် မြန်မာနိုင်ငံ၏ ရှိရင်းစွဲ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများကို ပိုမိုဆိုးရွားစေကြောင်း UNOCHA က ဆိုသည်။ 

လက်ရှိတွင် လူဦးရေ ၁ ဒသမ ၉ သန်းကျော်သည် မရေရာသောအခြေအနေများဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး လူမှုဘဝကယ်ဆယ်ရေးအကူအညီများ လိုအပ်လျက်ရှိကြောင်း UNOCHA က ထုတ်ပြန်သည်။ 

ထို့ပြင် မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်နှင့် နိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် ရေကြီးရေလျှံခဲ့ကာ သြဂုတ်လဆန်းပိုင်းမှ စတင်၍ လူပေါင်း ၈၀,၀၀၀ ကျော် ရေဘေးဒုက္ခရင်ဆိုင်ခဲ့ရကြောင်း၊ ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဝေရေးအစီအစဉ်များ ခွင့်ပြုချက်ရရှိပြီးဖြစ်ကာ ကယ်ဆယ်ရေးပစ္စည်းအချို့ကို ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ သို့ရာတွင် မုန်တိုင်းသင့်ဒေသခံများအတွက် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ မြင့်မားနေဆဲဖြစ်ပြီး အကူအညီများပိုမိုပေးသွားရန် လိုအပ်နေဆဲဖြစ်ကြောင်း UNOCHA က ထုတ်ပြန်သည်။

လူသားချင်းစာနာမှုဆိုင်ရာဝင်ရောက်ကူညီခွင့်   ကန့်သတ်ချက်များသည် အထူးသဖြင့် နိုင်ငံအရှေ့တောင်ပိုင်းနှင့် ကချင်ပြည်နယ်တွင် တိုးမြင့်လာသောကြောင့် နေရပ်စွန့်ခွာရသူများနှင့် ဘေးဒဏ်သင့်ရပ်ရွာဒေသခံများအား အချိန်နှင့်တစ်ပြေးညီ အကူအညီများ ထိရောက်စွာ ပေးအပ်နိုင်ရေးကို အဟန့်အတားဖြစ်စေကြောင်း UNOCHA က ထုတ်ပြန်သည်။ 

ထို့ကြောင့် ဝင်ရောက်ကူညီရေး ကန့်သတ်ချက်များလျှော့ပေါ့ပေးခြင်းနှင့် ရန်ပုံငွေရရှိရေးများသည် အရေးပေါ် လိုအပ်ချက်များကိုတုံ့ပြန်ကူညီမည့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် မရှိမဖြစ် လိုအပ်ကြောင်း UNOCHA က ဆိုသည်။

၂၀၂၃ ခုနှစ်၏ ရှစ်လတာကာလအတွင်း လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးအစီအစဉ်နှင့် မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေး အရေးပေါ်ရန်ပုံငွေတောင်းခံလွှာ နှစ်ရပ်စလုံးမှာ ရန်ပုံငွေပြည့်မှီရန် များစွာလိုအပ်နေသေးပြီး စုစုပေါင်းလိုအပ်ချက်၏ ၂၅ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိထားကြောင်း UNOCHA က ထုတ်ပြန်သည်။   

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးညှိနှိုင်းရေးမှူး Martin Griffiths သည် မြန်မာနိုင်ငံ၏ အခြေအနေကို ပိုမိုသတိပြုလာကြစေရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ တိုးမြင့်လုပ်ဆောင်နိုင်ရေးနှင့် ရှုပ်ထွေးသည့်ရုံးလုပ်ငန်းဆိုင်ရာ အတားအဆီးများကို ဖယ်ရှားပေးနိုင်ရေး တိုက်တွန်းဆော်ဩမှုများ လုပ်ဆောင်ရန်အတွက် ဩဂုတ် ၁၄ ရက်မှ ၁၇ ရက်အထိ မြန်မာနိုင်ငံသို့လာရောက်ခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent