နောက်လိုက်အမျိုးအစားများ (Types of Followers)

နောက်လိုက်အမျိုးအစားများ (Types of Followers)
Published 4 June 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

ယခုဆောင်းပါးတွင် တင်ပြမည့် သတင်းအချက်အလက်များသည် မြန်မာနိုင်ငံက ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်/ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေးစနစ်များနှင့် မည်သို့မျှ ဆက်စပ်ပတ်သက်ခြင်း မရှိကြောင်း ဦးစွာတင်ပြအပ်ပါသည်။ တစ်နည်းအားဖြင့် ယခုတင်ပြချက်များသည် မြန်မာနိုင်ငံ၏ အခြေအနေများနှင့် ဆက်စပ်ပတ်သက်ခြင်း လုံးဝမရှိပါ ကြောင်း ဦးစွာရှင်းလင်းတင်ပြအပ်ပါသည်။

ယနေ့အချိန် ရေးသားထုတ်ဝေလျက်ရှိကြသည့် စာအုပ်၊ စာပေ၊ စာစောင်များတွင် စာဖတ်သူများအနေဖြင့် အများဆုံးတွေ့မြင်ကြရသည့် အခြေအနေမှာ နောက်လိုက်နှင့် ပတ်သက်သည့် အကြောင်းအရာများထက် ခေါင်းဆောင်နှင့်ပတ်သက်သည့် အကြောင်းအရာများကိုသာ အမြောက်အမြားတွေ့မြင်ကြရ လျက်ရှိနေပါသည်။ ခေါင်းဆောင် အကြောင်းအရာနှင့်ပတ်သက်ပြီး ခေါင်းဆောင်၏အရည်အချင်းများ၊ ခေါင်းဆောင်တစ်ဦးတွင် ရှိသင့် ရှိထိုက်သည့် စိတ်နေသဘောထားများ၊ ခေါင်းဆောင်မှု၊ ခေါင်းဆောင်ခြင်းပညာရပ်များ စသည်ဖြင့် အကြောင်းအရာအမျိုးအစားပေါင်း မြောက်မြားစွာကို စာအုပ်၊ စာပေ၊ စာစောင် စျေးကွက်များအတွင်း သိသာထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။

သို့သော်လည်း ခေါင်းဆောင်နှင့်အတူတွဲလျက် အရေးကြီးသည့် နောက်လိုက်များနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရေးသားတင်ပြခြင်း အလွန်နည်းပါးလျက်ရှိသည်မှာ အဘယ်ကဲ့သို့သော အခြေအနေအကြောင်းများကြောင့် ဖြစ်နိုင်ပါသလဲဆိုသည့်မေးခွန်း ဖြစ်ထွန်း ပေါ်ပေါက်လာစေခဲ့ပါသည်။

အဆိုပါမေးခွန်း၏အဖြေကို ယခုကဲ့သို့သော ဆောင်းပါးအဆင့်နှင့် အပြည့်အစုံ ရှင်းလင်းဖြေကြားရန် မဖြစ်နိုင်ပါ။

ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများတွင်သော်လည်းကောင်း၊ ဖွဲ့စည်းတည်ဆောက်ပုံစနစ် ယန္တရားများ၊  ဌာန/အဖွဲ့ အစည်းများအတွင်းတွင်သော်လည်းကောင်း ခေါင်းဆောင်နှင့် နောက်လိုက်ကို အရေအတွက်အားဖြင့် နှိုင်းယှဉ်ပါက မည်သည်က ပိုမိုများပြားလျက်ရှိနေသည် ဆိုသည့်အချက်မှာ အသေးစိတ် ရှင်းလင်းတင်ပြရန်ပင် လိုအပ်မည်မဟုတ်ဟု ထင်မြင်ပါသည်။

ထို့ကြောင့် စာရေးသူသည် တိုင်းပြည်တည်ဆောက်ခြင်း၊ နိုင်ငံတော်တည်ဆောက်ခြင်းနှင့် ပြည်သူပြည်သားနိုင်ငံသားများ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ ရပ်တည်နိုင်စေရေးအလို့ငှာ ခေါင်းဆောင်၏အခန်းကဏ္ဍနှင့် နောက်လိုက်တို့၏အခန်းကဏ္ဍ နှစ်ပိုင်းတည်ရှိရာတွင် နောက်လိုက်များ၏အရေးပါပုံကို စာရေးသူ သိမြင်ကြားသိရသည်များ၊ လေ့လာတွေ့ရှိချက်များနှင့် လက်လှမ်းမီရရှိနိုင်သည့် စာအုပ်၊ စာပေ၊ စာစောင်များတွင် တွေ့ရှိရသည့် သတင်းအချက်အလက်များကို အခြေခံကာ လေ့လာဆန်းစစ်ရှင်းလင်းတင်ပြမည်ဖြစ်ပါသည်။

စာရေးသူသည် ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ထုတ်ဝေသည့် Weekly ELEVEN News, No. 12, Vol. 17 တွင် “နိုင်ငံရေးစနစ်နှင့် နိုင်ငံရေးခေါင်းဆောင်”ဖြင့် ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။ စာဖတ်သူများအနေဖြင့် ယခု ဆောင်းပါးဖြင့် တွဲဖက်လေ့လာရန် အကြံပြု တင်ပြအပ်ပါသည်။ ရေးသားတင်ပြခဲ့သည့် ဆောင်းပါးတွင် ပါဝင်သည့် သတင်းအချက်အလက်အချို့ကို အခြေခံကာ ပြန်လည်ရှင်းလင်းတင်ပြရပါလျှင် - ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများက ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေးစနစ်များကို အခြေခံအားဖြင့် ခွဲခြမ်းစိတ်ဖြာ ကြည့်ပါလျှင် အာဏာရှင်စနစ် (Autocracy)၊ ဒီမိုကရေစီစနစ် (Democracy) နှင့် လေဆယ်ဖဲ(လ်) (Laissez-Faire) ဟူ၍ သုံးမျိုးကို တွေ့ရှိရမည်ဖြစ်ပါသည်။ ဖော်ပြပါ စနစ်သုံးမျိုးအပေါ်တွင် အခြေခံကာ ခေါင်းဆောင်၏ အခန်းကဏ္ဍနှင့် နောက်လိုက်တို့၏ အခန်းကဏ္ဍ အရေးကြီးပုံမှာလည်း ကွဲပြားခြား နားသွားမည် ဖြစ်ပါသည်။

အကျဉ်းအားဖြင့် တင်ပြရပါ လျှင် အာဏာရှင်စနစ် (Autocracy) ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ပါက အာဏာရှင်စနစ် ၏ သဘောသဘာဝအရ တိုင်းပြည် နိုင်ငံတော်၏ အစစအရာရာ ကိစ္စ ရပ် အားလုံးတို့ကို အာဏာရှင်ကြီး များ၏လက်ထဲတွင် ဝကွက်ပြီးအပ်ထားကြရခြင်းဖြစ်ပါသည်။ သို့သော်လည်း အာဏာရှင် ဟစ်တလာလက်ထက်တွင် လူသန်းပေါင်းများစွာကို လက်တွေ့သတ်ဖြတ်ခဲ့ကြသည်မှာ အာဏာရှင်ဟစ်တလာ၏ နောက်လိုက်များ ဖြစ်ကြသည်ကိုမူ သတိပြုကြစေလိုပါသည်။

ဒီမိုကရေစီစနစ် (Democracy) ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ပါက ဒီမိုကရေစီစနစ်၏ သဘောသဘာဝအရ နိုင်ငံရေးခေါင်းဆောင်ကြီးများ၏ အခန်းကဏ္ဍအဖြစ် တည်နေရာမှာ ထက်ဝက်ခန့်သာ ပါဝင်ဆောင်ရွက်ရန် လိုအပ်ပြီး အဖွဲ့အစည်းများနှင့် ဖွဲ့စည်းတည်ဆောက်ပုံစနစ် ယန္တရားများ (Institutions) ခိုင်မာအား ကောင်းစေရန် တည်ဆောက်ထားခြင်းမှာ ထက်ဝက်ခန့်လိုအပ်ပါသည်။ ဆိုလိုသည်မှာ ခေါင်းဆောင်၏ အခန်းကဏ္ဍနှင့် နောက်လိုက်များ၏ အခန်းကဏ္ဍသည် ထက်ဝက်စီခန့် အရေးကြီးသည့် အခြေအနေဖြစ်ပါသည်။

လေဆယ်ဖဲ (လ်) (Laissez-Faire) ကို ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ပါက လေဆယ်ဖဲ (လ်) (Laissez-Faire) ၏ သဘောသဘာဝအရ နိုင်ငံရေးခေါင်းဆောင်ကြီးများ၏ အခန်း ကဏ္ဍတည်နေရာမှာ အနည်းငယ်သာ ပါဝင် ဆောင်ရွက်ရန် လိုအပ်ပြီး အဖွဲ့အစည်းများနှင့် ဖွဲ့စည်းတည် ဆောက်ပုံစနစ် ယန္တရားများ (Institutions) ခိုင်မာအားကောင်းစေရန် မဖြစ်မနေ တည်ဆောက်ထားနိုင်ရမည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ခေါင်းဆောင်၏အခန်းကဏ္ဍသည် အနည်းငယ်သာ တည်ရှိပြီး နောက်လိုက်များ၏ အခန်းကဏ္ဍသည်သာ အဓိကအရေးကြီးသည့် အခြေအနေဖြစ်ပါသည်။

ဤတွင် နိုင်ငံရေးစနစ်တစ်ရပ်ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး စာရေးသူ လေ့လာတွေ့ရှိသိမြင်ရသည့် အချက်အချို့ကို ရှင်းလင်းတင်ပြပါမည်။ စာရေးသူ၏အမြင်အရ အထက်တွင်တင်ပြခဲ့သည့် နိုင်ငံရေးစနစ်သုံးမျိုးသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်ကျင့်သုံးရန် မဖြစ်နိုင်သည့် အခြေအနေဖြစ်ပါသည်။

ဥပမာအားဖြင့် အာဏာရှင်စနစ်ကို ကျင့်သုံးလျှင် ဒီမိုကရေစီစနစ်နှင့် လေဆယ်ဖဲ (လ်) စနစ်ကို ကျင့်သုံးရန်မဖြစ်နိုင်ပါ။ ထိုနည်းတူစွာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျှင် အာဏာရှင်စနစ်၊ လေဆယ်ဖဲ (လ်) စနစ်တို့ကို သုံးစွဲရန် မဖြစ်နိုင်သကဲ့ သို့ လေဆယ်ဖဲ (လ်) စနစ်ကို ကျင့်သုံးလျှင်လည်း အာဏာရှင်စနစ်နှင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် မဖြစ်နိုင်ပါ။ သို့သော်လည်း ဒီမိုကရေစီစနစ်နှင့် လေဆယ်ဖဲ  (လ်) စနစ်နှစ်ခုအတွက်မူ အချို့သောနေရာများတွင် အနည်းငယ် တွဲဖက်အသုံးပြုနိုင်သည့် အခြေအနေများ တည်ရှိနေသည်ကို လေ့လာတွေ့ရှိရပါ သည်။

အာဏာရှင်စနစ်ကို ကျင့်သုံးလျှင် အာဏာရှင်စနစ်နှင့် ကိုက်ညီသည့် ကျင့်စဉ်ကျင့်ထုံးများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျှင် ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသည့် ကျင့်စဉ်ကျင့်ထုံးများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။ ရောထွေး ကျင့်သုံးရန် မဖြစ်နိုင်သည်ကို အသေအချာ နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ အကယ်၍ ရောထွေးကျင့်သုံးမိပါက ပြည်သူ ပြည်သားနိုင်ငံသားများ၏ အသက်ပေါင်း မြောက်မြားစွာ သေကျေပျက်စီးစေနိုင်သည်ကိုလည်း ကြိုတင် သိမြင်ရမည်ဖြစ်ပါသည်။

ရောထွေးကျင့်သုံးရန် မဖြစ်နိုင်သည့် ထင်ရှားသောအကြောင်းအရာနှစ်ခုကို စာဖတ်သူများအား ဝေမျှပါမည်။ ပထမအကြောင်းအရာမှာ “စစ်ရေးပြအခမ်းအနား” ကျင်းပသည့်အခြေအနေ ဖြစ်ပါသည်။ စာဖတ်သူများ တွေ့မြင်မည်ဟု ယူဆပါသည်။ ကမ္ဘာပေါ်တွင်ရှိ ဒီမိုကရေစီစနစ်ကို ကျင့်သုံးအကောင်အထည်ဖော်လျက်ရှိကြသည့် နိုင်ငံအများစုတွင် အလွန်ဆုံး “ဂုဏ်ပြု-စစ်ရေးပြအခမ်းအနား” ကိုသာလျှင် ဆင်ယင်ကျင်းပလေ့ရှိပြီး စစ်အင်အားကို ပြသသည့် “စစ်ရေးပြအခမ်းအနား” အမျိုးအစားကို ကျင်းပလေ့မရှိကြပါ။

သို့သော်လည်း အာဏာရှင်စနစ်ကို ကျင့်သုံးလျက်ရှိသည့် နိုင်ငံများတွင်မူ အာဏာကိုသာ အခြေပြုရသဖြင့် စစ်ရေးအင်အားကို ပြသလိုသည့် စိတ်ရင်းအစစ်အမှန်ဖြစ်သဖြင့် “စစ်အင်အားပြ-စစ်ရေးပြ အခမ်းအနားများ” အမျိုးအစားများကိုသာ ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိကြပါသည်။ စာဖတ်သူများလည်း ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများကို လေ့လာကြည့်ကြပါရန် တိုက်တွန်းအပ်ပါသည်။

ဒုတိယအကြောင်းအရာမှာ နိုင်ငံခြားသားပညာရှင်မိတ်ဆွေက စာရေးသူအား ရှင်းလင်းတင်ပြခဲ့သည့် အချက်ဖြစ်ပါသည်။ အကြောင်းအရာမှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။ အာဏာရှင်စနစ်ကို ကျင့်သုံးအကောင်အထည် ဖော်ဆောင်ရွက်မည်ဟု ဆုံးဖြတ်သတ်မှတ်ထားသည့် တိုင်းပြည်နိုင်ငံ ဖြစ်ပါက ထည့်သွင်းစဉ်းစားရန် မလိုအပ်ပါသော်လည်း ဒီမိုကရေစီစနစ်ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ဆုံးဖြတ်သတ်မှတ်ထားသည့်  တိုင်းပြည်နိုင်ငံတွင် အာဏာရှင်ကဲ့သို့ ကျင့်သုံးလိုသည့် အာဏာရှင်ဖြစ်လိုသည့် လူပုဂ္ဂိုလ် ပေါ်ပေါက်လာခဲ့ပါက လုပ်ကြံသတ်ဖြတ် ရှင်းလင်းသုတ်သင်ခံရနိုင်သည်ဆိုသည့် သတင်းစကားကို ပါးနိုင်ရမည်ဟုဆိုပါသည်။

အထက်ဖော်ပြပါအယူအဆသည် ယနေ့အချိန်အခါတွင်ကျမှ ဖြစ်ထွန်းပေါ်ပေါက်လာခြင်း မဟုတ်ပါ။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၄၀ ခန့်ကတည်းက ရောမတွင် ပေါ်ပေါက်ခဲ့သည့် အယူအဆဖြစ်သဖြင့် ယခုအချိန် ၂၀၂၃ ခုနှစ်အရ ဆိုပါလျှင် စုစုပေါင်းနှစ် ၂၀၆၃ (နှစ်ပေါင်း နှစ်ထောင်ခြောက်ဆယ်ကျော်) နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါအယူအဆအကြောင်းအရာကို ဝီလီယံရှိတ်စပီးယား၏ “ဂျူးလီယက်ဆီဆာ” စာအုပ်တွင် တွေ့မြင်နိုင်ပါသည်။ (Reference : 1). စာဖတ်သူများလည်း စဉ်းစားတွေးခေါ် ကြည့်ကြပါရန် တိုက်တွန်းအပ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့်အကြောင်းရင်းမှာ တိုင်းပြည်ကို တည်ဆောက်ရာတွင်သော်လည်းကောင်း၊ နိုင်ငံကို တည်ဆောက်ရာတွင်သော်လည်းကောင်း၊ တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူ ပြည်သားနိုင်ငံသားများ စိတ်ချမ်း သာ၊ ကိုယ်ကျန်းမာစွာ အသက်ရှင် ရပ်တည်နိုင်စေရန်အတွက်သော် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ခေါင်းဆောင်၏ အခန်းကဏ္ဍနှင့် နောက် လိုက်တို့၏ အခန်းကဏ္ဍ နှစ်ပိုင်းတည်ရှိရာ နောက်လိုက်များ၏ အရေးပါပုံကို ထင်ရှားစွာ သိမြင်နိုင်စေရန်နှင့် မည်သည့် နိုင်ငံရေးစနစ်ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်သည်ဖြစ်စေ နောက်လိုက်များ၏ အခန်းကဏ္ဍအရေးပါပုံကို ပါဝင်ပတ်သက်သက်ဆိုင်သူအားလုံးတို့က သိမြင်နားလည် လက်ခံကြစေရန် ရည်ရွယ်ပါသည်။ ထို့ပြင် နိုင်ငံရေးစနစ်များအား ရောထွေးကျင့်သုံးခြင်းကို ရှောင်ရှားနိုင်ကြစေရန်နှင့် အဆင်ခြင်မဲ့ရောထွေးကျင့်သုံးစေခဲ့ပါက ပြည်သူပြည်သား နိုင်ငံသားများ၏ အသက်ပေါင်း မြောက်မြားစွာအား သေကျေပျက်စီးစေခြင်းများ ဖြစ်ပေါ်စေနိုင်သည်ဆိုသည့် အချက်ကိုလည်း သိမြင်နားလည်စေရန်ရည်ရွယ်ပါသည်။

ပထမဦးစွာ တိုင်းပြည်ကို တည်ဆောက်ရာတွင်သော်လည်းကောင်း၊ နိုင်ငံကို တည်ဆောက်ရာတွင်သော်လည်းကောင်း၊ တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သား နိုင်ငံသားများ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာ အသက်ရှင်ရပ်တည်နိုင်စေရန်အတွက်သော်လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် နောက်လိုက်တို့၏အခန်းကဏ္ဍကို တိုးတက်မြင့်မားလာစေရေးအတွက် ထည့်သွင်းစဉ်းစားသင့်သည့် ဆက်စပ်ပတ်သက်မှုအဆင့်အရ နောက်လိုက်အမျိုးအစားများနှင့် ဌာန/ အဖွဲ့အစည်းအတွင်း ပါဝင်ဆောင်ရွက်မှုအရ နောက်လိုက်အမျိုးအစားများကို (စာ - ၄ အပေါ်ပုံ) ပုံတွင် ဖော်ပြထားပါသည်။

ဆက်စပ်ပတ်သက်မှုအဆင့်အရ နောက်လိုက်အမျိုးအစားများအား အသေးစိတ် ခွဲခြမ်းစိတ်ဖြာ တင်ပြမည်ဆိုပါလျှင် သက်ဆိုင်ရာ တိုင်းပြည်နိုင်ငံက လက်ခံကျင့်သုံး လျက်ရှိသည့် နိုင်ငံရေးစနစ်များ၊ စီးပွားရေးစနစ်များ၊ လူမှုရေးစနစ်များနှင့် ယဉ်ကျေးမှု အခြေခံများ စသည်တို့နှင့်တိုက်ရိုက် ချိတ်ဆက်တင်ပြရန် လိုအပ်ပါသဖြင့် လွန်စွာ ကျယ်ပြန့်သည့် အခြေအနေဖြစ်ပါသောကြောင့် ဆောင်းပါးအဆင့်နှင့် တင်ပြရန်မဖြစ်နိုင်ပါသဖြင့် တင်ပြခြင်းမပြုတော့ပါ။

ဤတွင် သဘောတရားများနှင့် အဓိပ္ပာယ်သတ်မှတ်ချက်များအရ အတိအကျ ရည်ညွှန်းတင်ပြရမည် ဆိုပါလျှင် ဆက်စပ်ပတ်သက်မှုအဆင့်အရ နောက်လိုက်အမျိုးအစားများသည် တိုင်းပြည်တည်ဆောက်ရာတွင် အဓိကကျသည့် အစိတ်အပိုင်းများအဖြစ် ပါဝင်လျက်ရှိပြီး ဌာန/အဖွဲ့အစည်းအတွင်း ပါဝင်ဆောင်ရွက်မှုအရ နောက်လိုက်အမျိုးအစားများမှာ နိုင်ငံတော်တည်ဆောက်ရာတွင် အဓိကကျသည့် အစိတ်အပိုင်းများအဖြစ် ပါဝင်လျက်တည်ရှိနေပါသည်။

ဒုတိယအနေနှင့် ဌာန/အဖွဲ့အစည်းအတွင်း ပါဝင်ဆောင်ရွက်မှုအရ နောက်လိုက်အမျိုးအစားများကို ရှင်းလင်းတင်ပြပါမည်။ စာဖတ်သူများ အလွယ်တကူ သိမြင်နိုင်စေရန် ပုံတွင် ဖော်ပြထားပါသည်။ အမျိုးအစားအားဖြင့် အောက်ပါအတိုင်း တွေ့ရှိရမည် ဖြစ်ပါသည်။

(၁) ဖဲကြဉ်စေ၊ စိမ်းကားစေသူ (Alienated)။     ။ ဤနောက်လိုက် အမျိုးအစားသည် အခြားသူများအား အဖွဲ့အစည်း၏ အနုတ်လက္ခဏာဆောင်ခြင်း ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများကို ရှုထောင့်ပေါင်းစုံမှ ထောက်ပြပြောဆိုနိုင်သူများ ဖြစ်ကြပါသည်။

(၂) လမ်းရိုး၊ ထုံးတမ်းစဉ်လာနောက် လိုက်သူ (Conformist)။     ။ ဤ နောက်လိုက်အမျိုးအစားသည် အမြဲတမ်း “ဟုတ်ကဲ့” ဟု ပြောဆိုနေမည့်သူများ (the “Yes People”) ဖြစ်ကြပါသည်။

(၃) လက်တွေ့ အကျိုးမျှော်မှုဝါဒီ (Pragmatist)။     ။ ဤနောက်လိုက် အမျိုးအစားသည် ၎င်းတို့အစုအဖွဲ့၏ ပန်းတိုင်အပေါ်တွင် အလေးအနက်ထားသူများ မဟုတ်ကြပါ။ လက်တွေ့အကျိုးမျှော်မှုဝါဒီများသည် သာမန်မျှသာ ပြုမူဆောင်ရွက်လုပ်ကိုင်လေ ့ရှိသော်လည်း အဖွဲ့အစည်းပေါင်းမြောက်မြားစွာ၏ ပင်မအရေးကြီးသော လမ်းကြောင်းများကို ပိတ်ဆို့နိုင်သူများဖြစ်ကြပါသည်။

(၄) မတုန်မလှုပ်၊ မလှုပ်မယှက် ပြုသမျှ နုသောသူ (Passive)။     ။ ဤ နောက်လိုက်အမျိုးအစားသည် ခေါင်းဆောင်လုပ်သူ၏ တွေးခေါ် လုပ်ဆောင်မှုအပေါ်တွင် လုံးဝမှီခိုသူများဖြစ်ကြပါသည်။ မတုန်မလှုပ်၊ မလှုပ်မယှက် ပြုသမျှ နုသော နောက်လိုက်များသည် အမြဲတမ်းတိကျသောညွှန်ကြားချက်နှင့် ခိုင်းစေခြင်းကို လိုအပ်မည်ဖြစ်ပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များမှာ စိတ်အားထက်သန် တက်ကြွမှုမရှိ၊ ကိုယ်ပိုင်ဉာဏ် အရည်အချင်းနှင့် စတင်ဆောင်ရွက်နိုင်ခြင်းမရှိသကဲ့သို့ တာဝန်ယူမှု

တာဝန်ခံမှု ပြုလုပ်လိုသည့် စိတ်ဓာတ်နှင့် အသိဉာဏ်လည်း မရှိနိုင်ပါ။

(၅) စံနမူနာ၊ စံပြပုဂ္ဂိုလ် (Exemplary)။      ။ ဤနောက် လိုက်အမျိုး အစားသည် အထက်လူကြီးအတွက် ရှေ့မှ မားမားမတ်မတ် ရပ်တည် ဆောင်ရွက်ရန် လိုလားဆန္ဒရှိသူ ဖြစ်သည့်အပြ င် ခေါင်းဆောင်များ နှင့် အတူတကွ အလုပ်လုပ်သည့် အလုပ်သမားများ နှစ်မျိုးစလုံးအတွက် လွတ်လပ်စွာ ရပ်တည်နေထိုင်နိုင်စေရန်အတွက်သော်လည်းကောင်း၊ ဆန်းသစ်တီထွင်နိုင်စေရန် အတွက်သော်လည်းကောင်း လုပ်ကိုင်ဆောင်ရွက်တတ်ပြီး တစ်သမတ်တည်းသော တစ်မျိုးတစ်စားတည်းသော အသွင်သဏ္ဌာန် ရုပ်ပုံကို ကိုယ်စားပြုသူဖြစ်ပါသည်။

တတိယအနေဖြင့် နောက်လိုက်များ၏ အရေးပါမှုအခြေအနေကို စာရေးသူ၏ အမြင်သက်သက်ဖြင့် တင်ပြပါမည်။ ရေးသားထုတ်ဝေခဲ့ကြသည့် စာအုပ်၊ စာပေ၊ စာစောင်များတွင် နောက်လိုက်တို့၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အရေးပါမှုကို အလေးထားတင်ပြသူမှာ လွန်စွာနည်းပါးလှသည်ဟု ထင်မြင်ပါသည်။

စာရေးသူအနေနှင့်မူ နောက်လိုက်များ၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး အရေးပါမှုမှာ လွန်စွာ ကြီးမားလှသည်ဟု ထင်မြင်ပါသည်။

ဥပမာအားဖြင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေးစနစ်တွင် ဒီမိုကရေစီ၏ စံချိန် စံနှုန်းများ အနှစ်သာရများကို ဖြစ် ထွန်းပေါ်ပေါက်လာစေရန်နှင့် ထိန်းသိမ်းနိုင်စေရန်မှာ နောက်လိုက်များအပေါ်တွင် အဓိကမူတည်လျက် ရှိနေပါသည်။ အထက်တွင် တင်ပြခဲ့သည့် အကြောင်းအရာနှစ်ရပ်ကို အခြေခံပြီး စာဖတ်သူများအနေနှင့် ဆက်လက်လေ့လာရန် အကြံပြုတင်ပြအပ်ပါသည်။

သို့သော်လည်း အာဏာရှင်စနစ်ကို ကျင့်သုံးအကောင်အထည်ဖော်ဆောင်လျက်ရှိပြီး အာဏာရှင်ကြီးကလည်း ကောက်ကျစ် ယုတ်မာ ရက်စက်သူ၊ နောက်လိုက်များကလည်း ကောက်ကျစ်ယုတ်မာရက်စက်သူများ ဖြစ်နေပါက တိုင်းပြည် နိုင်ငံတော်ကြီးမှာ အမှောင်တကာ့ အမှောင်ဆုံး အခြေအနေသို့ ရောက်ရှိနေစေမည်ဖြစ်ပြီး ပြည်သူပြည်သား နိုင်ငံသားများ၏ အသက်ပေါင်း မြောက်မြားစွာသည်လည်း သတ် ဖြတ်ခံကြရ၊ အသက်ရှင်လျက်ရှိ သည့် ပြည်သူပြည်သား နိုင်ငံသားများသည်လည်း အသက် ဆက်လက် ရှင်သန်နေစေရန်အလို့ငှာ ဆင်းရဲ ဒုက္ခပင်ပန်းကြီးစွာ နေထိုင်ရုန်းကန် နေကြရမည်ဖြစ်ပါသည်။ ဖော်ပြပါအခြေအနေမျိုး ဖြစ်ထွန်းပေါ်ပေါက်နေပါက နောက်လိုက်များ၏ အခန်းကဏ္ဍသည်လည်း အရေးပါခြင်း မရှိနိုင်တော့ပါ။

နိဂုံးချုပ်အနေနှင့် တင်ပြလိုသည်မှာ တိုင်းပြည်ကို တည်ဆောက်ရာတွင်သော်လည်းကောင်း၊ နိုင်ငံကို တည်ဆောက်ရာတွင်သော်လည်းကောင်း၊ တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သား နိုင်ငံသားများ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာ အသက်ရှင်ရပ်တည်နိုင်စေရန်အတွက်သော်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ခေါင်းဆောင်၏ အခန်းကဏ္ဍနှင့် နောက်လိုက်တို့၏ အခန်းကဏ္ဍ နှစ်ပိုင်းတည်ရှိရာ နောက်လိုက်များ၏ အရေးပါပုံကို ထင်ရှားစွာ သိမြင်နိုင်ကြပါစေကြောင်းနှင့် မည်သည့်နိုင်ငံရေး စနစ်ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်သည်ဖြစ်စေ နောက်လိုက်များ၏ အခန်းကဏ္ဍအရေးပါပုံကို ပါဝင်ပတ်သက်သူအားလုံးတို့က သိမြင်နားလည် လက်ခံကြစေရန် အစွမ်းကုန် ကြိုးစားအားထုတ် ဆောင်ရွက်နိုင်ကြပါစေကြောင်း တင်ပြအပ်ပါသည်။ ထို့ပြင် နိုင်ငံရေးစနစ်များအား ရောထွေး ကျင့်သုံးခြင်းကို ရှောင်ရှားနိုင်ကြစေရန်နှင့် အဆင်ခြင်မဲ့ ရောထွေးကျင့်သုံးစေခဲ့ပါက ပြည်သူပြည်သား နိုင်ငံသားများ၏ အသက်ပေါင်း မြောက်မြားစွာ သေကျေပျက်စီးစေ ခြင်းများ ဖြစ်ပေါ်စေနိုင်သည်ဆိုသည့်အချက်ကိုလည်း တာဝန်ရှိသူ အားလုံးတို့က သိမြင်နားလည်စေရန် စတင်ကြိုးပမ်းလေ့လာနိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference:

1. Willian Shakespeare (1959), “Julius Caesar”, Edited by H. M. Hulme. မန်းတင် (မြန်မာပြန်), “ဂျူလိယက်ဆီဆာ”, UNITYစာအုပ်အမှတ်စဉ် (၄)။

Most Read

Most Recent