ဆော်ဒီကလပ် အယ်လ်အက်တီဖာအသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် ဟန်ဒါဆန်အား လိင်တူချစ်သူများကို ထောက်ခံခဲ့သည့်လုပ်ရပ်များအတွက် အက်စတွန်ဗီလာနှင့် အဲဗာတန်ကြယ်ပွင့်ဟောင်း ဟစ်ဇ်ပါဂါ မေးခွန်းထုတ်

ဆော်ဒီကလပ် အယ်လ်အက်တီဖာအသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် ဟန်ဒါဆန်အား လိင်တူချစ်သူများကို ထောက်ခံခဲ့သည့်လုပ်ရပ်များအတွက် အက်စတွန်ဗီလာနှင့် အဲဗာတန်ကြယ်ပွင့်ဟောင်း ဟစ်ဇ်ပါဂါ မေးခွန်းထုတ်
Photo: Flipboard
Photo: Flipboard
Published 29 July 2023

 

အက်စတွန်ဗီလာနှင့် အဲဗာတန်ကြယ်ပွင့်ကစားသမားဟောင်း ဟစ်ပါဂါက ဆော်ဒီကလပ် အယ်လ်အက်တီဖာအသင်းသို့ပြောင်းရွှေ့ခဲ့သည့် လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်အား လိင်တူချစ်သူများကိုထောက်ခံခဲ့သည့်လုပ်ရပ်များအတွက် မေးခွန်းထုတ်ခဲ့ကြောင်းသိရသည်။ 

အသက် ၄၁ နှစ်အရွယ်ရှိ ဂျာမန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ဟစ်ဇ်ပါဂါသည် ပရီးမီးယားလိဂ်ကလပ်များဖြစ်သည့် အက်စတွန်ဗီလာနှင့် အဲဗာတန်အသင်းတို့တွင် ကစားခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် လိင်တူချစ်သူအဖြစ် လူသိရှင်ကြားဝန်ခံခဲ့သည့် ထိပ်တန်းဘောလုံးသမားဖြစ်သည်။ 

အသက် ၃၃ နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဟန်ဒါဆန်သည် ပရီးမီးယားလိဂ်တွင် လိင်တူချစ်သူများနှင့် LGBT+ များကိုထောက်ခံသည့် သက်တံ့ရောင်လက်ပတ်ဝတ်ဆင်ခွင့်ရအောင် ရှေ့တန်းမှ တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ဆော်ဒီကလပ် အယ်လ်အက်တီဖာအသင်းသို့ ပြောင်းရွှေ့ပြီးနောက် LGBT+ အဖွဲ့များ က ဟန်ဒါဆန်အား ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။ 

ဆော်ဒီအာရေဗျနိုင်ငံသည် လိင်တူချစ်သူများအား တရားမဝင်ဟု သတ်မှတ်ထားပြီး သေဒဏ်အထိ အပြစ်ပေးလေ့ရှိကြောင်း သိရှိရသည်။ ထို့ပြင် ဆော်ဒီအာရေဗျနိုင်ငံသည် အမျိုးသမီးများကိုတန်းတူအခွင့်အရေးမပေးခြင်းနှင့် လူအခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံတကာ၏ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်နေရကြောင်း သိရှိရသည်။ ထို့ကြောင့် လိင်တူချစ်သူများ အခွင့်အရေးအတွက် လှုပ်ရှားခဲ့သည့် ဟန်ဒါဆန်အနေဖြင့် ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ခဲ့ခြင်းကို လိင်တူချစ်သူများက ပြစ်တင်ခဲ့ကြပြီး ယခုအခါ ဟစ်ဇ်ပါဂါကပါ ၎င်းကို ဝေဖန်ခဲ့ခြင်းဖြစ်သည်။ 

ဟစ်ဇ်ပါဂါက "နောက်ဆုံးမှာတော့ ဂျော်ဒန်ဟန်ဒါဆန် ဆော်ဒီအာရေဗျသို့ ပြောင်းရွှေ့သွားပြီပေါ့။ တရားမျှတမှုအပြည့်နဲ့ ပြောရမယ်ဆိုရင် ဟန်ဒါဆန်အနေနဲ့ သူကြိုက်တဲ့နေရာမှာ ကစားခွင့်ရှိပါတယ်။ ဟန်ဒါဆန် အသစ်အနေနဲ့ ဘယ်လိုဖြတ်သန်းမလဲဆို တာကို ကျွန်တော် သိချင်ပါတယ်။ (လိင်တူချစ်သူတွေအတွက် ထောက်ခံအားပေးခဲ့တဲ့) ဟန်ဒါဆန်အဟောင်းကတော့ သေသွားပါပြီ။ အရင်တုန်းကတော့ လိင်တူချစ်သူအသိုင်းအဝိုင်းအတွက် သူ ထောက်ခံအားပေးခဲ့တဲ့ လုပ်ရပ်တွေဟာ အရမ်းကောင်းတယ်ဆိုပြီး ကျွန်တော် ယုံကြည်မိခဲ့တယ်။ ကျွန်တော် ရူးလိုက်တာဗျာ"ဟု ၎င်း၏ Twitter တွင် ရေးသားခဲ့သည်။ 

လီဗာပူးလ်အသင်းကို အားပေးသည့် LGBT+ ပရိသတ်များအဖွဲ့ကလည်း ဆော်ဒီလိဂ်သို့ ဟန်ဒါဆန် ပြောင်းရွှေ့သွားခဲ့သည့်အတွက် နာကျင်ရကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏ ထုတ်ပြန်ချက်တွင် "ဟန်ဒါဆန်သည် လီဗာပူးလ်အတွက် ကွင်းတွင်းကွင်းပြင် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ခဲ့ကြောင်း၊ ယခုကဲ့သို့ ဟန်ဒါဆန်၏ ယခုဆုံးဖြတ်ချက်အတွက် စိတ်ပျက်ရပြီး မိမိတို့ အလွန်နာကျင်ရသလို၊ အဖွဲ့တွင် ကွဲပြားမှုများကိုလည်း ဖြစ်ပေါ်စေခဲ့ကြောင်း" ဖော်ပြပါရှိသည်။ 

Most Read

Most Recent