ဒေါ်လာတစ်သန်း ချီးမြှင့်မည့် ခုနစ်ယောက်ဘောလုံးပြိုင်ပွဲတွင် အဂွဲရိုး၊ နာနီ၊ ဘာလိုတယ်လီတို့ ဝင်ရောက်ယှဉ်ပြိုင်မည်

ဒေါ်လာတစ်သန်း ချီးမြှင့်မည့် ခုနစ်ယောက်ဘောလုံးပြိုင်ပွဲတွင် အဂွဲရိုး၊ နာနီ၊ ဘာလိုတယ်လီတို့ ဝင်ရောက်ယှဉ်ပြိုင်မည်
Photos: SPORTbible & ESPN
Photos: SPORTbible & ESPN
Published 6 April 2024

 

ဆုကြေးဒေါ်လာတစ်သန်း ပေးအပ် ချီးမြှင့်မည့် ခုနစ်ယောက်ဘောလုံးပြိုင်ပွဲတွင် ကြယ်ပွင့်ကစားသမားဟောင်းများဖြစ်သည့် အဂွဲရိုး၊ နာနီ၊ ဘာလိုတယ်လီတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

The Soccer Tournament (TST) ဟု အမည်ပေးထားသည့် ယင်းပြိုင်ပွဲကို အမေရိကန်နိုင်ငံ၌ ဇွန် ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အဂွဲရိုး၏အသင်း ပါဝင်မည်ဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်သူနှင့် အမှုဆောင်ချုပ်ဖြစ်သူ ဂျွန်မူဂါက အတည်ပြုပြောကြား ခဲ့သည်။ 

အဂွဲရိုးအနေဖြင့် ''Aguero Team" တွင် ကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်း၏အသင်းတွင် ပါဝင်မည့်သူများကို ကြေညာခြင်းမရှိသေးပေ။ အက်သလက်တီကို၊ မန်စီးတီးနှင့် ဘာစီလိုနာအသင်း တိုက်စစ်မှူးဟောင်း အဂွဲရိုး (၃၅ နှစ်) သည် နှလုံးရောဂါ အခြေအနေကြောင့် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ပြီးနောက် ခြောက်လအကြာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် ကစားသမားဘဝမှ အနားယူခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မန်ယူအသင်းတောင်ပံကစားသမားဟောင်း နာနီ၏ ''Nani FC" အသင်းတွင် ၎င်းနှင့် အီတလီတိုက်စစ်မှူးဟောင်း ဘာလိုတယ်လီတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ အမေရိကန်လက်ရွေးစင်ဟောင်း ဂျင်မီကွန်ရက်နှင့် ဒါမာကပ်စ်ဘီယာစလေတို့လည်း ယခုပြိုင်ပွဲတွင် ပါဝင်မည်ဖြစ်သည်။ 

TST ပြိုင်ပွဲတွင် စုစုပေါင်း ၄၈ သင်းပါဝင်ပြီး ချန်ပီယံဆုရရှိမည့်အသင်းက ဆုကြေးဒေါ်လာတစ်သန်း ဆွတ်ခူးရယူနိုင်မည်ဖြစ်သည်။ ထို့ပြင် အမျိုးသမီးပြိုင်ပွဲကိုလည်း အသင်း ရှစ်သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ဒေါ်လာ တစ်သန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent