ထိုင်းလိဂ်-၁ ကလပ် အူထိုင်းထာနီအသင်း ရာသီကြိုခြေစမ်းပွဲတွင် ကမ္ဘောဒီးယားထိပ်သီးကလပ် တော်ဝင်စစ်တပ်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပြီး မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူ နှစ်ဂိုးသွင်းယူ

ထိုင်းလိဂ်-၁ ကလပ် အူထိုင်းထာနီအသင်း ရာသီကြိုခြေစမ်းပွဲတွင် ကမ္ဘောဒီးယားထိပ်သီးကလပ် တော်ဝင်စစ်တပ်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပြီး မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူ နှစ်ဂိုးသွင်းယူ
Photo: uthai thani fc
Photo: uthai thani fc
Published 10 July 2023

ထိုင်းလိဂ်-၁ ကလပ် အူထိုင်းထာနီအသင်းသို့ ပြောင်းရွှေ့ရောက်ရှိနေပြီဖြစ်သည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် အသင်း၏ ရာသီကြိုခြေစမ်းပွဲတွင် နှစ်ဂိုးသွင်းယူပေးခဲ့ကြောင်း သိရသည်။

အူထိုင်းထာနီအသင်းသည် ပြီးခဲ့သည့် ဇူလိုင် ၉ ရက်က ကမ္ဘောဒီးယားထိပ်သီးကလပ် တော်ဝင်စစ်တပ်အသင်းနှင့် အိမ်ကွင်းတွင် ခြေစမ်းကစားခဲ့ရာ(၇-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းခြေစမ်းပွဲတွင် တိုက်စစ်မှူး အောင်သူသည် အူထိုင်းထာနီအသင်း၌ ပွဲထွက်ကစားခွင့်မရခဲ့သော်လည်း လူစားဝင်ကစားခွင့်ရခဲ့ပြီး ပွဲကစားချိန် ၇၁၊ ၇၉ မိနစ်တို့တွင် ဂိုးများသွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။

အောင်သူသည် အူထိုင်းထာနီအသင်းသို့ ရောက်ရှိပြီး ရက်ပိုင်းအကြာမှာပင် အသင်း၏ ရာသီကြိုခြေစမ်းပွဲ၌ နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

အောင်သူသည် ယင်းခြေစမ်းပွဲတွင် ကျောနံပါတ် ၃၆ ကို ဝတ်ဆင်ကစားခဲ့သည်။

အူထိုင်းထာနီအသင်းသည် တိုက်စစ်မှူး အောင်သူကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ကြောင်းကို ပြီးခဲ့သည့်ရက်ပိုင်းကမှ တရားဝင်သတင်းထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

တိုက်စစ်မှူး အောင်သူသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာအတွင်းက ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်အသင်းနှင့် စာချုပ်ဖျက်သိမ်းပြီးနောက် လမ်ဖွန်အသင်းထံသို့ ပြောင်းရွှေ့ခဲ့သည်။

သို့ သော် လမ်ဖွန်အသင်းသည် တိုက်စစ်မှူး အောင်သူကို ရာသီကုန်အထိသာ ကာလတိုစာချုပ် ချုပ်ဆိုခဲ့ပြီး ရာသီအကုန်တွင် လမ်းခွဲခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အောင်သူသည် ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းလိဂ်-၁ သို့ တန်းတက်ခွင့်ရ အူထိုင်းထာနီအသင်းထံသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

အောင်သူသည် ပြီးခဲ့သည့်ရာသီတွင် လမ်ဖွန်အသင်း၌ ပုံမှန်ပွဲထွက်ကစားခွင့်အတွက် တိုက်ပွဲဝင်ခဲ့ရပြီး ပြိုင်ပွဲစုံ(၁၃) ပွဲ ကစားခွင့်ရရှိခဲ့ကာ(၁) ဂိုးသာ သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။

အောင်သူသည် ၂၀၁၈ ခုနှစ်ကတည်းက ထိုင်းလိဂ်ကလပ်အသင်းများတွင် သွားရောက်ကစားနေသူဖြစ်ပြီး လက်ရှိတွင် ထိုင်းကလပ်အသင်း (၅)သင်းမြောက်သို့ ပြောင်းရွှေ့ကစားခြင်းဖြစ်ကြောင်း သိရသည်။

အောင်သူသည် ထိုင်းကလပ်အသင်းများဖြစ်သည့် ပူးလစ်တယ်ရို၊ မြောင်တောင်ယူနိုင်တက်၊ ဘူရီရမ်နှင့် လမ်ဖွန်အသင်းများတွင် ကစားထားသည်။           

Most Read

Most Recent