တောင်ကိုရီးယားနှင့် အမေရိကန်က ကျည်အစစ်များအသုံးပြုသည့် အကြီးစားပူးတွဲစစ်ရေးလေ့ကျင့်မှုများကို စတင်ပြုလုပ်

တောင်ကိုရီးယားနှင့် အမေရိကန်က ကျည်အစစ်များအသုံးပြုသည့် အကြီးစားပူးတွဲစစ်ရေးလေ့ကျင့်မှုများကို စတင်ပြုလုပ်
မေ ၂၅ ရက်က ပိုချွန်မြို့ရှိ စစ်ရေးလေ့ကျင့်ရေးကွင်းတွင် တောင်ကိုရီးယားနှင့် အမေရိကန်၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း တောင်ကိုရီးယား၏ စစ်ဘက်သုံးဒရုန်းများနှင့် တင့်ကားများကို တွေ့ရစဉ် (Photo – AFP)
မေ ၂၅ ရက်က ပိုချွန်မြို့ရှိ စစ်ရေးလေ့ကျင့်ရေးကွင်းတွင် တောင်ကိုရီးယားနှင့် အမေရိကန်၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း တောင်ကိုရီးယား၏ စစ်ဘက်သုံးဒရုန်းများနှင့် တင့်ကားများကို တွေ့ရစဉ် (Photo – AFP)
Published 26 May 2023
Ref: Reuters

တောင်ကိုရီးယားနှင့် အမေရိကန်တပ် ဖွဲ့များသည် ၎င်းတို့အကြား ကျည်အစစ်များ အသုံးပြုသည့် အကြီးဆုံး ပူးတွဲစစ်ရေးလေ့ ကျင့်မှုကို မေ ၂၅ ရက်က စတင်ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယား၏ ပြင်းထန်သည့် တိုက်ခိုက်မှုကို ပုံဖော်လေ့ကျင့်နေကြသည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနယ်စပ်အနီးရှိ ပိုချွန်မြို့တွင် ငါးရက်ကြာ ပြုလုပ်မည့် ယင်းစစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားနှင့် အမေရိကန်စစ်သားများ ၂၅၀၀ ခန့် ပါဝင်ပြီး တင့်ကားများ၊ ဟောင်ဝဇ္ဇာများနှင့် တိုက်လေယာဉ်များလည်း ပါဝင်သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းစစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုများနှင့် ပြင်းထန်သည့် တိုက်ခိုက်မှုကို တုံ့ပြန်ရန် မိမိတို့ စစ်တပ်၏ လုပ်နိုင်စွမ်းနှင့် အဆင်သင့်ဖြစ်မှုကို ပြသရာရောက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ၏ သတင်းတစ်ရပ်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ၎င်းတို့၏ ပထမဆုံး စစ်ဘက်သုုံး ကင်းထောက်ဂြိုဟ်တုလွှတ်တင်ရေးအတွက် အပြီးသတ်ပြင်ဆင်မှုများကို အတည်ပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။ ကင်က ယင်းဂြိုဟ်တုလွှတ်တင်မှုသည် အမေရိကန်နှင့် တောင်ကိုရီးယား တို့၏ ခြိမ်း ခြောက်မှုများကို တန်ပြန်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယင်းဂြိုဟ်တုသည် မြောက်ကိုရီးယား၏ ကင်းထောက်စွမ်းရည်ကို မြင့်တက်စေနိုင်ပြီး စစ်ပွဲဖြစ်ပွားသည့် အခြေအနေမျိုးတွင် ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ပိုမိုတိကျသေချာစွာ တိုက်ခိုက်နိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် မြောက်ကိုရီးယားက ၎င်းသည် စပိုင်ဂြိုဟ်တုတစ်လုံးတည်ဆောက်မှုအတွက် အရေးကြီးသည့် နောက်ဆုံးအဆင့်စမ်းသပ်မှုကို လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယင်းဂြိုဟ်တုကို ယခုနှစ် ဧပြီလတွင် အပြီးသတ်တည်ဆောက်သွားမည်ဟု ကြေညာခဲ့သည်။

မကြာသေးမီက အခကြေးငွေဖြင့်ရောင်းချသည့် ဂြိုဟ်တုဓာတ်ပုံထဲတွင် မြောက်ကိုရီးယား၏ ဂြိုဟ်တုလွှတ်တင်ရေးစခန်းရှိ ဒုံးလွှတ်စင်အသစ်တွင် တိုးတက်မှုများရှိနေသည်ကို ဖော်ပြခဲ့ပြီး ဂြိုဟ်တုလွှတ်တင်ရေးအတွက် ပြင်ဆင်နေခြင်းဖြစ်နိုင်သည့် လှုပ်ရှားမှုများကို တွေ့ရှိခဲ့သည်ဟု အမေရိကန် အခြေစိုက် လေ့လာစောင့်ကြည့်ရေးအဖွဲ့ 38 North က ပြောကြားခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတပ်ဖွဲ့များသည် သံတမန်ရေးရာ အားထုတ်ကြိုးပမ်းမှုများနှင့် COVID-19 ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကြောင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို အရှိန်လျှော့ချခဲ့ပြီးနောက် မကြာသေးမီလများအတွင်း အမေရိကန်၏ B-1B ဗုံးကြဲလေယာဉ်များပါဝင်သည့် လေကြောင်းနှင့် ရေကြောင်းလေ့ကျင့်မှုများအပါအဝင် ပူးတွဲလေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် ကျူးကျော်မှုအတွက် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ရှုမြင်ထားသည့် မြောက်ကိုရီးယားကမူ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဒေါသတကြီး တုံ့ပြန်ခဲ့သည်။

Most Read

Most Recent