ပရီးမီးယားလိဂ်ပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်
Photo: Sky Sports
Photo: Sky Sports
Published 6 April 2024

 

■ ပဲလေ့စ် - မန်စီးတီး (မြန်မာစံတော်ချိန် ညနေ ၆းဝ၀)

ပဲလေ့စ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ ပွဲတွေမှာ ရလဒ်ပိုင်းကျဆင်းနေတယ်။ ခြေစွမ်းက မဆိုးပေမယ့် တန်းဆင်းဇုန် အန္တရာယ်နည်းတာကြောင့်လည်း မာကျောမှုအပို်င်းမှာ အားနည်းနေတယ်။ မန်စီးတီးအသင်းအတွက်က ရာသီလက်ကျန်ပွဲစဉ်တိုင်းက အမှားခံလို့မရတဲ့ အခြေအနေဖြစ်တဲ့အပြင် ဂိုးကွာခြားချက်အတွက်လည်း ဖိအားရှိတယ်။ ပဲလေ့စ်က ပိတ်ဆို့ကစားရင်း ရှုံးသွားမှာပါပဲ။ ဂိုးတော့ အရမ်းမပြတ်နိုင်ဘူး။ 

■ ဗီလာ - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် ည ၈း၃၀)

အက်စတွန်ဗီလာအသင်းအတွက် ဒီရာသီ ချန်ပီယံလိဂ်ဝင်ခွင့်က အရမ်းမခက်ခဲပါ ဘူး။ အမှားလည်းခံတယ်။ ဘရန့်ဖို့ဒ်အသင်းကလည်း သိသိသာသာ ခြေစွမ်းတက်လာပြီး မာကျောတဲ့အသင်းပါ။ နှစ်သင်းစလုံးမှာ ရည်မှန်းချက်ကိုယ်စီရှိပြီး အရမ်းစိုးရိမ်ရတဲ့ အခြေအနေတွေလည်း မဟုတ်တဲ့အတွက် ဖိအားသိပ်တော့မရှိပါဘူး။ တိုက်စစ်ချင်းပဲ အားပြိုင်နိုင်တယ်။ ဗီလာကိုတော့ ပိုကြိုက်တယ်။ ၂-၁ လောက်ဖြစ်မယ်ထင်တယ်။ 



■ အဲဗာတန် - ဘန်လေ (မြန်မာစံတော်ချိန် ည ၈း၃၀)

အဲဗာတန်အသင်းကလည်း အမှတ်အရမ်းလိုအပ်နေတဲ့အချိန်မှာ ရလဒ်တွေက တက်မလာဘူး။ သရေကျလိုက်၊ ရှုံးနိမ့်လိုက်နဲ့ ဖြတ်သန်းနေရတယ်။ ဒီပွဲပြီးရင် ချယ်လ်ဆီး၊ နော်တင်ဟမ်၊ လီဗာပူးလ်အသင်းတွေနဲ့ ကစားရမှာဖြစ်လို့ အရေးကြီးပွဲတွေချည်းပါပဲ။ ဘန်လေကို အိမ်ကွင်းမှာ အနိုင်ကစားထားပြီး၊ ချယ်လ်ဆီးနဲ့အပြီး နော်တင်ဟမ်ကို အိမ်ကွင်းမှာ ထပ်နိုင်ရင် အခြေအနေကောင်းနိုင်တယ်။ အဲဗာတန် နိုင်ပွဲယူမယ့်အလှည့်ပါ။ 



■ ဖူလ်ဟမ် - နယူးကာဆယ် (မြန်မာစံတော်ချိန် ည ၈း၃၀)

ဖူလ်ဟမ်အသင်းက ပြီးခဲ့တဲ့ ပွဲစဉ်မှာ နော်တင်ဟမ်အသင်းကို ဂိုးပြတ်ရှုံးခဲ့တာကို တွေ့ရတယ်။ နယူးကာဆယ်အသင်းကလည်း နောက်ဆုံးပွဲမှာ အဲဗာတန်ကို အနိုင်ရသင့်တဲ့ခြေစွမ်းကို ပြခဲ့ပါလျက်နဲ့ သရေကျခဲ့တာတွေ့ရတယ်။ ဖူလ်ဟမ်က ဒီရာသီကို ပေါ့ပေါ့ပါးပါးဖြတ်သန်းရမှာဖြစ်ပြီး နယူးကာဆယ်ကတော့ ဥရောပဝင်ခွင့်အတွက် နိုင်ပွဲရဖို့ ကြိုးစားဦးမှာပါပဲ။ နယူးကာဆယ်ကို ကြိုက်တယ်။ 



■ လူတန် - ဘုန်းမောက် (မြန်မာစံတော်ချိန် ည ၈း၃၀)

နော်တင်ဟမ်ဖောရက်စ်က ၄ မှတ်လျှော့ခံထားရပေမယ့် ခြေစွမ်းရော ရလဒ်ပါ ကောင်းနေလို့ လူတန်၊ အဲဗာတန်တို့အတွက် စိုးရိမ်ရတဲ့အနေအထားပါ။ လူတန်က ကစားပုံကောင်းပြီး အမှတ်တွေရအောင် ကြိုးစားနေရင်း နောက်ဆုံးမှာ သရေပွဲ၊ ရှုံးပွဲတွေနဲ့ပဲ ကျေနပ်နေရတာကို တွေ့ရတယ်။ ဘုန်းမောက်က အမှတ်မလိုပေမယ့် အမှတ်လိုနေတဲ့အသင်းတွေကို တောက်လျှောက်အသာစီးယူနေတဲ့အသင်းပါ။ ဘုန်းမောက်ပဲ ကြိုက်တယ်။



■ ဝုလ်ဗ် - ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် ည ၈း၃၀)

ဝုလ်ဗ်ကအဆင့် ၁၀ နေရာကို ရောက်နေပေမယ့် အဆင့် ၇ နေရာ ရောက်နေတဲ့ ဝက်စ်ဟမ်းနဲ့ ၃ မှတ်ပဲကွာပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ အနိုင်ယူနိုင်ခဲ့ရင် အမှတ်တူသွားလိမ့်မယ်။ ကြားထဲမှာ နယူးကာဆယ်၊ ဘရိုက်တန်တို့ကို စောင့်ကြည့်ရဦး မှာဖြစ်ပေမယ့် ဥရောပမျှော်လင့်ချက်ရှိနေတဲ့ အနေအထားမှာ ဝက်စ်ဟမ်းကို ၃ မှတ်ပေးစရာမရှိဘူး။ ဝုလ်ဗ်ကိုပဲ ကြိုက်တယ်။ 



■ ဘရိုက်တန် - အာဆင်နယ် (မြန်မာစံတော်ချိန် ည ၁၁းဝ၀)

အာဆင်နယ်အတွက် ဒီပွဲက မလွယ်ကူဘူးဆိုပေမယ့် ရှေ့လာမယ့် ပွဲစဉ်တွေမှာလည်း ဒီထက် ပိုလွယ်ဖို့ မရှိဘူး။ အက်စတွန်ဗီလာ၊ ဝုလ်ဗ်၊ ချယ်လ်ဆီးတို့လို အသင်းတွေနဲ့ ကစားရမယ့် အခြေအနေမှာ ဒီပွဲကိုလည်း အဝေးကွင်းဆိုပေမယ့် အာဆင်နယ် ကျော်ဖြတ်နိုင်ဖို့ လိုတယ်။ ဘရိုက်တန်က ခံစစ်ပိုင်းမှာ အက်စတူပီနန်၊ လမ့်တေး တို့လို ကစားသမားတွေ ပြန်ကစားနေကြပြီဖြစ်လို့ ခံစစ်က သိသိသာသာ တိုးတက်လာခဲ့ပြီး တိုက်စစ်ပိုင်းမှာလည်း အဒင်ဂရာ၊ ဝဲလ်ဘက်တို့ အားကိုးနေရတယ်။ ဒါပေမဲ့အာဆင်နယ်အသင်းအတွက် အဓိကပြဿနာက ဘရိုက်တန်တိုက်စစ်ကို ထိန်းချုပ်ခြင်းမဟုတ်ပဲ ဘရိုက်တန်ခံစစ်ကို ဂိုးရ၊ မရ ဆိုတာမျိုး ဖြစ်နိုင်တယ်။ ဘရိုက်တန်ရဲ့ ကွင်းလယ်ကလည်း ကစားကွက်ကောင်းပေမယ့် မာကျောမှုအပိုင်းမှာ သံသယဖြစ်စရာအချက်တွေရှိပါတယ်။ အာဆင်နယ်ကို ကြိုက်တယ်။

■ ဘရိုက်တန်အသင်းသည် ပြိုင်ပွဲစုံအိမ်ကွင်းနောက်ဆုံး (၁၄)ပွဲဆက် ရှုံးပွဲမရှိကစားနိုင်ခဲ့ပြီး (၈)ပွဲအနိုင်ရရှိခဲ့သလို၊ ဂိုးမသွင်းနိုင်သည့်ပွဲမှာလည်း (၁)ပွဲ သာရှိခဲ့သည်။

■ ဘရိုက်တန်အသင်း၏ ပြိုင်ပွဲစုံအိမ်ကွင်းနောက်ဆုံး (၈)ပွဲတွင် (၆)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာ ရှိခဲ့သည်။

■ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်အဝေးကွင်းနောက်ဆုံး (၄)ပွဲဆက် Clean Sheet ရယူနိုင်ခဲ့သည်။

Most Read

Most Recent