မတ် ၁၇ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲများတွင် စိုးမိုးဇော်အနိုင်ရရှိပြီး သွေးသစ်မောင်နှင့် ကရင်လေးတို့ ရှုံးနိမ့်

မတ် ၁၇ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲများတွင် စိုးမိုးဇော်အနိုင်ရရှိပြီး သွေးသစ်မောင်နှင့် ကရင်လေးတို့ ရှုံးနိမ့်
Photo: Facebook
Photo: Facebook
Published 18 March 2024

ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲများကို ပြီးခဲ့သည့် မတ် ၁၇ ရက်က ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ရာ ယင်းပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့ရိုးရာလက်ဝှေ့သမား သုံးဦးအနက် စိုးမိုးဇော် အနိုင်ရရှိခဲ့ပြီး သွေးသစ်မောင်နှင့် ကရင်လေးတို့ ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော်သည်  Kun Khmer Warriors  ဟု အမည်ပေးထားသည့် ကမ္ဘောဒီးယားရိုးရာ ခွန်ခမာပြိုင်ပွဲ ၆၃ ဒသမ ၅ ကီလိုတန်း ခါးပတ်လုပွဲ ကွာတားဖိုင်နယ်အဆင့် အုပ်စုဒုတိယပွဲအဖြစ် ဥဇဘက်ကစ္စတန်နိုင်ငံသား ခွန်ခမာဖိုက်တာ အာဆာ့ဟ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရခြင်း ဖြစ်သည်။

ယင်းပွဲမှာ ခါးပတ်လုပွဲဖြစ်သောကြောင့် သုံးမိနစ် ငါးချီ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရသည်။

ပထမအချီတွင် နှစ်ဦးစလုံး အကဲစမ်းသည့်အနေဖြင့်သာ ထိန်းကစားခဲ့ပြီး ဒုတိယအချီတွင် စိုးမိုးဇော်က ပိုဖိအားပေးအားစိုက်လာခဲ့သည်။

စိုးမိုးဇော်သည် ဘယ်ညာလက်သီးတွဲလုံးများကိုသာ အဓိကအသုံးပြုခဲ့ပြီး ညာဖြောင့်လက်သီးထိုးချက်များမှာ အာဆာ့ဟ်ကို အထိနာစေခဲ့သည်။

တတိယအချီတွင် စိုးမိုးဇော်သည် အောက်ခြေဖြတ်ကန်ချက်များအပြင် အမြင့်ကန်ချက်များကိုပါ အသုံးပြုလာခဲ့သည်။

စိုးမိုးဇော်၏ ဘယ်ထောက်၊ ညာဖြောင့်လက်သီးချက်များမှာ အာဆာ့ဟ်ကို ထိမှန်ခဲ့ပြီး မာလွန်းသောကြောင့်သာ လဲမကျခဲ့ခြင်းဖြစ်သည်။

စိုးမိုးဇော်သည် အာဆာ့ဟ် ဝင်လာချေိန်များကိုစောင့်၍ ချိန်သားကိုက် ဘယ်ထောက်လက်သီးများ ပစ်သွင်းခဲ့သောကြောင့် အာဆာ့ဟ် အထိနာခဲ့ရသည်။

စတုတ္ထအချီတွင် နှစ်ဦးစလုံး တင်ထိုးလာသောကြောင့် ပွဲမှာပိုမြိုင်လာခဲ့သည်။

စိုးမိုးဇော်၏ လက်သီချက်များကြောင့် အာဆာ့ဟ် ဘယ်မျက်ခုံးကွဲသွားခဲ့ပြီး အာဆာ့ဟ်၏ ချုပ်ဒူးတိုက်ချက်များမှာ စိုးမိုးဇော်အပေါ် မထိရောက်ခဲ့ပေ။

နောက်ဆုံးအချီတွင် အာဆာ့ဟ်က အတင်းဖိအားပေးထိုးသတ်ခဲ့ပြီး စိုးမိုးဇော်မှာမူ ပါးနပ်စွာဖြင့် ပြိုင်ဘက်၏ အမှားကို ရှာကာ တန်ပြန်ထိုးချက်များဖြင့်သာ တုံ့ပြန်ခဲ့သည်။

ပွဲအပြီးတွင် စိုးမိုးဇော်က အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

သွေးသစ်မောင်သည် ပထမဆုံး ခွန်ခမာပြိုင်ပွဲ ဝင်ရောက်ထိုးသတ်ခြင်း ဖြစ်ပြီး MAS Fight Cambodia ဟု အမည်ရသည့် ယင်းပြိုင်ပွဲ၏ ၆၅) ကီလိုတန်းတွင် ကမ္ဘောဒီးယားနိုင်ငံသား ခွန်ခမာဖိုက်တာ ဖယ်ဆိုဖွန်နှင့် (၃) မိနစ်၊ (၃) ချီ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။

သွေးသစ်မောင်သည် ခွန်ခမာကို ပထမဆုံးအကြိမ် ထိုးသတ်ခြင်းကြောင့် အားနည်းချက်များစွာရှိခဲ့ပြီး ပါးနပ်မှုပိုင်းတွင်လည်း လိုအပ်ချက်များရှိခဲ့သည်။

ပြိုင်ဘက် အိမ်ရှင်ဖိုက်တာ ဖယ်ဆိုဖွန်သည်  မြန်မာ့ရိုးရာလက်ဝှေ့သမား အဲမွီကို အမှတ်ဖြင့်အနိုင်ရထားသူဖြစ်သလို မွေထိုင်းပြိုင်ပွဲများထိုးသတ်နေသည့် သမ္ဘာရင့်ကစားသမားဖြစ်သောကြောင့် သွေးသစ်မောင်မှာ အနိမ့်သာထိုးသတ်နိုင်ခဲ့ပြီး အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ကရင်လေးမှာမူ အိမ်ရှင်ဖိုက်တာကို ဒုတိယအချီတွင် အလဲထိုးခံရကာရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent