ဒူးအရွတ်ဒဏ်ရာကြောင့် ကစားသမားဘဝမှ ဒေးဗစ်ဆေးလ်ဗား အနားယူဖွယ်ရှိနေပြီး ၎င်း၏နေရာတွင် ရိုးမားမှ ဒီဘားလားနှင့်အစားထိုးရန် ဆိုစီဒက်စီစဉ်နေ

ဒူးအရွတ်ဒဏ်ရာကြောင့် ကစားသမားဘဝမှ ဒေးဗစ်ဆေးလ်ဗား အနားယူဖွယ်ရှိနေပြီး ၎င်း၏နေရာတွင် ရိုးမားမှ ဒီဘားလားနှင့်အစားထိုးရန် ဆိုစီဒက်စီစဉ်နေ
Photo: Getty Images
Photo: Getty Images
Published 24 July 2023

ဆိုစီဒက်အသင်း၏ စပိန်ဝါရင့်ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားသည် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွင် ရရှိခဲ့သည့် ဒူးအရွတ်ဒဏ်ရာကြောင့် ကစားသမားဘဝမှ အနားယူဖွယ်ရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။

အသက် (၃၇)နှစ်အရွယ် ဗလင်စီယာ၊ မန်စီးတီးနှင့် စပိန်လက်ရွေးစင်ကွင်းလယ်လူဟောင်း ဒေးဗစ်ဆေးလ်ဗားသည် အသက် (၃၄)နှစ်အရွယ် ၂၀၂၀ ခုနှစ်က ဆိုစီဒက်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ရာသီအထိ  အသင်း၏အဓိကကွင်းလယ်လူအဖြစ် ခြေစွမ်းပြနိုင်ခဲ့သောကြောင့် တစ်နှစ်စာချုပ်သစ် ထပ်မံချုပ်ဆိုထားသူ ဖြစ်သည်။

ဆေးလ်ဗားသည် အရွတ်အတွင်းပိုင်းတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာအခြေအနေမှာ ပြင်းထန်ဖွယ်ရှိနေသောကြောင့် အသက်အရွယ်အရ ဘောလုံးပြန်ကစားနိုင်ရန် ခက်ခဲဖွယ်ရှိနေကြောင်းသိရသည်။

ဆေးလ်ဗားသည် ဆိုစီဒက်အသင်းအတွက် (၃)ရာသီတွင်း ပြိုင်ပွဲစုံ (၉၃)ပွဲကစားရာတွင် (၇)ဂိုးသွင်းယူပေးခဲ့ပြီး အသင်းနှင့်အတူ စပိန်ဘုရင့်ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့သူဖြစ်သည်။

လက်ရှိတွင် ဆိုစီဒက်အသင်းသည် ဆေးလ်ဗား၏နေရာတွင်အစားထိုးရန်အတွက် စီးရီးအေကလပ် ရိုးမားအသင်းမှ အာဂျင်တီးနားကွင်းလယ်တိုက်စစ်ကစားသမား ဒီဘားလားအားခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

အသက် (၂၉)နှစ်အရွယ်ရှိ ဒီဘားလားသည် ပြီးခဲ့သည့် ၂၀၂၂ နွေရာသီက ဂျူဗင်တပ်စ်အသင်းမှ ရိုးမားအသင်းထံပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၃၈)ပွဲကစားရာတွင် (၁၈)ဂိုးအထိသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။ရိုးမားအသင်းသည် ဒီဘားလားအား အသင်းတွင် ဆက်လက်ထိန်းသိမ်းရန် ဆန္ဒရှိနေသော်လည်း စာချုပ်ပါအချက်အလက်အရ ယူရို (၁၅)သန်းဖြင့် ထွက်ခွာခွင့် ရရှိမည်ဖြစ်သောကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရထားသည့် ဆိုစီဒက်အသင်း က ပစ်မှတ်ထားနေခြင်းဖြစ်သည်။

Most Read

Most Recent