ချယ်လ်ဆီးအသင်း၏ ဘဏ္ဍာရေးစည်းမျဉ်း(PSR) နှင့် ကိုက်ညီမှုရှိစေရန် ကြိုးပမ်းမှုဖြစ်သည့် ဟိုတယ်နှစ်ခုရောင်းချမှုကို ပရီးမီးယားလိဂ် အတည်ပြု

ချယ်လ်ဆီးအသင်း၏ ဘဏ္ဍာရေးစည်းမျဉ်း(PSR) နှင့် ကိုက်ညီမှုရှိစေရန် ကြိုးပမ်းမှုဖြစ်သည့် ဟိုတယ်နှစ်ခုရောင်းချမှုကို ပရီးမီးယားလိဂ် အတည်ပြု
Photo: Vince
Photo: Vince
Published 5 September 2024

ချယ်လ်ဆီးအသင်း၏ ဘဏ္ဍာရေးစည်းမျဉ်း(PSR) နှင့် ကိုက်ညီမှုရှိစေရန် ကြိုးပမ်းမှုဖြစ်သည့် ဟိုတယ်နှစ်ခုရောင်းချမှုကို ပရီးမီးယားလိဂ်က အတည်ပြုလက်ခံလိုက်ပြီဖြစ်ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ၂၀၂၂-၂၀၂၃ ရာသီအတွက် ဘဏ္ဍာရေးရှမ်းတမ်းကို ဧပြီလအတွင်း ထုတ်ပြန်ရာ ပေါင် ၈၉ ဒသမ ၉ သန်း အရှုံးပေါ်ထားသည်။

သို့သော် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းဝင်ပေါက်ရှိ Millennium ဟိုတယ်နှင့် Copthorne ဟိုတယ် ရောင်းချမှု မပါဝင်လျှင် အရှုံးပမာဏမှာ ပေါင် ၁၆၆ ဒသမ ၄ သန်းအထိ ရှိလာမည်ဖြစ်သည်။

ထို့ ကြောင့် ချယ်လ်ဆီးအသင်းပိုင်ရှင်များက အဆိုပါဟိုတယ်နှစ်ခုကို ၎င်းတို့ပိုင်ဆိုင်သည့် လက်အောက်ခံကုမ္ပဏီများထံ ပေါင် ၇၆ ဒသမ ၅ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ အဆိုပါဟိုတယ်နှစ်ခုမှာ Chelsea FC Holdings Ltd လက်အောက်မှ တော့ဒ်ဘိုလီနှင့် Clearlake Capital တို့ ပိုင်ဆိုင်သည့် BlueCo22 Propertied Ltd လက်အောက်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ယင်းကဲ့သို့ ရောင်းချမှုကို ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) နှင့် EFL (ပရီးမီးယားလိဂ်မပါဝင်သည့် အင်္ဂလန်အောက်တန်းလိဂ် သုံးခု) က တားမြစ်ထားသော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲကမူ ဆက်စပ်ငွေပေးချေမှု စည်းမျဉ်းအောက်တွင် ''တရားမျှတသော စျေးကွက်တန်ဖိုးဖြတ်ခြင်း'' ခေါင်းစဉ်ဖြင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ဇွန်လက ကျင်းပသည့် နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် လက်အောက်ခံကုမ္ပဏီများသို့ လွှဲပြောင်းရောင်းချခွင့်ပြုခြင်းကို တားမြစ်ပိတ်ပင်ရန် မဲခွဲဆုံးဖြတ်ခဲ့သော်လည်း အနည်းဆုံးလိုအပ် သည့် ထောက်ခံမဲ ၁၄ မဲမရဘဲ ၁၁ မဲသာရရှိသဖြင့် လက်လျှော့ခဲ့ရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ စည်းမျဉ်းအရ ကလပ်အသင်းများအား သုံးနှစ်အတွင်း ပေါင် ၁၀၅ သန်းထက်ပို၍ အရှုံးမပေါ်စေရန် သတ်မှတ်ထားပြီး အခြေခံအဆောက်အအုံများနှင့် အမျိုးသမီးအသင်းအတွက် ရင်းနှီးမြှုပ်နှံမှု အပါအဝင် အချို့သောကုန်ကျစရိတ်များကို နုတ်ယူခံစားခွင့်ပြုထားသည်။

Clearlake Capital ကုမ္ပဏီ၏ အကြီးတန်းဝန်ထမ်းတစ်ဦးက ချယ်လ်ဆီးအသင်းအနေဖြင့် ယခင်ရာသီများအပါအဝင် ၂၀၂၄-၂၀၂၅ ရာသီအတွက် ဘဏ္ဍာရေးစည်းမျဉ်းများကို သတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ESPN သတင်းဌာနသို့ ပြောကြားထားသည်။

Most Read

Most Recent