KTV၊ Club၊ Bar တွေနဲ့ စားသောက်ဆိုင်တွေမှာ စိတ်ကြွ ဆေးတွေ၊ Happy Water တွေ မင်းမူနေပြီလား

KTV၊ Club၊ Bar တွေနဲ့ စားသောက်ဆိုင်တွေမှာ စိတ်ကြွ ဆေးတွေ၊ Happy Water တွေ မင်းမူနေပြီလား
Published 2 July 2023
ဇော်မင်းနိုင်

ဇူလိုင်လအတွင်းတွင် ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးအမှုများအနက် စိတ်ဝင်စားစရာ ကောင်းသည့်ဖြစ်စဉ်နှစ်ခုရှိ ခဲ့သည်။ယင်းအမှုနှစ်ခုမှာ ဇွန် ၁၁ ရက်နှင့် ၁၆ ရက်တို့တွင် စိတ်ကြွ ဆေးပြားပေါင်းများစွာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဇွန် ၁၁ ရက်မွန်းလွဲ ၁ နာရီခွဲတွင်  ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ ပတ္တမြားလမ်းရှိ စိုင်းလှဟန်၏ နေအိမ်ကို သတင်းအရရှာဖွေရာ စိုင်းလှဟန် နှင့် စိုင်းစိန်လင်းတို့အား ဒေသကာလ တန်ဖိုး ကျပ်သိန်း ၉၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ကိုးသိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။

ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွ ဆေးပြား ကိုးသိန်းမှာ ရန်ကုန်မြို့ရှိ KTV၊ Club၊ Bar နှင့် စားသောက်ဆိုင်များတွင် ဖြန့်ဖြူးရောင်း ချရန်စီစဉ်ထားခြင်းဖြစ်သည်ဟု ဖမ်းဆီးရမိ သူများ၏ ထွက်ဆိုချက်များကို ကိုးကားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ သည်။

အလားတူ ဇွန် ၁၆ ရက် ည ၇ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း မကြီးနှင့် ပြည်တော်သာ(၁)လမ်းထိပ်တွင် ထူးခန့်နောင်၊ ပြည့်စုံကျော်မင်း နှင့် ဟိန်းခင် ဇော်တို့ စီးနင်းလာသည့် မော်တော်ဆိုင်ကယ် နှစ်စီးကို ရှာဖွေရာ ၎င်းတို့သယ်ဆောင်လာ သည့် စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၆၇ သိန်းကို သိမ်းဆည်းရမိခဲ့သည်။

၎င်းတို့၏ ထွက်ဆိုချက်များအရ ဇွန် ၁၇ ရက် နံနက် ၁ နာရီတွင် ဖမ်းမိတရားခံ ပြည့်စုံကျော်မင်း ငှားရမ်းနေထိုင်သည့် ရွှေ ပြည်သာမြို့နယ်၊ (၈/၄)ရပ်ကွက်၊ ယောမင်း ကြီးလမ်းရှိနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၉ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၃ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

နေရာနှစ်ခုမှ ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွ ဆေးပြားများမှာ စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၈၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၇ ဒသမ ၅၇ သိန်းနှင့် အိုက်စ် (မက်သ်အဖက်တမင်း) ၃ ကီလို သိမ်းဆည်း ရမိခဲ့သည်။ယင်းဖြစ်စဉ်မှာလည်း ဖမ်းဆီးရမိသူများ ၏ ထွက်ဆိုချက်များအရ စိတ်ကြွ ဆေးပြား များနှင့် ICE များကို ရန်ကုန်မြို့ရှိ KTV၊ Club၊ Bar နှင့် စားသောက်ဆိုင်များတွင် ဖြန့် ဖြူးရောင်းချရန်စီစဉ်ထားခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ သည်။

ယင်းဖြစ်စဉ်နှစ်ခုတွင် ဖမ်းဆီးရမိသည့် စိတ်ကြွ ဆေးပြားများမှာ ၁၆ သိန်းကျော်ရှိပြီး ICE မှာ သုံးကီလိုဖြစ်သည်။ထို့ပြင် ဇွန်လအတွင်းမှာပင် စိတ်ကြွ ဆေးတမျိုးဖြစ်သည့် Happy Water ဟုခေါ် သည့် ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သည့်ဖြစ် စဉ်လည်း ရှိခဲ့သည်။

ဇွန် ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ဒဂုံမြို့ သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၂)ရပ်ကွက်၊ ကျွန်း ရွှေဝါလမ်းတွင် လမ်းလျှောက်လာသူ တင်ဇာ မင်းနှင့် သီဟကျော်(ခ)သီဟတို့အား စစ်ဆေး ရှာဖွေရာ ၎င်းတို့ထံမှ ထိန်းချုပ်ဓာတုပစ္စည်း (ကဖင်း) အလေးချိန် ၆၀၀ ဂရမ်(ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၉၀၀၀၀)၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၀၀ (ဒေသကာလ ပေါက် စျေးတန်ဖိုး ကျပ် ခြောက်သိန်း)နှင့် လက် ကိုင်ဖုန်းနှစ်လုံး တွေ့ရှိသိမ်းဆည်းရ မိခဲ့သည်။

ထပ်မံစစ်ဆေးချက်အရ ၎င်းတို့ငှားရမ်း နေထိုင်သည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၂)ရပ်ကွက်၊ ခေတ္တာလမ်းရှိ နေအိမ်အတွင်း မှ ထိန်းချုပ်ဓာတုပစ္စည်း(ကဖင်း)အလေးချိန် ၁၀၀၀ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုး ကျပ်သိန်း ၁၅၀၀) နှင့် စိတ်ကြွရူးသွပ်ဆေး ပြား ၉၂၀ (ဒေသကာလပေါက်စျေး တန် ဖိုး ကျပ် ၉ ဒသမ ၂ သိန်း) တို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် ကွင်းဆက်ဖော်ထုတ်ချက် အရ မချောစုလှိုင်(ခ)စုစုငြိမ်း(ခ)စုစု နှင့် မျိုး နေဇာ(ခ)မျိုးတေဇတို့အား ၎င်းတို့နေထိုင်သည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁) ရပ်ကွက်၊ ရတနာလမ်းရှိ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါး (Happy Water) အလေးချိန် ၂၄ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုး ကျပ် ၇ ဒသမ ၂ သိန်း)၊ လက်ကိုင်ဖုန်း နှစ်လုံး တို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ သည်။

ရန်ကုန်မြို့မှာ Kတွေ၊ E တွေ ၊ စိတ်ကြွဆေးတွေ ဘယ်လောက်အထိပျံ့နှံ့နေပြီလဲ

ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ KTV၊ Bar၊ Club နှင့် စားသောက်ဆိုင်များတွင် စိတ်ကြွ ရူးသွပ်ဆေးများ၊ လူငယ်များအကြား အလွယ်တကူ ခေါ်ဝေါ်နေသည့် E (အက်တက်စီ)၊ K ဟု အလွယ်တကူခေါ်ဝေါ်နေသည့် ကက်တမင်း၊ Happy Water ဆေးများမှာ မည်မျှအထိ ပျံ့နှံ့နေသလဲဆိုသည်မှာ မေးခွန်း ထုတ်ရမည့်အခြေအနေလည်းဖြစ်သည်။ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့ အတွင်းမှာပင် Happy Water များဆက်တိုက် ဖမ်းဆီးရမိခဲ့သည်။တရားဝင်သတင်းထုတ်ပြန်ချက်အရ မြန်မာတနိုင်ငံလုံးတွင် ၂၀၂၃ ခုနှစ်အတွင်း စိတ်ကြွ ရူးသွပ်ဆေးပြားနှင့် Happy Water အများအပြားဖမ်းဆီးရမိသည့်ဖြစ်စဉ်မှာ မန္တ လေးတိုင်းဒေသကြီးတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလအတွင်းတွင် မန္တလေး တိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျပ် ၁၀ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိခဲ့သည်။သာစည်မြို့နယ်၊ ကျွဲတပ်ဆုံစစ်ဆေးရေး စခန်းအား ရှောင်ကွင်း၍ သယ်ဆောင်လာ သည့် အဆိုပါ မူးယစ်ဆေးဝါးများကို ဧပြီ ၁၉ ရက် နံနက် ၉ နာရီခွဲတွင် သာစည်မြို့နယ်၊ ယင်းမာပင်ကျေးမှ တောင်ဂွကျေးရွာသွား လမ်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။အဆိုပါ မူးယစ်ဆေးဝါးများကိုမော်တော် ယာဉ်ပေါ်တွင် ပုလင်းခွံအိတ်များဖြင့် ဖုံးအုပ် သယ်ဆောင်လာခြင်းဖြစ်ပြီး စိတ်ကြွရူးသွပ် ဆေးပြား ၆ ဒသမ ၁၈ သန်း၊ ကက်တမင်း ၁၀ ကီလိုနှင့် စိတ်ပြောင်းဆေးဝါး Happy Water ၄ ဒသမ ၁၂ ကီလိုတို့ကို သိမ်းဆည်း ရမိခဲ့ပြီး ၎င်းပစ္စည်းများကို ရှမ်းပြည်နယ် (တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် ဇွန် ၂၅ ရက်တွင်လည်း ကရင်ပြည်နယ်သို့ သယ်ဆောင်မည့် ICE၊ K ဟုခေါ်သည့် ကက်တမင်းနှင့် ဘိန်းဖြူများ ကို ဖမ်းဆီးရမိခဲ့သည်။

ယင်းမူးယစ်ဆေးဝါးများကို မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြို့ပတ်လမ်း၊ ထင်းရှူးတောအနီး၌ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများကို ခြောက်ဘီးယာဉ်ဖြင့် တင်ဆောင်လာခြင်းဖြစ်သည်။ယာဉ်ပေါ်မှ ကျပ် ၁၄ ဒသမ ၁၅ ဘီလျံ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ် သည့် အိုက်စ် (မက်သ်အဖက်တမင်း) ၇၀၅ ကီလို၊ ကက်တမင်း ၁ ကီလိုနှင့် မူးယစ်ဆေးဝါး ဘိန်းဖြူ ၇၀၀ ဂရမ်တို့ တွေ့ရှိသိမ်းဆည်းရမိ ခဲ့ကြောင်း၊ ယင်းဖမ်းမိမူးယစ်ဆေးဝါးများကို ကရင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်ရန် ပူးပေါင်းဆောင်ရွက်သူသုံးဦးအား ဖမ်းဆီး ရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးဖော်ထုတ် ချက်အရ ဇွန် ၁၀ ရက် မွန်းတည့် ၁၂ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ Garden city  အိမ်ရာဝင်းတွင် မူးယစ်ဆေးဝါးများ သယ်ဆောင် ရာ၌ ပူးပေါင်းပါဝင်သူများကို ဆက်လက်ဖမ်း ဆီးရမိခဲ့ပြီး နေအိမ်မှ ကျပ်သိန်း ၁၀၀၀၊ ရွှေ ၂ ဒသမ ၅ ပိဿာ၊ မော်တော်ယာဉ် သုံးစီး ထပ်မံ သိမ်းဆည်းရမိခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့့က သတင်းထုတ်ပြန်ခဲ့သည်။ယင်းသို့ အများအပြားဖမ်းဆီးရမိမှုများကြောင့် စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ စိတ်ကြွ ရူးသွပ်ဆေးပြားများ မည်မျှအထိ စိမ့် ဝင်နေပြီလဲဆိုသည်မှာ မေးခွန်းထုတ်ရမည့် အခြေအနေလည်းဖြစ်နေသည်။

“ညလုံးပေါက်ဖွင့်တဲ့ Club တွေရှိတယ်။  ညလုံးပေါက်ဖွင့်တယ်ဆိုတာက တံခါးကိုကျ တော့ ၉ နာရီမှာပိတ်တာပေါ့။ အဲဒီအချိန်ကျန် တဲ့သူတွေက Club ထဲမှာ နေကြတာပေါ့။ Club ဆိုတာက တီးလုံးသံဆူညံနေတာ။ ဆေး တစ်ခုခု မသုံးထားရင် အဲဒီက ဖွင့်တဲ့ တီးလုံးသံကို မခံနိုင်ဘူး”ဟု ရန်ကုန်မြို့ရှိ Club တစ်ခုသို့ ရောက်ရှိခဲ့သူတစ်ဦးက ပြော ကြားသည်။လက်ရှိအချိန်တွင် ယင်းနေရာများသို့ သွားရောက်သူများတွင် အရက်၊ ဘီယာသုံးစွဲ မှုသာမကဘဲ စိတ်ကြွ ဆေးများကိုလည်း သုံးစွဲ မှုများရှိနိုင်သည်ဟု သုံးသပ်မှုများလည်းရှိနေ သည်။

Kတွေ၊ E တွေ ၊ Happy Water ဆိုတာတွေက ဘာတွေလဲ

လက်တလော လူငယ်များအကြား ခေါ် ဝေါ်နေသည့် မူးယစ်ဆေးဝါးများမှာ ဓာတု ဗေဒနည်းများဖြင့် ထုတ်လုပ်ထားသည့် မူး ယစ်ဆေးများဟု ခေါ်ဆိုနိုင်သည်။Happy Water တွင် MDMA-E, Ca-ffeine, Tramadol, Ketamine စသည်တို့  ပါဝင်ကြပြီး Party Pill, Club Drugs များတွင် အရက်၊ ဆေးရွက်ကြီး၊  ဆေးခြောက်၊ မက်ဖက် တမင်း (မြင်းဆေး) နှင့် ဘိန်းဆီတို့မှ ပေါင်းစပ် ထုတ်လုပ်ထားခြင်းဖြစ်သည်။K ဟု ခေါ်ဆိုသည့် ကတ်တမင်းမှာ လူ နာများကိုခွဲစိတ်ရာတွင် မေ့ဆေးအဖြစ်အသုံး ပြုသည့် ဆေးဝါးတစ်မျိုးဖြစ်သော်လည်း ပြင်ပ တွင်သုံးစွဲသူများမှာ အမှုန့်အဖြစ် ရှူရှိုက်ကာ အသုံးပြုနေခြင်းဖြစ်သည်။E  ဟု အလွယ်တကူခေါ်ဆိုသည့် အက် တက်စီဆေးပြားများကို အရက်ဖြင့် တွဲဖက် သုံးစွဲပါက အာနိသင်ပိုမိုကောင်းမွန်သည်ဟု ဆိုသည့် အယူအဆဖြင့် သုံးစွဲနေကြခြင်းဖြစ် သည်။

“E ကို ခေါင်းခါဆေးလို့လည်း တော် တော်များများက ခေါ်ကြတယ်။ အဓိကက တော့ ဘားတွေ၊ ကလပ်တွေမှာ တီးလုံးသံကို လိုက်ပြီး ကနိုင်ဖို့ သုံးကြတာ”ဟု အဆိုပါဆေး ၀ါးများနှင့် ပတ်သက်ပြီး လေ့လာနေသူ ဆေး ပညာရှင်တစ်ဦးက ပြောကြားသည်။

အဆိုပါမူးယစ်ဆေးများကို သုံးစွဲကြောင့် ဖြစ်ပွားတတ်သည့် ရောဂါလက္ခဏာများမှာ  ရေတိုတွင် သွေးပေါင်ကျခြင်း၊ နှလုံးခုန်နှေး ခြင်း၊ တစ်ခါတစ်ရံနှလုံးခုန်မြန်ခြင်း၊ ပျို့အန် ခြင်း၊ တက်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ ဒေါသဖြစ် လွယ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ ကိုယ်အပူချိန် ကျဆင်းခြင်း၊ထိန်းချုပ်နိုင်မှုမရှိခြင်း တို့ဖြစ် သည်။

ရေရှည်တွင် ဖြစ်ပွားတတ်သည့် လက္ခဏာများမှာ စိုးရိမ်ပူပန်ခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးရောဂါ များဖြစ်ပွားနိုင်ခြင်း၊ အမြင်မှားခြင်း၊ စိတ်ကျ ခြင်းများကို ဖြစ်စေနိုင်သည်။

“အဲဒါတွေအကုန်လုံးက မူးယစ်ဆေးဝါး မျိုးစုံကို ပေါင်းစပ်ထားတော့ ဦးနှောက်နဲ့ စိတ် ခံစားမှုတွေကို လှု့ံဆော်စေတဲ့ ဓာတ်သတ္တိတွေ၊ ဟော်မုန်းတွေကို သဘာဝအတိုင်းမဟုတ်ဘဲ လွန်လွန်ကဲကဲ ထွက်စေတယ်။ ရေတိုမှာ ခုန ကပြောတာတွေ ဖြစ်မယ်။ ရေရှည်မှာဆိုရင် စိတ်ရောဂါ၊ ဦးနှောက်နဲ့ အာရုံကြောမူမမှန် တာတွေ ဖြစ်မယ်”ဟုဆေးပညာရှင်တစ်ဦးက ပြောကြားသည်။

အဆိုပါ မူးယစ်ဆေးဝါးများမှာ ဓာတု ပစ္စည်းများကို အသုံးပြုပြီး ထုတ်လုပ်ထားခြင်း ဖြစ်ရာ ထိန်းချုပ်ဓာတု ပစ္စည်းများသည် ရှေ့ တန်းရောက်ရှိလာသဖြင့် ဓာတုပစ္စည်း ထိန်း ချုပ်ရေးကဏ္ဍသည်လည်း အရေးကြီး ကြောင်း၊ တရားဝင် ခွင့်ပြုချက်နှင့် တင်သွင်း လာသည့် ဓာတုပစ္စည်းများ လမ်းလွဲ မရောက် စေရေးအတွက် သက်ဆိုင်ရာဌာနများပူး ပေါင်း၍ အထူးကြပ်မတ်ကြရန် လိုကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများအန္တရာယ်တားဆီးကာ ကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးစိုးထွဋ်က ယမန်နှစ်က ပြောကြားထား သည်။

ယခုနှစ်တွင်လည်း အသစ်ပေါ်ပေါက် လာသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ရှေ့ပြေးဓာတုပစ္စည်းများကို ဥပဒေနှင့်အညီ အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ်ကာ ထိန်းချုပ်သွားမည်ဖြစ်သည့် အပြင် တိုးတက်ခေတ်မီသည့် မူးယစ်ဆေးဝါး ရှာဖွေသည့်ကိရိယာများ၊ မူးယစ်ဆေးဝါးဆိုင် ရာမှုခင်းများစုံစမ်းဖော်ထုတ်သည့် ပစ္စည်း ကိရိယာများ၊ နည်းပညာများကိုအသုံးပြုမည် ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်က ထပ်မံပြောကြားသည်။

လတ်တလောတွင် မူးယစ်ဆေးဝါးထုတ် လုပ်ရာ၌ အသုံးပြုသောဓာတုပစ္စည်း ၃၉ မျိုးကို ထိန်းချုပ်ဆောင်ရွက်လျက်ရှိပြီး ဓာတု ပစ္စည်းများ တရားမဝင်ဝင်ရောက်မှုနှင့် လမ်း လွဲမရောက်ရှိစေရေး ဓာတုပစ္စည်းအသုံးပြု သည့် လုပ်ငန်းရှင်များ၊ ဓာတုပစ္စည်းနှင့် သက် ဆိုင်သည့်ဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လုပ်ဆောင်နေသည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောကြားထားသည်။



 

Most Read

Most Recent