ယခုနွေရာသီတွင် အက်သလက်တီကိုမှထွက်ခွာ၍ ပြင်သစ်ထိပ်သီး PSG အသင်းထံပြောင်းရွှေ့ရန် ဂျော်အိုဖေးလစ် စိတ်အားထက်သန်နေ 

ယခုနွေရာသီတွင် အက်သလက်တီကိုမှထွက်ခွာ၍ ပြင်သစ်ထိပ်သီး PSG အသင်းထံပြောင်းရွှေ့ရန် ဂျော်အိုဖေးလစ် စိတ်အားထက်သန်နေ 
Photo: Getty Images
Photo: Getty Images
Published 10 July 2023

အက်သလက်တီကိုအသင်း၏ ပေါ်တူဂီတောင်ပံကစားသမား ဂျော်အိုဖေးလစ်သည် ယခုနွေရာသီတွင် အသင်းမှထွက်ခွာ၍ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းထံပြောင်းရွှေ့ရန် စိတ်အားထက်သန်နေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

အသက် (၂၃)နှစ်အရွယ်သာရှိသေးသည့် ဂျော်အိုဖေးလစ်သည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့က  ဘင်ဖီကာအသင်းမှ အက်သလက်တီကိုအသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၁၂၆)သန်းဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး စပိန်မြေကစားသမားဘဝတွင် ခြေစွမ်းပြရန်ရုန်းကန်ခဲ့ရသူ ဖြစ်သည်။

၂၀၁၉ ခုနှစ်၏ အကောင်းဆုံးလူငယ်ကစားသမားဆု (Golden Boy) ကိုရရှိခဲ့သည့် ဂျော်အိုဖေးလစ်သည် အက်သလက်တီကိုအသင်းအတွက် (၃)ရာသီခွဲကာလအတွင်း ပြိုင်ပွဲစုံ (၁၃၁)ပွဲကစားရာတွင် (၃၄) ဂိုးသွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၃ ဇန်နဝါရီအပြောင်းအရွှေ့က ချယ်လ်ဆီးအသင်းထံ ရာသီဝက်အငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့သူဖြစ်သည်။

ဂျော်အိုဖေးလစ်သည် ချယ်လ်ဆီးအသင်းတွင်လည်း ခြေစွမ်းပြရန် ရုန်းကန်ခဲ့ရသောကြောင့် အပြီးသတ်ခေါ်ယူခြင်းမရှိဘဲ ယခုနွေရာသီတွင် အက်သလက်တီကိုအသင်းထံ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဂျော်အိုဖေးလစ်အနေဖြင့် အက်သလက်တီကိုနည်းပြ ဆီမြွန်နီ၏ အနာဂတ်စီမံကိန်းများတွင် မပါဝင်သူအဖြစ်  သတ်မှတ်ခံထားရသောကြောင့် အသင်းပြောင်းရွှေ့ရန် စီစဉ်နေခြင်းဖြစ်ပြီး ဘာပေ၊ နေမာတို့အနာဂတ်မသေမချာဖြစ်နေသည့် PSG အသင်းထံ ပြောင်းရွှေ့လိုနေခြင်းဖြစ်သည်။

ဂျော်အိုဖေးလစ်အနေဖြင့် ပရီးမီးယားလိဂ်နှင့် စီးရီးအေကလပ်အသင်းအချို့၏ စောင့်ကြည့်ခြင်းခံနေရသလို၊ အသင်းဟောင်းဘင်ဖီကာမှ ပြန်လည်ခေါ်ယူရန် ဆန္ဒရှိနေသော်လည်း ၎င်းကိုယ်တိုင်က စိန်ခေါ်မှုအသစ်များရှာဖွေရန် ဆန္ဒရှိနေသည့်အတွက် ပြင်သစ်မြေသို့ ပြောင်းရွှေ့လိုနေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent