ဟာရီကိန်းကို ဆက်ရှိစေချင်သော်လည်း ၎င်း၏အနာဂတ်အတွက် အသင်းထံမှ အာမခံချက်မရထားကြောင်း စပါးအသင်းနည်းပြ ပိုစတီကိုဂလူး ဝန်ခံ

ဟာရီကိန်းကို ဆက်ရှိစေချင်သော်လည်း ၎င်း၏အနာဂတ်အတွက် အသင်းထံမှ အာမခံချက်မရထားကြောင်း စပါးအသင်းနည်းပြ ပိုစတီကိုဂလူး ဝန်ခံ
Photo: Twitter
Photo: Twitter
Published 12 July 2023

 

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးဖြစ်သူ ဟာရီကိန်းကို ဆက်ရှိစေချင်သော်လည်း ၎င်း၏အနာဂတ်အတွက် အသင်းထံမှ အာမခံချက်မရထားကြောင်း ဝန်ခံပြောကြားခဲ့သည်။

အသက် ၂၉ နှစ်အရွယ် အင်္ဂလန်လက် ရွေးစင် အသင်းခေါင်းဆောင် ဟာရီကိန်းကို ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူရန် ကြိုး ပမ်းနေပြီး ဒုတိယအကြိမ် ကမ်းလှမ်းမှုအဖြစ် ပေါင်သန်း ၇၀+Add-ons ကြေးဖြင့် ထပ်မံ ကမ်းလှမ်းထားသည်။ ဟာရီကိန်း၏စာချုပ်မှာ တစ်နှစ်သာကျန်ရှိတော့ပြီး ၎င်းကိုယ်တိုင်ကလည်း ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ခွင့်ရရန် ဆန္ဒရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ 

ဟာရီကိန်းသည် ရာသီကြို ပြင်ဆင်မှုပြုလုပ်ရန် ယနေ့တွင် အသင်းသို့ပြန်လာရမည်ဖြစ်ပြီး သြစတြေးလျ၊ ထိုင်းနှင့် စင်ကာပူနိုင်ငံသို့ ခြေစမ်းခရီးစဉ် သွားရောက်မည့် လူစာရင်းတွင် ပါဝင်ဖွယ်ရှိကြောင်း မျှော်မှန်းထားသည်။

မတည်မငြိမ်ဖြစ်နေသည့် ဟာရီကိန်း၏ အနာဂတ်နှင့်ပတ်သက်၍ ပိုစတီကိုဂလူးက "ကိန်းက ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးတွေထဲက တစ်ယောက်ပါ။ ဒီအသင်းမှာ သူ့ကိုပါဝင်စေချင်ပါတယ်။ သူ့ရဲ့အနာဂတ်အတွက် အာမခံချက်တော့ မရှိပါဘူး။ ကျွန်တော့်ဆီမှာ အာမခံချက်တစ်စုံတစ်ရာမရှိပါဘူး။ ကျွန်တော့်အနေနဲ့ ဘာအာမခံချက်ကိုမှလည်း မမျှော်လင့်ပါဘူး။ ကျွန်တော့်အတွက်ကတော့ အခုလောလောဆယ် ကိုယ်သိထားတာတွေကို အာရုံစိုက်ဖို့ပဲ ကြိုးစားနေပါတယ်။ ဟာရီက အသင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျွန်တော်က ဒီနေရာမှာထိုင်ပြီး အဲဒါတွေဖြေကြားရမယ့်ရာထူးလို့ မထင်ပါဘူး။ အခု ကျွန်တော် သိထားတာက ဟာရီဟာ ဒီလူစာရင်းရဲ့အစိတ် အပိုင်းတစ်ခုဖြစ်ပြီး တခြားကစားသမားတွေနဲ့ အတူပြန်လာဖို့ မျှော်လင့်ထားပါတယ်။ ပြီးသွားရင် လေ့ကျင့်မှုတွေကို လက်တွဲပြီး စတင်ကြပါမယ်။ အကျိုးသက်ရောက်မှုကို စိုးရိမ်ပြီး အချိန်တွေအများကြီး သုံးလိုက်ရင် အသင်းကို တည်ဆောက်ဖို့ ကျွန်တော်ကြိုးစားနေတာတွေ လွဲချော်သွားပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက "အသင်းအတွက် အောင်မြင်မှုတွေကို ကျွန်တော် ယူဆောင်လာပေးချင်ပါတယ်။ ကျွန်တော်က စိတ်ပျက်စရာကောင်းတဲ့ရာသီတစ်ခု ဒါမှမဟုတ် ရာသီတွေအများကြီး ကြုံခဲ့ရတဲ့ကလပ်တွေကို အမြဲတမ်းတာဝန်ယူခဲ့ရတာပါ။ ကျွန်တော်အမြတ်နိုးဆုံးအရာက ကျွန်တော်ရှိနေစဉ်ကာလထက်ကျော်လွန်ပြီးတော့ တည်တံ့နေမယ့်အရာတစ်ခုကို ဖန်တီးချင်တာပါ။ တော့တင်ဟမ်ရဲ့ လက်ရှိအခြေအနေက ကျွန်တော့်ကို လှုံ့ဆော်မှုအပေးနိုင်ဆုံးပါပဲ" ဟု ဆက်လက်ပြောကြားခဲ့သည်။

စပါးအသင်းသည် ရာသီကြိုခြေစမ်းခရီး အဖြစ် ဇူလိုင် ၁၈ ရက်တွင် သြစတြေးလျနိုင်ငံ၌ ဝက်စ်ဟမ်းအသင်း၊ ဇူလိုင် ၂၃ ရက်တွင် ထိုင်းနိုင်ငံ၌ လက်စတာအသင်း၊ ဇူလိုင် ၂၆ ရက်တွင် စင်ကာပူနိုင်ငံ၌ ရိုးမားအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။