ဆူဒန်မြို့တော် ခါတွန်မှ လူသေအလောင်းများ

ဆူဒန်မြို့တော် ခါတွန်မှ လူသေအလောင်းများ
Published 9 June 2023
TRANSLATED - နရီမင်း

ဆူဒန်နိုင်ငံ၏ မြို့တော်ကို ထိန်းချုပ်ရန်အတွက် ခုနစ်ပတ်ကြာ ခါးသီးသောတိုက်ပွဲများ ဖြစ်ပွားပြီးနောက် ခါတွန်မြို့ခံအချို့သည် မြို့တော်၏လမ်းမများပေါ်တွင် စုပုံနေသော လူသေအလောင်းများနှင့်ပတ်သက်၍ မည်သို့မည်ပုံလုပ်ဆောင်မည်ဟူသည့် ၎င်းတို့မျှော်လင့်မထားသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရသည်။

“လူသုံးယောက်ကို သူတို့အိမ်ထဲမှာပဲ မြှုပ်လိုက်ပြီး ကျန်တဲ့လူတွေကို ကျွန်တော်နေထိုင်တဲ့ လမ်းအဝင်ဝမှာ မြှုပ်ထားပါတယ်” ဟု အိုမာ (အမည်လွှဲ)က ပြောသည်။

“ဒါက တံခါးဖွင့်လိုက်တဲ့အခါ လူသေကောင်ရဲ့ တစ်စိတ်တစ်ပိုင်းကို ခွေးကိုက်နေတာ တွေ့ရတာထက်တော့ ပိုကောင်းပါတယ်” ဟု သူက ဆိုသည်။

ယခုအချိန်အထိ လူပေါင်းမည်မျှ သေဆုံးခဲ့သည်ကို မည်သူမျှမသိနိုင်သော်လည်း ပစ်ခတ်မှုအတွင်း အရပ်သားအများအပြားအပါအဝင် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ယုံကြည်ရသည်။

ပုံမှန်တပ်မတော်နှင့် Rapid Support Forces-RSF (အရန်လက်နက်ကိုင်တပ်ဖွဲ့)တို့ အပစ်အခတ်ရပ်စဲထားသော်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ သုသာန်သို့သွားရန် ကြိုးစားခြင်းသည် အလွန်အန္တရာယ်များလှ၏။

အိုမာသည် အနည်းဆုံး လူ ၂၀ ခန့်ကို မြှုပ်နှံထားပြီးဖြစ်သည်။

“ကျွန်တော့်အိမ်နီးချင်းတစ်ယောက်ဟာ သူ့အိမ်မှာ အသတ်ခံခဲ့ရတယ်။ သူ့အိမ်မှာရှိတဲ့ ကြွေပြားတွေကို ဖယ်၊ သချႋုင်းတစ်ခုတူးပြီး သင်္ဂြိုဟ်တာကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး” ဟု ၎င်းက BBC သို့ ပြောကြားခဲ့သည်။

“အလောင်းတွေကို အပူထဲမှာ ဆွေးမြည့်စေဖို့ ချန်ထားခဲ့တယ်။ ဘာပြောရမလဲ။ ခါတွန်မှာရှိတဲ့ ရပ်ကွက်တချို့ဟာ အခုသုသာန်တွေအဖြစ် ပြောင်းလဲသွားပါပြီ” ဟု သူက ဆိုသည်။

လွန်ခဲ့သည့်လက အိုမာသည် ခါတွန်၏ အယ်အီမတီဒက်ခရိုင်ရှိ ၎င်း၏အိမ်မှ မီတာအနည်းငယ်အကွာတွင် လူလေးဦးအတွက် သချႋုင်းတွင်းကို တူးခဲ့ရသည်။ အနီးအနားရပ်ကွက်များတွင်လည်း ယင်းကဲ့သို့ လုပ်နေရသည့် အခြားသူများရှိသည်ကို သူသိကြောင်း အိုမာက ပြောပြသည်။

သေဆုံးသူအများအပြားကို ခါတွန်တက္ကသိုလ်နားတွင်ရှိသည့် ဆက်ဒွန်ဓာတ်ဆီဆိုင်အနီး ဧရိယာများတွင် မြှုပ်နှံထားခဲ့ပြီး အခြားအလောင်းများကို မိုဟာမက်နာဂွစ်လမ်းနှင့်နီးသော ရပ်ကွက်များတွင် မြှုပ်နှံထားသည်ဟု အိုမာက ပြောပြသည်။

ဆူဒန်တွင် အိမ်များ သို့မဟုတ် ရပ်ကွက်များတွင် မြှုပ်နှံထားသည့် လူသေအရေအတွက်အတွက် တရားဝင် ကိန်းဂဏန်းများမရှိသေးသော်လည်း အိုမာက “ဒါဇင်ပေါင်းများစွာ ဖြစ်နိုင်သည်” ဟု ပြောကြားခဲ့သည်။

ဟာမစ် (အမည်လွှဲ) တွင်လည်း အလားတူ အတွေ့အကြုံတစ်ခုရှိသည်။

စစ်တပ်၏ ဂျက်လေယာဉ် ပျက်ကျပြီးနောက် မြို့တော်အပြင်ဘက် ၁၂ ကီလိုမီတာ (၇.၅ မိုင်)အကွာ ရှမ်းဘတ်မြို့၏ လူနေရပ်ကွက်တစ်ခုတွင် စစ်သားသုံးဦးကို သင်္ဂြိုဟ်ခဲ့ရကြောင်း သူက BBC သို့ ပြောကြားခဲ့သည်။

“ကျွန်တော် အဲဒီနေရာကို အမှတ်တမဲ့ရောက်နေခဲ့တယ်။ လူငါးယောက်ပါဝင်တဲ့ အုပ်စုက အလောင်းတွေကို အပျက်အစီးတွေကနေ အဝေးကို ရွှေ့ပြီး လူနေအဆောက်အအုံတွေ ဝန်းရံထားတဲ့ ဧရိယာမှာ မြှုပ်နှံခဲ့ကြတယ်”ဟု ဆိုသည်။

ထိုဒေသတွင် အနှစ် ၂၀ နေထိုင်လာခဲ့သည့် အိမ်ခြံမြေအကျိုးဆောင် ဟာမစ်က ယင်းသည် “ကရုဏာအလုပ်” ဖြစ်သည်ဟု ယုံကြည်သည်။

“သေဆုံးသူတွေကို သင်္ဂြိုဟ်တဲ့နေရာက အရေးမကြီးပါဘူး” ဟု ၎င်းက ဆိုသည်။

“သူတို့ကို သင်္ဂြိုဟ်တာက ဦးစားပေးပါ။ အဲဒါက ပရဟိတ လုပ်တာပါပဲ။ သချႋုင်း (သုသာန်မှာ) ခရီးက ရက်တွေကြာနိုင်ပြီး စနိုက်ပါသမားတွေက နေရာတိုင်းမှာ ရှိနေပါတယ်” ဟု ဆိုသည်။

“ကျွန်တော်တို့က လူ့အဖွဲ့အစည်းကို ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ကနေ ရှောင်ရှားနိုင်စေဖို့ ကြိုးစားနေတာပါ။ ဘာသာရေးနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်တစ်ရပ်ပါပဲ” ဟုလည်း ၎င်းက ဆိုသည်။

“အမှန်တရားကို မြှုပ်နှံခြင်း”

ရည်ရွယ်ချက်ကောင်းရှိသော်လည်း အဆိုပါလုပ်ရပ်များသည် စစ်ရာဇဝတ်မှုဆိုင်ရာ အထောက်အထားများကို မရည်ရွယ်ဘဲ ဖျက်ဆီးပစ်ရာရောက်နိုင်သည်ဟု ဆရာဝန်များသမဂ္ဂ၏ အကြီးအကဲဒေါက်တာ အက်ရှားအဗ္ဗဒူလာအက်ရှားက ပြောကြားခဲ့သည်။

ယင်း “အပျော်တမ်းဆန်သော” သင်္ဂြိုဟ်ပုံများသည် “အမှန်တရားကို မြှုပ်နှံပစ်နိုင်သည်” ဟုဆိုကာ လူများ သေဆုံးသွားပုံ သဲလွန်စများကို ဖျက်ပစ်နိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။

အလောင်းများကို မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ပြီး အချိန်နှင့်တစ်ပြေးညီ ဂုဏ်သိက္ခာရှိရှိသချႋုင်းများတွင် မြှုပ်နှံသင့်သည်ဟု ဒေါက်တာအက်ရှားက ပြောကြားခဲ့သည်။

လူများအား သင်္ဂြိုဟ်ခြင်းလုပ်ငန်းစဉ်ကို ကျန်းမာရေးအာဏာပိုင်များ၊ ကြက်ခြေနီနှင့် ဆူဒန်လခြမ်းနီအဖွဲ့တို့အတွက် ထားခဲ့သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“လူသေတွေကို သင်္ဂြိုဟ်တဲ့နည်းက တရားမျှတမှု မရှိပါဘူး။ သင်္ဂြိုဟ်တဲ့လုပ်ငန်းစဉ်မှာ တရားဝင် အစိုးရကိုယ်စားလှယ်တွေ၊ တရားစွဲဆိုမှု‌၊ မှုခင်းဆိုင်ရာကျွမ်းကျင်သူတွေနဲ့ ကြက်ခြေနီအဖွဲ့တွေ ရှိနေသင့်ပါတယ်။ DNA နမူနာတွေ ယူဖို့လည်း အရေးကြီးပါတယ်” ဟု သူက ဆိုသည်။

“ကျန်းမာရေးစနစ်နဲ့ တရားဥပဒေစိုးမိုးမှု ပြိုလဲနေတဲ့တိုင်းပြည်မှာ ဒီကျင့်ထုံးတွေကို လိုက်နာနိုင်မယ်လို့ ဘာကြောင့်ယုံကြည်ရသလဲ” ဟု မေးမြန်းသည့်အခါ သူက “နိုင်ငံခြား တိုင်းပြည်တွေအနေနဲ့ အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်သင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

အိုမာနှင့် ဟာမစ်၊ စေတနာ့ဝန်ထမ်းနှစ်ဦးစလုံးက ၎င်းတို့အား မသင်္ဂြိုဟ်မီသေဆုံးသူများ၏ မျက်နှာနှင့် ရုပ်အလောင်းများကို ဓာတ်ပုံရိုက်ယူထားပြီး အနာဂတ်တွင် ဖော်ထုတ်နိုင်စေရန် အထောက်အကူဖြစ်စေသည်ဟု ဆိုသည်။

သို့သော် မလုံခြုံသော မြှုပ်နှံမှုများသည် ရောဂါပြန့်ပွားမှုကိုလည်း ဖြစ်စေနိုင်ကြောင်း ဒေါက်တာအက်ရှားက သတိပေးခဲ့သည်။

“သေဆုံးသူတွေကို ခပ်တိမ်တိမ်အဆင့်မှာ မြှုပ်နှံတာက ခွေးလေခွေးလွင့်တွေက သချႋုင်းတွေကို တူးဖော်နိုင်ခြေပိုများတယ်။ အလောင်းမပေါ်လာအောင် အုတ်ခဲတွေ ဒါမှမဟုတ် လေးလံမာကျောတဲ့ အရာဝတ္ထုတွေကို သချႋုင်းမှာ ထားဖို့လိုတဲ့အတွက် မှန်ကန်တဲ့သင်္ဂြိုလ်နည်းကို ဒီနေရာမှာ မသုံးကြပါဘူး။” ဟု ၎င်းက BBC ကို ပြောကြားခဲ့သည်။

သို့သော် ဆူဒန်လူမျိုးအများစုသည် အလောင်းများကို “မြေအောက် အနည်းဆုံးတစ်မီတာ” တွင် နေရာချထားသည့် သချႋုင်းတွင်းကို တူးရန် သင့်လျော်သောနည်းလမ်းကို သိရှိကြောင်း ဟာမစ်က ပြောကြားခဲ့သည်။

အလောင်းများ သင်္ဂြိုဟ်ရန် စည်းရုံးလှုပ်ရှားမှုအချို့ကိုလည်း လုပ်ဆောင်လျက်ရှိသည်။

အာမက်ဟု ခေါ်သော အမျိုးသားတစ်ဦးသည် အလောင်းများကို လမ်းမများပေါ်မှ ရှင်းထုတ်ရန်အတွက် ကြက်ခြေနီအဖွဲ့တွင် စေတနာ့ဝန်ထမ်း လုပ်ကိုင်နေသည်။

“ကျွန်တော်က မျက်နှာနဲ့ ခန္ဓာကိုယ်ကို ဓာတ်ပုံရိုက်ပါတယ်။ အလောင်းအသစ်ဖြစ်ရင် ဒါမှမဟုတ် ဆွေးမြည့်နေတယ်ဆိုရင် မှတ်တမ်းတင်ပြီး နံပါတ်ပေးလိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။

၎င်းတို့သည် အနာဂတ်တွင် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်သတ်မှတ်ရန်အတွက် လူသေတိုင်းအတွက် ဖိုင်တစ်ခုကို သိမ်းဆည်းထားသည်ဟု ၎င်းက ပြောကြားခဲ့သည်။

ဒေါက်တာအက်ရှား၏ ဝေဖန်မှုများကြားမှာပင် ပြည်သူ့ကျန်းမာရေးအခြေခံအဆောက်အအုံ ပြိုလဲသွားမှုကြောင့် လူများအနေဖြင့် ရွေးချယ်စရာမရှိဟု ခံစားနေရသည်။

မေလ ၁၁ ရက်တွင် ဆူဒန်အမျိုးသမီးဆရာဝန်နှစ်ဦးဖြစ်သော မက်ဒိုလင်နှင့် မက်ဒါယူဆက်ဂါလီတို့ကို ၎င်းတို့၏ ဥယျာဉ်၌ သင်္ဂြိုဟ်ခြင်းအား ပြသသည့် ဗီဒီယိုများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။

အမည်မဖော်လိုသည့် ၎င်းတို့၏အစ်ကိုဖြစ်သူက ၎င်း၏ညီအစ်မနှစ်ဦးကို အိမ်တွင် သင်္ဂြိုဟ်ခြင်းသည် “တစ်ခုတည်းသော ဖြေရှင်းနည်း” ဟု ဗီဒီယိုခေါ်ဆိုမှုတစ်ခုတွင် BBC သို့ ပြောကြားခဲ့သည်။

“သူတို့ကို သင်္ဂြိုဟ်ခြင်းမပြုဘဲ ၁၂ ရက်နီးပါး ထားခဲ့တယ်”ဟု အစ်ကိုဖြစ်သူက မျက်ရည်များဝဲကာ ပြောပြသည်။

“အိမ်နီးနားချင်းတွေက အိမ်က အနံ့ဆိုးထွက်တာကို သတင်းပို့တဲ့အတွက် လူတွေက ဥယျာဉ်မှာရှိတဲ့ သချႋုင်းတစ်ခုထဲ မြှုပ်နှံဖို့ စေတနာ့ဝန်ထမ်းလုပ်ခဲ့ကြတယ်” ဟု ဆိုသည်။

ကျန်းမာရေးအာဏာပိုင်များသည် ကြက်ခြေနီနှင့် ဆူဒန်လခြမ်းနီအဖွဲ့တို့နှင့်အတူ အလောင်းများကို သုသာန်သို့ ရွှေ့ပြောင်းပေးလျက်ရှိသည်။ သို့သော် တိုက်ပွဲများက မြှုပ်နှံရေးအဖွဲ့များ ရောက်ရှိလာမှုကို အဟန့်အတား ဖြစ်စေသည်။

လူတို့သည် အသက်ရှင်သန်ရန်နှင့် ၎င်းတို့၏ သေဆုံးသူများကို ဂုဏ်သိက္ခာရှိစွာ မြှုပ်နှံရန် ကြိုးစားကြချိန်တွင် စစ်ရာဇဝတ်မှုဖြင့် ခုံရုံးတင်ရန်အတွေးကို များပြားလှသော အကြမ်းဖက်မှုများနှင့် ဆုံးရှုံးမှုများအကြား ဝေးလံခေါင်သီလှသော ဖြစ်နိုင်ခြေတစ်ခုပမာ ခံစားရသည်။

ဖော်ပြပါမောင်နှမများ၏ ဇာတ်လမ်းက လူများနေ့စဉ်ကြုံတွေ့နေရသည့် ထိတ်လန့်မှုကို ဖမ်းစားထားသည်။

“ကျွန်တော့်ညီမတွေကို သူတို့ရဲ့ဥယျာဉ်ထဲက တွင်းတစ်တွင်းမှာ မြှုပ်နှံထားပါတယ်။ အဲဒါက သူတို့ရဲ့ အဆုံးသတ်ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး” ဟု သူ တို့၏ အစ်ကိုဖြစ်သူက ဆိုလေသည်။

Ref:BBC