အမေရိကန်-တရုတ်အားပြိုင်မှုနှင့် ထိုင်ဝမ် ရွေးကောက်ပွဲ

အမေရိကန်-တရုတ်အားပြိုင်မှုနှင့် ထိုင်ဝမ် ရွေးကောက်ပွဲ
Photo: Reuters
Photo: Reuters
Published 7 June 2023
TRANSLATED - ရာဇ

အရှေ့တောင်အာရှနိုင်ငံအချို့တွင် မကြာမီကာလအတွင်း ရွေးကောက်ပွဲများပြုလုပ်တော့မည်ဖြစ်သည်။ ဥပမာအားဖြင့် အင်ဒိုနီးရှားတွင် အထွေထွေရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင်ကျင်းပ မည်ဖြစ်ပြီး ကမ္ဘောဒီးယားသည် ယခုနှစ်ဇူလိုင်တွင် ၎င်း၏အထွေထွေရွေးကောက်ပွဲကိုကျင်းပမည်ဖြစ်ကာ စင်ကာပူသမ္မတရွေး ကောက်ပွဲကို စက်တင်ဘာ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ယင်းရွေးကောက်ပွဲများ သည် အရေးကြီးပြီး အနီးကပ်စောင့်ကြည့်ရမည်ဖြစ်သည်။

ထို့ပြင် အရှေ့တောင်အာရှပြင်ပရှိ ထိုင်ဝမ်တွင်လည်း သမ္မတရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် ကျင်းပရန်စီစဉ်ထားသည်။ ယင်းရွေးကောက်ပွဲရလဒ်သည် အမေရိကန်-တရုတ် ဆက်ဆံရေးနှင့် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအလားအလာများအပေါ် သက်ရောက်မှု ရှိမည်ဖြစ်သည်။

ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP)မှ ဝီလျံလိုင်(လိုင်ချင်တီ)၊ ကူမင်တန်ပါတီ (KMT)မှ ဟူယူအီနှင့် ထိုင်ဝမ်ပြည်သူ့ပါတီ (TPP)မှ ကိုဝမ်ကျီတို့သည် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအဖြစ် တရားဝင်ကြေညာထားပြီး မဲဆွယ်စည်းရုံးမှုများကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

ထို့ပြင် ထိုင်ဝမ်တွင် ပါလီမန်ရွေးကောက်ပွဲကိုလည်း ပြုလုပ်မည်ဖြစ်သည်။ မကြာသေးမီက ရွေးကောက်ပွဲအကြို လူထုသဘောထားကောက်ယူမှု စစ်တမ်းများအရ လိုင်သည် ဟူထက် အနည်းငယ်အသာစီးရနေပြီး ကိုသည် တတိယနေရာတွင် ရှိနေသည်။

မည်သို့ပင်ဆိုစေ ပါလီမန်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် DPP ပါတီ အတွက် မျှော်မှန်းချက်မှာ အကောင်းမြင်မှု နည်းပါးနေပုံရပြီး DPP သည် ၂၀၁၆ ခုနှစ်ကတည်းက လွှတ်တော်တွင် နေရာအများစုဖြင့် လွှမ်းမိုးထားသည့် ၎င်း၏အနေအထားကို ဆက်လက်ထိန်းသိမ်းထားရန် ခက်ခဲလိမ့်မည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။

အကယ်၍ လိုင်သည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရပြီး ၎င်း၏ပါတီသည် လွှတ်တော်တွင် လူနည်းစုသာ ရရှိခဲ့မည်ဆိုပါက ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အတွင်း သမ္မတချန်ရွှီဗြန်းအစိုးရအဖွဲ့လက်ထက်က DPP ပါတီ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများဖြစ်သည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် စိန်ခေါ်မှုများ၊ ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးတင်းမာမှုများနှင့် စစ်အသုံးစရိတ်တိုးမြှင့်ရေးတွင် အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ယင်းအချိန်ကာလက DPP အစိုးရအဖွဲ့သည် ဒီဇယ်လျှပ်စစ် ရေငုပ်သင်္ဘောရှစ်စင်းကို ဝယ်ယူရန် အမေရိကန်၏ ခွင့်ပြုချက် ရရှိခဲ့သည်။ သို့သော် ပါလီမန်တွင် KMT ပါတီက နေရာအများစုဖြင့် လွှမ်းမိုးထားသဖြင့် ရေငုပ် သင်္ဘောများဝယ်ယူရေးအတွက် ဘတ်ဂျက်မရရှိခဲ့ပေ။ ထို့ကြောင့် ထိုင်ဝမ်လွှတ်တော်၏ ဖွဲ့စည်းမှုကိုလည်း စောင့်ကြည့်ရမည် ဖြစ်သည်။

ထိုင်ဝမ်၏ မဟာဗျူဟာမြောက် တည်နေရာနှင့် အမေရိကန်နှင့် တရုတ်အကြား အဓိကကျသော အနေအထားကြောင့် ထိုင်ဝမ်၏ ၂၀၂၄ ရွေးကောက်ပွဲရလဒ်သည် ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေးနှင့် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုနှစ်ခုလုံးအတွက် သက်ရောက်မှုရှိမည်ဖြစ်သည်။

ဥပမာအားဖြင့် လိုင်သည် ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေးအတွက် လက်ရှိသမ္မတ ဆန်အင်ဝမ်၏ ပိုနေမြဲ၊ ကျားနေမြဲ အခြေအနေကို ထိန်းသိမ်းသည့်ချဉ်းကပ်မှုကို ဆက်လက်လုပ်ဆောင်ရန် ကတိကဝတ်ပြုမှုအပြင် အမေရိကန်-ထိုင်ဝမ် ဆက်ဆံရေးအားကောင်းလာစေရန်နှင့် ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေစီနိုင်ငံများနှင့် ဆက်ဆံရေး မြှင့်တင်ရန် ကြိုးပမ်းမှုများကို အလေးထား ပြောဆိုခဲ့သည်။

ထို့ပြင် လိုင်သည် ထိုင်ဝမ်၏ မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်စွမ်းမြှင့်တင်ရန် ရည်ရွယ်ချက်ကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပြီး စစ်မှန်သောငြိမ်းချမ်းရေးသည် မိမိကိုယ်ကိုယ် ခုခံနိုင်သည့်အင်အားရှိသူမှသာလျှင် ရရှိနိုင်ကြောင်း အလေးပေးပြောကြားခဲ့သည်။

လိုင်သည် လက်ရှိအနေအထားကို ထိန်းသိမ်းရန် ထပ်ခါတလဲလဲ အခိုင်အမာပြောဆို နေသော်လည်း တရုတ်သည် လိုင်၏ သမ္မတသက်တမ်းအတွင်း ထိုင်ဝမ်အပေါ်ထားရှိသည့် ၎င်း၏ မူဝါဒကို ဆက်လက်ထိန်းသိမ်းထားဖွယ်ရှိသည်။

အခြား ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့်ဟူသည် အစဉ်အလာအရ တရုတ်နှင့် ချစ်ကြည်ရင်းနှီးသော KMT ပါတီကို ကိုယ်စားပြုသောကြောင့် တရုတ်အစိုးရ၏ အပြုသဘောဆောင်သော တုံ့ပြန်မှုကို ပိုမို ရရှိဖွယ်ရှိသည်။ သို့သော်လည်း ၎င်း၏ နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေး အစီအစဉ်ကို တိတိကျကျ ချမပြနိုင်သေးပေ။

ထို့ပြင် ဟူသည် တရုတ်၏ “တစ်နိုင်ငံ၊ စနစ်နှစ်ခု” မူဝါဒနှင့် ထိုင်ဝမ်၏ လွတ်လပ်ရေးနှစ်ခုလုံးကို လူသိထင်ရှား ငြင်းပယ်ခဲ့ပြီး ထိုင်ဝမ်ရေလက်ကြား၏ နှစ်ဘက်စလုံးတွင်ရှိသည့် နယ်မြေများကို တရုတ်တစ်နိုင်ငံတည်း ကသာ ပိုင်ဆိုင်ကြောင်း ကြေညာခဲ့သည့် တရုတ်သမ္မတဟောင်း မာရင်ကျိုး၏ ၁၉၉၂ ခုနှစ် အများသဘောဆန္ဒ ကောက်ယူချက် ရလဒ်ကိုလည်း မှတ်ချက်မပေးရသေးပေ။

ဟူ၏ သမ္မတသက်တမ်းတွင် ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေး အခြေအနေသည် ၁၉၉၂ ခုနှစ် သဘောဆန္ဒကို လက်ခံမည့် သို့မဟုတ် ငြင်းပယ်မည့် ၎င်း၏ဆုံးဖြတ် ချက်အပေါ်တွင်သာ မူတည်နေမည်ဖြစ် သည်။

အမေရိကန်အနေနှင့်လည်း ၎င်းအပေါ် အယုံအကြည်ကင်းမဲ့ပြီး သံသယများရှိနေသည့် ကူမင်တန်ပါတီ၏ သဘောထားကြောင့် ကာကွယ်ရေးစွမ်းဆောင်ရည်များ မြှင့်တင်မှုတွင် ဟူ၏ သဘောဆန္ဒနှင့်ပတ်သက်ပြီး မေးခွန်းများရှိနေမည်ဖြစ်သည်။

ကိုသည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိရန် အခွင့်အလမ်းနည်းပါးနေပုံပေါ် သော်လည်း ၎င်း၏ပါတီသည် ပါလီမန်တွင် တတိယအကြီးဆုံးပါတီဖြစ်နေသည့် အနေအထားကို ဆက်လက်ထိန်းသိမ်းထားဖွယ်ရှိသည်။ DPP နှင့် KMT သည် ပါလီမန်တွင် နေရာအများစုကို ရရှိခဲ့ခြင်းမရှိပါက ၎င်း၏ပါတီသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်သည်။

၂၀၁၄ မှ ၂၀၂၂ ခုနှစ်အတွင်း တိုင်ပေမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်သက်တမ်းတစ်လျှောက်  ကို၏ ထင်သာမြင်သာရှိသည့် မူဝါဒဆိုင်ရာအပြောင်းအလဲများကို မြင်တွေ့ခဲ့ရသည်။

အစပိုင်းတွင် သူသည် ၂၀၁၄ ခုနှစ်တွင် ပထမဆုံးအကြိမ်မြို့တော်ဝန်အဖြစ် ရွေးကောက်ခံခဲ့ရချိန်က ၎င်းအား ပံ့ပိုးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် DPP ပါတီနှင့် လိုက်လျောညီထွေရှိခဲ့သည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့် အမျှကိုသည် KMT ပါတီထောက်ခံသူများကို ပိုမိုဆွဲဆောင်နိုင်သောမူဝါဒများကို လက်ခံကျင့်သုံးခဲ့သည်။

ယင်းကဲ့သို့ သဘောထားပြောင်းလဲမှုများသည် ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေးနှင့် ထိုင်ဝမ်၏ နိုင်ငံခြားရေးမူဝါဒအပေါ်ထားရှိသည့် ၎င်း၏ လက်ရှိအမြင်ကို သိသာထင်ရှားစေရှိသည်။

သူသည် DPP ပါတီကို စစ်လိုလားသူအဖြစ် တံဆိပ်ကပ်ထားပြီး DPP သည် ထိုင်ဝမ်တွင် တရုတ်နှင့်ပေါင်းစည်းရေး-လွတ်လပ်ရေးကိစ္စကို ကြိုးကိုင်ခြယ်လှယ်ပြီး နိုင်ငံရေးကစားနေသည်ဟု စွပ်စွဲခဲ့သည်။ တစ်ချိန်တည်းမှာပင် KMT ၏ လူထုထောက်ခံမှုအားနည်းသည့် ရေလက်ကြားဖြတ်ကျော်ချဉ်းကပ် မှုအား မကျေနပ်သော မဲဆန္ဒရှင်များအား ဆွဲဆောင်ရန် ရည်ရွယ်ချက်ဖြင့် KMT သည် တရုတ်နိုင်ငံအပေါ် လိုက်လျောညီထွေ ရှိလွန်းသည်ဟု ဝေဖန်ခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)အဖွဲ့ဝင် ၁၀ နိုင်ငံစလုံးသည် ၎င်းတို့၏ “တရုတ်တစ်နိုင်ငံတည်း” မူဝါဒများကို လေးစားလိုက်နာကြသော်လည်း ထိုင်ဝမ်အရေးပေါ်အခြေအနေသည် လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ အရေးကိစ္စတစ်ခုအဖြစ် လျင်မြန်စွာ ဖြစ်လာနိုင်သည်။

ယင်းအခြေအနေတွင် ထိုင်ဝမ်ရှိ ၎င်းတို့၏နိုင်ငံသားများကို မည်ကဲ့သို့ ဘေးကင်းကင်းနှင့် လျင်မြန်စွာ ပြောင်းရွှေ့ပေးနိုင်မည်ဆိုသည့်အချက်သည် အာဆီယံနိုင်ငံများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင် ရာ အရေးကိစ္စတစ်ခု ဖြစ်လာနိုင်သည်။

ယင်းသည် အရှေ့တောင်အာရှနိုင်ငံများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးစွမ်းရည်များ ကွဲပြားခြင်းကြောင့် ပိုမိုရှုပ်ထွေးမည်ဖြစ်သည်။

ထိုင်ဝမ်အလုပ်သမားဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် ဧပြီလစာရင်းဇယားများအရ ထိုင်ဝမ်တွင် အင်ဒိုနီးရှားနိုင်ငံသား ၂၅၆,၀၀၀၊ ဗီယက်နမ်နိုင်ငံသား ၂၅၇,၀၀၀ နှင့် ဖိလစ်ပိုင်နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၁၅၄,၀၀၀ ခန့် ရှိကြောင်း သိရသည်။

ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာဖြစ်ပွားလာမည်ဆိုပါက ဒေသတွင်း နိုင်ငံများသည် အမေရိကန်၏ အကူအညီကို  တောင်းခံရေးနှင့် ကြားနေအဖြစ်ရပ်တည်ရန် ဖိအားပေးမည့် တရုတ်အကြား သတိကြီးစွာ လျှောက်လှမ်းရမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ထိုင်ဝမ်၏ ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများက မှတ်ချက်ပေးခြင်း မရှိသော်လည်း အမေရိကန်-တရုတ်ဆက်ဆံရေးနှင့် ဒေသတွင်းလုံခြုံရေးအပေါ် ယင်း ရွေးကောက်ပွဲ၏ သက်ရောက်မှုများနှင့် ပတ်သက်ပြီး အာဆီယံနိုင်ငံများအနေဖြင့် ၎င်းတို့၏ တုံ့ပြန်မှုကို ဆုံးဖြတ်ရမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အာဆီယံနိုင်ငံများသည် ဒေသတွင်း ပွင့်လင်းမှုရှိပြီး အလုံးစုံပါဝင်မှုရှိသည့် အခြေအနေကို ဆက်လက်တည်ရှိနေစေရန်နှင့် တစ်ချိန်က ဦးစားပေးအဆင့်တွင် အရေးမကြီးသည့်အရေးကိစ္စ အဖြစ် သတ်မှတ်ခံထားရသည့် ထိုင်ဝမ်အရေးတွင် ဆက်လက်ပါဝင်နေရမည်ဖြစ်သည်။

Ref: CNA