အမေရိကန်-ဂျပန်-တောင်ကိုရီးယား ခေတ်သစ်ဆက်ဆံရေး

အမေရိကန်-ဂျပန်-တောင်ကိုရီးယား ခေတ်သစ်ဆက်ဆံရေး
Photo: AFP
Photo: AFP
Published 22 August 2023
TRANSLATED- ဖြိုးဟိန်းကျော်

သုံးနိုင်ငံအကြား လုံခြုံရေးဆိုင်ရာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုတွင် ကဏ္ဍသစ်တစ်ခုကို မြင်တွေ့ရကြောင်း သြဂုတ် ၁၉ ရက်က အမေရိကန်နှင့် ၎င်း၏အာရှ မဟာမိတ်များဖြစ်သည့် တောင်ကိုရီးယားနှင့် ဂျပန်တို့ ပထမဆုံးအကြိမ် သီးသန့်ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် သမ္မတဂျိုးဘိုင်ဒင်နှင့် တောင်ကိုရီးယား၊ ဂျပန်ခေါင်းဆောင်တို့က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ၏ ကျေးလက်အပန်းဖြေစခန်းဖြစ်သည့် Camp David တွင် တွေ့ဆုံစဉ်အတွင်း သမ္မတဘိုင်ဒင်က အတိတ်ကာလက ရန်ငြိုးများကို ပြည်ဖုံးကားချကာ မျက်နှာစာသစ်ဖွင့်လှစ်နိုင်ခဲ့သည့် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုနှင့် ဂျပန်ဝန်ကြီးချုပ် ဖုမိယိုကိရှိဒတို့၏ နိုင်ငံရေးသတ္တိကို ချီး ကျူးခဲ့သည်။

“အမေရိကန်ပြည်ထောင်စုရဲ့ အပြည့်အဝ ထောက်ခံအားပေးမှုနဲ့အတူ အဆွေတော်တို့ရဲ့ ဦးဆောင်မှုက မိမိတို့ကို ဒီနေရာအထိခေါ်ဆောင်လာခြင်းဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ မျက်မှောက်ကမ္ဘာဟာ အရေးပါတဲ့ အလှည့်အပြောင်းတစ်ခုကို ရောက်နေပြီဆိုတာ အဆွေတော်တို့က နားလည်ထားလို့ပဲဖြစ်တယ်”ဟု ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဘိုင်ဒင်က ပြောကြားခဲ့သည်။

ယင်းထိပ်သီးတွေ့ဆုံမှုသည် တရုတ်နှင့် သက်ဆိုင်ခြင်းမရှိဟု ဘိုင်ဒင်က အခိုင်အမာပြောဆိုထားသော်လည်း မဟာမိတ်သုံးနိုင်ငံခေါင်းဆောင်များသည် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်ရေပိုင်နက် အငြင်းပွားမှုများတွင် တရုတ်၏ အန္တရာယ်များပြီး ရန်လိုသော လုပ်ရပ်များကို ဆန့်ကျင်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

သမ္မတရှီကျင်းပင်လက်ထက်တွင် တရုတ်သည် ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်း အနီးတစ်ဝိုက်တွင် အကြီးစားစစ်ရေးလေ့ကျင့်မှုများပြုလုပ်ခြင်း အပါအဝင် ပြည်တွင်း၌သာမက ဒေသတွင်း ၌လည်း အင်အားပြမှုများ ပြုလုပ်လျက်ရှိသည်။

“အင်ဒို-ပစိဖိတ်ဒေသ ရေပြင်နယ်နိမိတ်မှာ ရှိရင်းစွဲအခြေအနေကို ပြောင်းလဲပစ်ဖို့ တစ်ဖက်သတ် ကြိုးပမ်းမှုမှန်သမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်”ဟုလည်း ပူးတွဲကြေညာချက်တွင် ဖော်ပြပါရှိသည်။

အမေရိကန်၏ မဟာမိတ်များဖြစ်သည့် တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ် အများအပြားတွင် သဘောထားချင်းတူညီသကဲ့သို့ ၎င်းနှစ်နိုင်ငံတွင် စုစုပေါင်းအမေရိကန်တပ်ဖွဲ့ဝင် ၈၄၅,၀၀၀ ခန့် အခြေစိုက်လျက်ရှိသော်လည်း ၁၉၁၀ မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်တို့က ကိုရီးယားကျွန်းဆွယ်ကို ရက်စက်ကြမ်းကြုတ်စွာ သိမ်းပိုက်အုပ်ချုပ်ခဲ့သည့် အတိတ်သမိုင်းကြောင့် ယခုထိပ်သီးအစည်းအဝေးကို ကျင်းပနိုင်ရန်မှာ မကြာသေးမီကအထိ ဖြစ်နိုင်ဖွယ်မရှိသော အခြေအနေတစ်ရပ်ဖြစ်ခဲ့သည်။

သို့သော် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုသည် အတိတ်ကိုပြည်ဖုံးကားချကာ စစ်အတွင်းက ဂျပန်တို့၏ အတင်းအဓမ္မ အလုပ်စေခိုင်းမှုနှင့် ပတ်သက်နေသည့် ပဋိပက္ခကို ပြေလည်အောင်ဖြေရှင်းခြင်းဖြင့် ပြည်တွင်း၌ နိုင်ငံရေးအရ စွန့်စားမှုကိုပြုလုပ်ခဲ့သည်။ တရုတ်၊ မြောက်ကိုရီးယားတို့နှင့်ဆက် ဆံရေးတင်းမာနေခိုက် ဂျပန်သည် မိမိတို့၏ မိတ်ဖက်ဖြစ်သည်ဟု ယွန်းက ဆိုသည်။

၎င်းအနေဖြင့် အနာဂတ်ကိုသာ ရှေးရှုမျှော်တွေးရန် ဆန္ဒရှိပြီး ယင်းထိပ်သီးဆွေးနွေးပွဲသည် သုံးနိုင်ငံ ဆက်ဆံရေးအတွက် တိကျခိုင်မာသည့် အသင်းအဖွဲ့ဆိုင်ရာ အခြေခံတစ်ခုကို ဆောင်ကြဉ်းပေးသည့် သမိုင်းဝင်နေ့တစ်နေ့ဖြစ်သည်ဟု ယွန်းက ပြောကြားသည်။

သုံးနိုင်ငံခေါင်းဆောင်များသည် မြောက်ကိုရီးယားကို ဦးတည်တုံ့ပြန်သည့် စစ်ရေးလေ့ကျင့်မှုများကိုသာမက နယ်ပယ်စုံကို လွှမ်းခြုံနိုင်မည့် ပုံမှန်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် သဘောတူညီခဲ့ပြီး အကျပ်အတည်း ကာလများတွင် အပြန်အလှန် ဆွေးနွေးတိုင်ပင်မှု ပြုလုပ်ရန်လည်း တရားဝင် ကတိကဝတ်ပြုခဲ့သည်။

ထို့အတူ မြောက်ကိုရီးယားနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ မျှဝေရန်နှင့် ထိပ်သီးအစည်းအဝေးများကို နှစ်စဉ်ပြုလုပ်ရန်လည်း သဘောတူညီခဲ့ကြသည်။

Camp David တွင်ပြုလုပ်သည့် ယင်းတွေ့ဆုံမှုသည် ထိပ်သီးအစည်းအဝေးကြီး တစ်ခုပြင်ပ၌ ဘေးဆွယ်တွေ့ဆုံမှုမဟုတ်ဘဲ အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်ခေါင်းဆောင်တို့ ပထမဆုံးအကြိမ် သီးသန့်တွေ့ဆုံမှု ဖြစ်သကဲ့သို့ ၂၀၁၅ ခုနှစ်နောက်ပိုင်း ၎င်းအပန်းဖြေစခန်းတွင် ပထမဆုံးပြု လုပ်သည့် သံတမန်ရေး အခမ်းအနားတစ်ခုလည်းဖြစ်သည်။

 

ဘယ်သောအခါမှ အနောက်နိုင်ငံသားဖြစ်မလာနိုင်

ယင်းထိပ်သီးအစည်းအဝေးသည် တရုတ်ကိုပစ်မှတ်ထားခြင်းမဟုတ်ဟု သမ္မတဘိုင်ဒင်က ပြောဆိုထားသည့်တိုင် ဘွင်းဘွင်းရှင်းရှင်း ပြောဆိုတတ်သည့် ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ရမ်အမ် မန်နျူရယ်၏ ထိုအစည်းအဝေးနှင့်ပတ်သက်၍ အကြိုသုံးသပ်ချက်တွင် မဟာမိတ်သုံးနိုင်ငံသည် တရုတ်ကို အန်တုရင်ဆိုင်သွားမည်ဖြစ်ပြီး မိမိတို့က အင်အားတိုးလာသူ သူတို့က အင်အားယုတ်လျော့လာသူ ဖြစ် ကြောင်းကို အမေရိကန်က ပြသခြင်းဖြစ်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကမူ တရုတ်နှင့်အတူ လက်တွဲကာ အရှေ့အာရှဒေသကို အားသစ်ပြန်လောင်းရန် စီးပွားရေးဖွံ့ဖြိုးပြီး အရှေ့မြောက်အာရှ ဒီမိုကရေစီ နိုင်ငံများဖြစ်သည့် ဂျပန်နှင့် တောင်ကိုရီးယားတို့ကို တိုက်တွန်းခဲ့သည်။

“ဘယ်လိုပဲ ဆံပင်ရွှေရောင်ဆိုးထားပါစေ၊ နှာတံပေါ်အောင် ဘယ်လိုပဲလုပ်ထားပါစေ ဥရောပတိုက်သား ဒါမှမဟုတ် အမေရိကန်တစ်ယောက် ဘယ်တော့မှဖြစ်မလာနိုင်ပါဘူး။ ဘယ်တော့မှ အနောက်နိုင်ငံသားဖြစ် မလာပါဘူး။ ကျွန်တော်တို့ရဲ့ မျိုးရိုးဇာစ်မြစ်ကို သိထားသင့်တယ်”ဟု နိုင်ငံပိုင်မီဒီယာမှ မျှဝေခဲ့သည့် ဗီဒီယိုတစ်ခုတွင် ဝမ်ယိက ပြောဆိုခဲ့ဖူးသည်။

သို့သော် တရုတ်၏ဖိအားပေးမှု နည်းဗျူဟာကြောင့် ဂျပန်နှင့် တောင်ကိုရီးယားတို့တွင် တရုတ်အပေါ် လိုလားမှုသည် သိသိသာသာ လျော့ကျသွားသည်။ အစဉ်အလာအားဖြင့် ဂျပန်နှင့် တောင်ကိုရီးယားတို့သည် ဝေဖန်မှတ်ချက်ပေးမှုများကို အမေရိကန်ထက် ပိုမိုသိုသိပ်စွာ ပြုလုပ်လေ့ရှိသည်။

ဂျပန်နှင့် တောင်ကိုရီးယားတို့သည် မကြာသေးမီလများအတွင်း ဒုံးကျည်စမ်းသပ်မှုများကို တရစပ်လုပ်ဆောင်ခဲ့သည့် မြောက်ကိုရီးယားနှင့်လည်း တင်းမာမှုများ မြင့်တက်လျက်ရှိပြီး အဆိုပါသုံးနိုင်ငံ ထိပ်သီးတွေ့ဆုံမှုကို မြောက်ကိုရီးယားဘက်က တုံ့ပြန်မှုများ ထပ်မံလုပ်ဆောင်လာမည်ကိုလည်း စိုးရိမ်မှု များရှိနေသည်။

မိတ်ဖက်သုံးနိုင်ငံ၏ ပူးတွဲကြေညာချက်တွင် နျူကလီးယားလက်နက်များကို စွန့်လွှတ်ရန် မြောက်ကိုရီးယားအား ထပ်လောင်းတိုက်တွန်းထားပြီး မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်အရေးယူမှုများ ထိရောက်မှုရှိရေးအတွက် ပူးပေါင်းပါဝင်ရန်လည်း ကမ္ဘာ့နိုင်ငံအားလုံးကို တိုက်တွန်းခဲ့သည်။

Camp David ထိပ်သီးအစည်းအဝေး စတင်ဖွင့်လှစ်ချိန်တွင် မြောက်ကိုရီးယားက အမေရိကန်၏ ကင်းထောက်လေယာဉ်တစ်စင်း ကျူးကျော်လာခြင်းကြောင့် ၎င်းတို့ဂျက် တိုက်လေယာဉ်များကို အရေးပေါ်ပျံတက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

 

ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်များ

ယင်းထိပ်သီးအစည်းအဝေးတွင် မြောက်ကိုရီးယားနှင့် အာရှအရေးတို့ကို ကျော်လွန်၍ အခြားကိစ္စရပ်များကိုလည်း အလေးအနက်ဆွေးနွေးခဲ့သည်။ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် ရုရှား၏ ယူကရိန်းအားကျူးကျော်မှုကို ဆန့်ကျင်ဖိအားပေးရာတွင် ပါဝင်သည့် အနောက်နိုင်ငံမဟုတ်သော အင်အားကြီးနိုင်ငံများအဖြစ် ယူကရိန်းကို ကြီးကြီးမားမား ထောက်ခံမှုပေးခဲ့သည်။

ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွင် ဘေးကျပ်နံကျပ် ဖြစ်ပေါ်နေခိုက်တောင်ကိုရီးယားနှင့် ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်မှုများ မလွဲမသွေ ပြုလုပ်ရလိမ့်မည်ဖြစ်ကြောင်း ကိရှိဒက ဆိုသည်။

“ယူကရိန်းကို ရုရှားကကျူးကျော်မှုကြောင့် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းဟာ အောက်ခြေကနေ ကိုင်လှုပ်ခံရသလိုဖြစ်နေပါပြီ။ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်ဒေသမှာ ရှိရင်းစွဲအခြေအနေကို အင်အားသုံးပြီးပြောင်းလဲဖို့ တစ်ဖက်သတ်ကြိုးပမ်းမှုတွေ ဆက်ရှိနေသေးပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးလက်နက်အန္တရာယ်ဟာ ပိုလို့တောင်ကြီးထွားလာပြီ ဖြစ်တယ်”ဟုလည်း ၎င်းက ပြောကြားသည်။

ယင်းထိပ်သီးအစည်းအဝေးသည် နောက်တက်လာမည့် ခေါင်းဆောင်တစ်ဦးဦးက နောက်ကြောင်းပြန်လှည့်ရန် (နောက်တက်မည့် တောင်ကိုရီးယားသမ္မတသစ်က ဂျပန်နှင့်ရန်စရှိခဲ့သည့် အတိတ်သမိုင်းကို ပြန်တူးဆွခြင်း သို့မဟုတ် ပြည်ပတွင် အမေရိကန်တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားရေးနှင့် ပတ်သက်သည့် ကတိကဝတ်များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် သမ္မတဟောင်း ဒေါ်နယ်ထရန့်တစ်ကျော့ပြန် အာဏာရလာနိုင်သည့် အခြေအနေတို့ကိုဆိုလိုခြင်းဖြစ်) ခဲယဉ်းသွားစေမည့် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုပုံစံကို အတည်တကျဖြစ်စေရန် ရည်ရွယ်သည်။

သမ္မတယွန်းဆော့ယို၏ ဂျပန်နှင့် ဖက်လှဲတကင်း ဆက်ဆံမှုအပေါ် တောင်ကိုရီးယားပြည်တွင်း၌ ဆန့်ကျင်မှုများ အတော်အတန် ငြိမ်သက်နေခြင်းသည် အကဲခတ်များအဖို့ အံ့အားသင့်စရာဖြစ်ခဲ့သည်။

ကွန်ဆာဗေးတစ်ဝါဒီ တစ်ဦးဖြစ်သည့် ယွန်းသည် အမေရိကန်၏ အနီးကပ်မဟာ မိတ်အဖြစ် လျင်လျင်မြန်မြန် ရောက်ရှိလာခဲ့ပြီး သမ္မတဘိုင်ဒင်ကလည်း ယွန်း၏ ကြုံတောင့်ကြုံခဲ နိုင်ငံတော်အဆင့်ခရီးစဉ်ကို ကြိုဆိုခဲ့ကာ ထိုခရီးစဉ်အတွင်း ယွန်းက “American Pie” သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။ သို့တိုင်အောင် ယွန်းဆော့ယိုသည် တောင်ကိုရီးယား၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရာထူးသက်တမ်း တစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခွင့်မရှိဘဲ ၂၀၂၇ ခုနှစ်တွင် သမ္မတသက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

Ref: AFP

Most Read

Most Recent