တစ်ရာသီလုံးရှုံးပွဲမရှိရလဒ်ဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့သည့် ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါး၏ ကြေးရုပ်တုကို အီမရိတ်စ်ကွင်းအပြင်ဘက်၌ ထားရှိ

တစ်ရာသီလုံးရှုံးပွဲမရှိရလဒ်ဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့သည့် ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါး၏ ကြေးရုပ်တုကို အီမရိတ်စ်ကွင်းအပြင်ဘက်၌ ထားရှိ
Photo : Arsenal
Photo : Arsenal
Published 30 July 2023

အာဆင်နယ်အသင်းသည် တစ်ရာသီလုံးရှုံးပွဲမရှိရလဒ်ဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့သည့် ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါး၏ ကြေးရုပ်တုကို အီမရိတ်စ်ကွင်းအပြင်ဘက်၌ ဂုဏ်ပြုထားရှိသွားမည်ဖြစ်ပြီး ယင်းအတွက် ဖွင့်ပွဲအခမ်းအနားကို သောကြာနေ့က ပြုလုပ်ခဲ့သည်။

အသက် (၇၃) နှစ်ရှိပြီဖြစ်သူ ပြင်သစ်နိုင်ငံသား အာစင်ဝင်းဂါးသည် အာဆင်နယ်အသင်းအား ၁၉၉၆ မှ ၂၀၁၈ ခုနှစ်အထိ ဆယ်စုနှစ် နှစ်ခုကျော်ကြာ တာဝန်ယူကိုင်တွယ်ခဲ့သည့် ဂန္ထဝင်နည်းပြဖြစ်သည်။

အာစင်ဝင်းဂါးသည် အာဆင်နယ်အသင်းအား ပရီးမီးယားလိဂ်ချန်ပီယံ သုံးကြိမ်၊ FA ဖလား ခုနစ်ကြိမ်၊ ကွန်မြူနတီဒိုင်း ခုနစ်ကြိမ် ဆွတ်ခူးရယူပေးခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ရာသီ (၂၀)ဆက်တိုက် ဝင်ခွင့်ရရှိစေခဲ့သူဖြစ်သည်။

အာစင်ဝင်းဂါးသည် ပရီးမီးယားလိဂ်သမိုင်းတွင် မည်သည့်အသင်းမျှမရဖူးသည့် တစ်ရာသီလုံးရှုံးပွဲမရှိ ချန်ပီယံဆုကိုလည်း ၂၀၀၃-၂၀၀၄ ရာသီ တွင် ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

ထို့ကြောင့် အာဆင်နယ်အသင်းက ၎င်းအား ဂုဏ်ပြုသည့်အနေဖြင့် ပရီးမီးယားလိဂ်ဆုဖလား ကိုင်မြှောက်နေသည့် ကြေးရုပ်တုကို အီမရိတ်စ်ကွင်းအပြင်ဘက်တွင် ထားရှိခဲ့ခြင်း ဖြစ်သည်။

အမြင့် (၃.၅) မီတာ (၁၁ . ၄၈ ပေ) ရှိသည့် အာစင်ဝင်းဂါး၏ ပုံတူရုပ်တုကို အီမရိတ်စ်ကွင်းမြောက်ဘက် ပွဲကြည့်စင်ဖြစ်သည့် North Bank Stand အပြင်ဘက်၌ ထားရှိမည်ဖြစ်သည်။

အီမရိတ်စ်ကွင်းအပြင်ဘက်တွင် အာစင်ဝင်းဂါးနှင့်အတူ ကြေးရုပ်တုဖြင့် ဂုဏ်ပြုခံထားရသူများမှာ ဂန္ထဝင်ကစားသမားများဖြစ်သည့် တိုနီအဒမ်၊ ဒင်းနစ်ဘားကမ့်၊ သီယာရီအွန်နရီ၊ ပထမဆုံးချန်ပီယံအောင်မြင်မှုရယူပေးခဲ့သည့် နည်းပြ ဟားဘက်ချက်မန်းနှင့် ဘုတ်အဖွဲ့ဝင်ဟောင်း ကန်ဖရိုင်ယာတို့ဖြစ်သည်။

Most Read

Most Recent