ဂန္ထဝင်နည်းပြ ဖာဂူဆန်ကို အသင်းသံတမန်အဖြစ်မှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့သည့် မန်ယူပူးတွဲပိုင်ရှင်သစ် ရက်ကလစ်ဖ်အား ကန်တိုနာ ပြင်းပြင်းထန်ထန်ဝေဖန်

ဂန္ထဝင်နည်းပြ ဖာဂူဆန်ကို အသင်းသံတမန်အဖြစ်မှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့သည့် မန်ယူပူးတွဲပိုင်ရှင်သစ် ရက်ကလစ်ဖ်အား ကန်တိုနာ ပြင်းပြင်းထန်ထန်ဝေဖန်
Photo: Daily Mail
Photo: Daily Mail
Published 16 October 2024

 

မန်ယူဂန္ထဝင် ကန်တိုနာက အသင်း၏ဂန္ထဝင်နည်းပြကြီးဖြစ်သူ ဆာအဲလက်စ်ဖာဂူဆန်အား ယခုရာသီကုန်တွင် အသင်း၏ ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ်မှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့သည့် မန်ယူအသင်းပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်အား ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်ခဲ့သည်။ 

ဖာဂူဆန်(၈၂ နှစ်)သည် ပရီးမီးယားလိဂ်နှင့် မန်ယူအသင်း၏သမိုင်းတွင် အအောင်မြင်ဆုံးနည်းပြဖြစ်ပြီး မန်ယူအသင်းကို အင်္ဂလိပ်ဘောလုံးလောကတွင် လွှမ်းမိုးနိုင်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။ ဖာဂူဆန်သည် မန်ယူအသင်း (၂၇)နှစ်ကြာကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ် (၁၃) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၂)ကြိမ်အပါအဝင် ဆုဖလားပေါင်း (၃၈) လုံးအထိ ရယူပေးခဲ့သည်။ 

မန်ယူအသင်းသည် ၂၀၁၃ ခုနှစ် တွင် နည်းပြဘဝမှ အနားယူခဲ့သည့် ဖာဂူဆန်အား ယင်းအချိန်ကတည်းက အသင်း၏ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ် ခန့်အပ်ကာ တစ်နှစ်လစာ ပေါင် (၂.၁၆) သန်း ပေးချေခဲ့သည်။ သို့သော် ယခုအခါ မန်ယူအသင်းသစ်ပိုင်ရှင် ရက်ကလစ်ဖ်သည် ပြီးခဲ့သည့်အင်္ဂါနေ့က ဖာဂူဆန်နှင့် တွေ့ဆုံကာ ယခုရာသီကုန်မှစပြီး အသင်းသံတမန်အဖြစ်မှ ရပ်စဲပြီး (၃၈)နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် လစာပေးချေတော့မည်မဟုတ်ဟု အသိပေးခဲ့ကြောင်း သိရသည်။ 

Ineos ပိုင်ရှင် ရက်ကလစ်ဖ်သည် မန်ယူအသင်း၏ရှယ်ယာ(၂၅) ရာခိုင်နှုန်းကို ဝယ်ယူပြီးကတည်းက အသင်းအသုံးစရိတ်ကို လျှော့ချရန်ကြိုးပမ်းခဲ့ပြီး ဝန်ထမ်း(၂၅၀) ကို ရာထူးမှထုတ်ပယ်ခဲ့သည်။ ယခုအခါ အသုံးစရိတ်လျှော့ချသည့်အနေဖြင့် ဂန္ထဝင်နည်းပြ ဖာဂူဆန်ကိုပါ ရာထူးမှထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

ယင်းဆုံးဖြတ်ချက်ကို မန်ယူကစားသမားဟောင်းများကဝေဖန်ခဲ့ကြပြီး ယခုအခါ ကန်တိုနာကပါ ဝေဖန်ခဲ့ခြင်းလည်း ဖြစ်သည်။ ကန်တိုနာက "ဖာဂူဆန်က မန်ယူအသင်းမှာ သူသေတဲ့နေ့အထိ လုပ်ချင်တာကို လုပ်ခွင့်ရသင့်တယ်။ ဒါက လေးစားမှုမရှိတဲ့ လုပ်ရပ်ပဲ။ ဒါ လုံးဝအပြစ်တင်သင့်တဲ့ လုပ်ရပ်ပါပဲ။ ဖာဂူဆန်က ကျွန်တော့်ရဲ့ထာဝရဘော့စ်ပါ။ အခုလိုလုပ်တဲ့သူတွေအားလုံးကို မစင်ထုတ်ကြီးနဲ့ ပစ်ပေါက်ချင်ပါတယ်"ဟု ၎င်း၏ Instagram တွင် ရေးသားခဲ့သည်။ 

Most Read

Most Recent